သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမည်မည်းစာရင်း ပယ်ဖျက်ခြင်း နဲ့ ပြည်တော်ပြန်အရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရ ပယ်ဖျက်လိုက်တဲ့ အမည်မည်းစာရင်း နဲ့ ပြည်ပနိုင်ငံရေးသမားတချို့ ပြည်တော်ပြန်ကြတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့အခြေစိုက် အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွှန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဦးစိန်ဝင်း ကို ဗွီအိုအေမြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးစိန်ဝင်း ။ ။ ကျနော်တို့ အယူအဆက နအဖအစိုးရလက်ထက်။ နအဖအာဏာပိုင်တွေ လက်ထက်က ဒီအမည်မည်းစာရင်းကို ပြုစုခဲ့တာ။ အဲဒါကိုဖျက်တယ်။ National Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒါလုပ်ပေးတယ်ဆိုရင်တော့ ကောင်းတဲ့လုပ်ရပ် ကြိုဆိုကြရမှာပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ တွေ့ရတာကတော့ ၂၀၀၀ ပဲရှိသေးတယ်။ ကျန်တဲ့ ၄၀၀၀ က ကျန်သေးတယ်။ ဒီ ၄၀၀၀ ကိုလည်း မြန်မြန်ဖျက်ပြစ်ပေးဖို့။

ဦးသန်းလွင်ထွန်း ။ ။ ပထမဆုံးအနေနဲ့ ဒီစာရင်းမှာ ပယ်ဖျက်ပေးတဲ့ထဲမှာ ဦးစိန်ဝင်းရဲ့ နံမည်ပါ ပါလာပြီဆိုတော့ ဆရာအနေနဲ့ ပြန်ဖို့အစီအစဉ်ရှိပါသလား။

ဦးစိန်ဝင်း ။ ။ အခုတော့ အစီအစဉ်မရှိသေးဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဘယ်လိုအကြောင်းတွေကြောင့် အခုလက်တွေ့ အစီအစဉ်မရှိသေးတာလဲ။ အထူးသဖြင့် ဆရာတို့အနေနဲ့က အခုလောလောဆယ် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကို ပြန်လို့ရပါ့မလား။

ဦးစိန်ဝင်း ။ ။ အဲဒါကတော့ အစောကြီးကတည်းက ပြောပါတယ်။ ဟိုအရင်ကတည်းက တော်တော်ကြာကတည်းက ဒီအဖွဲ့ကိုဖျက်မယ်ဆိုတာကို ပြောထားတယ်။ ဖျက်ဖို့အတွက်ကလည်း ၁၉၉၀ ရွေးကောက်ပွဲကနေ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်အဖွဲ့နဲ့ စေ့စပ်နေတယ်။ စကားပြောနေတယ်။ ဒါက ဖျက်မှာပဲ။ ဖျက်ဖို့ကတော့ သေချာသလောက် ဖြစ်ပါတယ်။ အဲဒီတော့ ဒါကြီးကိုကိုင်ပြီး ပြန်ဖို့ဆိုတာကိုတော့ ကျနော်လည်း မမြင်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခု ပြန်သွားတဲ့ အခုအသုံးစကားနဲ့ပြောရင်တော့ ပြည်တော်ပြန်တွေ။ အပြင်ဖက်မှာ နိုင်ငံရေးတွေ ထင်ထင်ရှားရှား လုပ်ခဲ့တဲ့သူရှိသလို တခြားလှုပ်ရှားမှုအသီးသီးမှာ နေရာယူပြီးလုပ်ကိုင်ခဲ့သူတွေ ပြန်သွားကြတာ ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ကြားနေရတဲ့ တချို့သတင်းပုံသဏ္ဍာန်တွေအရဆိုရင် ပြီးခဲ့တဲ့ ၂၄ နှစ်တာကာလအတွင်း ဆုံးရှုံးခဲ့ရတာတွေ၊ ရှည်ကြာခဲ့ရတာတွေဟာ ပြည်ပမှာ နိုင်ငံရေးလုပ်ဆောင်ခဲ့တဲ့သူတွေရဲ့ ချို့ယွင်းမှုကြောင့် သဘောမျိုး ပြစ်တင်တဲ့ပုံစံမျိုးတွေ ကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာတို့ ဘယ်လိုတုံ့ပြန်ချင်သလဲ။

ဦးစိန်ဝင်း ။ ။ အဲဒါကိုတော့ ကျနော်အနေနဲ့ လုံးဝမှန်တယ်လို့တော့ ပြောလို့မရပါဘူး။ ပြည်တွင်းမှာ ပြည်တွင်းပြဿနာတွေ ရှိပါတယ်။ ဖိနှိပ်မှုတွေ ဘာတွေ။ ပြည်ပထက် အများကြီးဆိုးပါတယ်။ ဒါကို ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ပြည်ပမှာလည်း ပြည်ပပြဿနာတွေ အများကြီးရှိပါတယ်။ တချို့ဟာတွေက ပြင်လို့ရတယ်။ တချို့ဟာတွေက ပြင်လို့မရတဲ့ ပြဿနာတွေ အများကြီးနဲ့ ကြုံရပါတယ်။ ဒီဖက်က အခက်အခဲတွေရှိတယ်။ ပြည်တွင်းက expectation မျှော်လင့်ချက်နဲ့ မကိုက်တာတွေလည်း ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ လုံးဝမဟုတ်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ ပြင်ပကလုပ်တဲ့ဟာနဲ့ ပြည်တွင်းလုပ်တာနဲ့ ဆက်စပ်ပြီး သွားပေးကြရတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပြည်ပလှုပ်ရှားမှုရဲ့ အဓိကအခန်းကဏ္ဍက ဘာလို့ဆိုချင်သလဲ။

ဦးစိန်ဝင်း ။ ။ အဓိကအခန်းကဏ္ဍကတော့ ပြည်တွင်းနဲ့ပေါင်းပြီးတော့ - ပေါင်းတယ်ဆိုတာက ပြည်တွင်းကိုကြည့်ပြီးတော့ ပြည်တွင်းအသံတွေကို ပြည်ပမှာဖြန့်ချီပေးကြတယ်။ နိုင်ငံတကာမှာ ဗမာပြည်အကြောင်းကို ပို၍ပို၍သိအောင် အခုတော့ အကုန်လုံးသိပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရကတည်းက ပြန့်သွားပါပြီ။ သို့သော်လည်း ပိုပြီးတော့ တိတိကျကျသိအောင် ဖြန့်ပေးတယ်။ နောက်တခုကတော့ sanction – sanction ဖြစ်ပေါ်လာတယ်။ ပြည်ပရဲ့ တွန်းအားပေးမှုတွေလည်း အများကြီးပါပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာ မတရားအဖမ်းဆီးချခံထားရတဲ့ လွတ်မြောက်ရေးနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာတက်ရေးအပါအဝင် ပြည်ပက အော်ပေးခဲ့တာတွေရှိတာပေါ့။

ဦးစိန်ဝင်း ။ ။ အများကြီး ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ သတိထားမိတဲ့အချက်လေးတခုက ဘာလဲဆိုတော့ ပြည်တွင်းကိုပြန်သွားတဲ့ ပြည်ပက နိုင်ငံရေးပုဂ္ဂိုလ်တချို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရေး၊ မကြိုဆိုရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲတဲ့ အနေအထားမျိုးလေးတွေ မြင်ရပါတယ်။ ဒါက ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ပြင်ပမှာရှိနေတဲ့ လူတွေကို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ ရည်မှန်းချက်အတူတူ တခုခုကို ဆောင်ရွက်ခဲ့သူတွေအနေနဲ့ အသိအမှတ်မပြုဘူးဆိုတဲ့ သဘောလား။

ဦးစိန်ဝင်း ။ ။ အဲဒီလိုတော့ … ဒါကတော့ သူတို့ကို မေးမှပဲ သိမှာပေါ့။ တကယ်တမ်းကြတော့။ ကျနော်တို့အနေနဲ့ ဘာခေါ်မလဲ speculation ခန့်မှန်းရတာပေါ့။ ခန့်မှန်းရတာတော့ အဆက်အစပ်နည်းနေလို့ပဲ ဖြစ်မယ်။ ဒါက ကျနော်တို့ ခန့်မှန်းတာ။ တကယ်တော့ သူတို့ မေးကြည့်မှပဲ သိမှာပဲ။ ဒီ ပြည်တွင်းမှာရှိတဲ့ အဖွဲ့နဲ့ ပြည်ပမှာရှိတဲ့အဖွဲ့ ဆက်စပ်မှု၊ နားလည်းမှု၊ တည်ဆောက်မှု အားနည်းလို့ပဲ ဖြစ်မှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ထူးခြားတဲ့အချက်ကလေးတခုလည်း ကျနော် သတိထားမိတာ ရှိပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိရင် မကြာသေးခင်က ပြည်ပက ဝင်ရောက်သွားခဲ့တဲ့ ပြန်ဝင်ခွင့်ရတဲ့ အတိုက်အခံတွေထဲက အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ ကျနော် သိသလောက်တော့ ထင်ထင်ရှားရှား တွေ့ဆုံခဲ့တယ်ဆိုတာ မမြင်ရဘူး။ အပြင်မှာတော့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်။ အန်အယ်လ်ဒီရဲ့ လမ်းညွှန့်မှုကို ခံတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ကျနော်တို့ ကြားနေခဲ့ရပါတယ်။ ကြားခဲ့ရပြီး အခုနောက်ပိုင်း ပြန်ဝင်သွားတဲ့အခါကြတော့ ဒီလို တွေ့ဆုံမှု၊ ကြိုဆိုမှု၊ ညှိနှိုင်းမှုဆိုတာ မကြားရဘူးဆိုတော့ ဘာတွေများ ချို့ယွင်းနေလို့လဲ။

ဦးစိန်ဝင်း ။ ။ အဲဒါလည်း တိုက်ရိုက်မေးဖို့ ပိုလိုတာပေါ့။ ကျနော်ကတော့ ဘေးကနေ ထိုင်ပြီးတော့ ကြည့်တဲ့လူအနေနဲ့ အမှားလည်းရှိရင်ရှိမှာပေါ့။ ကျနော့်ရဲ့ opinion ပြောရုံပဲရှိတာပေါ့။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ထိပ်ဆုံးကနေ သူလုပ်နေတယ်။ လုပ်နေတဲ့အခါမှာ တိုင်းပြည်ရဲ့ မျက်နှာ၊ တိုင်းပြည်ကောင်းဖို့၊ ရေရှည်ရေတို သူက လုပ်နေတယ်။ ဒီအချိန်မှာ အမှားအယွင်းဆိုတာ အတော်ကြောက်စရာကောင်းတယ်။ ဒါကြောင့် သူအမှားအယွင်းကို နည်းနည်းရှောင်တဲ့အဆင့်လည်း ရှိမှာပေါ့။ တခါတလေကြတော့လည်း သူနဲ့တွေ့တဲ့လူတွေက တချိန်က ရှင်းရှင်းပြောရရင်တော့ ပါးစပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်လို့ ပြောတာပဲ။ လူတိုင်းပြောတာပဲ။ ဒါပေမဲ့လို့ အန်အယ်လ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည် က ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို ပြောင်းပြန်သွားကြတယ့်လူတွေ။ မှားတယ်လို့ မပြောဘူး။ ပြောင်းပြန်သွားတဲ့လူတွေ။ ကျနော်တို့က မင်းကလည်း ဒီပေါ်လစီပဲ၊ ငါက ဒီပေါ်လစီ။ တယောက်နဲ့တယောက်တော့ မတူဘူး။ အဲဒီတော့ မင်းလည်း မင်းပေါ်လစီနဲ့ပြော၊ ငါလည်းငါ့ပေါ်လစီနဲ့ ပြောမယ်ဆိုရင် ရှင်းတယ်။ မဟုတ်ဘဲ နှစ်ယောက်အတူ တွဲထွက်တယ် … ဘယ်လိုဖြစ်ကုန်ကြသလဲဆိုတဲ့ မေးခွန်းတွေက လာအုံးမယ်။ အဲဒီတော့ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်အကြောင်းလည်း ရှိမယ်။ ကျန်တဲ့အကြောင်းကတော့ တခါတလေမှာ သူက အကုန်လုံးနဲ့ တွေ့ဖို့မလွယ်တဲ့ကိစ္စတွေလည်း ရှိမယ် အမျိုးမျိုးပေါ့။ အဲဒီတော့ လူတွေက သူတို့အဖွဲ့ထဲက လူတယောက်၊ ပုဂ္ဂိုလ်တယောက်နဲ့ တွေ့တော့လည်း ပြီးတာပေါ့။ ဒေါ်စုနဲ့ တွေ့မှ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒါက ပြည်တွင်းဖြစ်တဲ့အချက်ပေါ့။ ပြည်ပကို ခရီးထွက်တဲ့အချိန်မှာဆိုရင်လည်း အထူးသဖြင့် ကျနော်တို့ တွေ့ရတာက အော်စလို၊ အင်္ဂလန် ခရီးစဉ်တွေမှာဆိုလို့ရှိရင်လည်း ဦးစိန်ဝင်း ကိုယ်တိုင်လည်း အဲဒီကို ရောက်တာကို ကျနော်တို့ ကြားသိရပါတယ်။ ဒါပေမဲ့ ဦးစိန်ဝင်းနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လူသိရှင်ကြားသိတယ်ဆိုတဲ့ သတင်းတော့ မတွေ့ရဘူးပါဘူး။ ဒါကရော ဘာအတွက်ကြောင့်ပါလဲ။ အထူးသဖြင့် ပြည်ပမှာရှိတဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ - အဲဒီအဖွဲ့နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာကို သေချာမပြောခဲ့ပေမယ့် ပြည်ပရောက် အမျိုးသားညွှန့်ပေါင်းအစိုးရက ပြည်တွင်းက အန်အယ်လ်ဒီရဲ့ လမ်းစဉ်ကို ထောက်ခံပြီး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းဆိုတာကို အားလုံးသိပါတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့အစည်း ပြည်ပရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ ရှိနေတဲ့ ပါဝင်နေတဲ့အဖွဲ့အစည်းအနေနဲ့ ဘာကြောင့်မို့ လူသိရှင်ကြား တွေ့ဆုံမှု မရှိခဲ့တာလဲ။

ဦးစိန်ဝင်း ။ ။ အဲဒါက ကျနော်တို့လည်း လူသိရှင်ကြား မတွေ့ချင်ဘူးဗျ။ ပွင့်ပွင့်လင်းလင်း ပြောရင်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒေါ်စုရဲ့ အခက်အခဲတွေကို သိပါတယ်။ သူက တော်တော်ခက်တဲ့ အလုပ်ကို လုပ်နေရပါတယ်။ ဆိုတော့ ဥပမာဆိုရင် အမျိုးသားညွှန့်ပေါင်းအစိုးရဟာ ဦးသိန်းစိန်က နောက်ဆက်တွဲ နအဖနဲ့က ထိပ်တိုက်ပါ။ ကျနော်တို့ တခါကြားဘူးတယ် အန်အယ်လ်ဒီနဲ့တော့ ပြောချင်ပြောမယ်။ အမျိုးသားညွှန့်ပေါင်းအစိုးရနဲ့ ဘယ်တော့မှ မပြောဘူးဆိုတဲ့ဟာမျိုး။ ဆိုတော့ ကျနော်တို့က နံပတ်တစ် ရန်သူလို မြင်လာတယ်။ သစ္စာဖောက်လို မြင်လာတယ်။ Treason ပေါ့။ အမျိုးမျိုးပေါ့။ ဒီဟာကို ဒီအရိပ်ကို ဒေါ်စုပေါ်မှာ မကျစေချင်ဘူး။ ကျနော်တို့ လုပ်တဲ့အလုပ်က ဒါတလုပ်ပေါ့။ ဒါလည်းပါပါတယ်။ ဒေါ်စုဖက်က တွေ့ခဲ့လို့ရှိရင်လည်း တဖက်ကတော့ အခုမှ နိုင်ငံခြားထွက်တာ။ နောက်ပြီးတော့ ဦးသိန်းစိန်တို့လို့ embassy တို့ဘာတို့တောင် ရှိတာမဟုတ်ဘူး။ အမှားတွေတော့ ရှိမှာပေါ့။ နောက်တခုက ဘာလဲဆိုတော့ သူက တယောက်နဲ့တွေ့ရင် နောက်တယောက်နဲ့ ဘာလို့မတွေ့သလဲဆိုတဲ့ မေးခွန်းတွေကလဲ အများကြီးရှိမှာ။ အဲဒါတွေ ဖြေဖို့အချိန်လည်း ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အပြင်ဖက်မှာရောက်နေတဲ့ အတွင်းက ဒေါ်စုနဲ့ ရင်းနှီးတဲ့လူတွေကလည်း အများကြီး။ အဲဒီတော့ တခါတလေတော့လဲ လူမသိဘဲ တွေ့တာပိုကောင်းသလိုပေါ့။ ရှင်းရှင်းလင်းလင်းပြောရင်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်ကတော့ အခု မကြာသေးခင်က ပြည်တွင်းကို ဝင်သွားတဲ့ တချိန်က အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့အဖွဲ့ဝင် ဒေါက်တာသောင်းထွန်းဆိုရင် ဆရာတို့ လက်ခံထားတဲ့ ဆုတံဆိပ်တချို့ကို ဒေါ်စုစုနွေး၊ ကိုမင်းကိုနိုင်တို့ဆီ လွှဲပြောင်းပေးအပ်ခဲ့တာ ကြားပါတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ယူပေးထားတဲ့ ဆုတံဆိပ်တွေလည်း ရှိနေပါသေးတယ်။ အဲဒီ ဆုတံဆိပ်တွေကို ဆရာတို့အနေနဲ့ သွားရောက်ပြီး လွှပြောင်းပေးအပ်ဖို့ အစီအစဉ်တွေ၊ ဘာတွေ ရှိပါသလား။

ဦးစိန်ဝင်း ။ ။ ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ကျနော်တို့လည်း သေချာအကြာကြီး မထိန်းသိမ်းချင်ဘူး။ ဒေါက်တာသောင်းထွန်း ပေးတာကတော့ ကျနော်တို့က ဝမ်းသာပါတယ်။ သို့သော်လည်းပဲ ဒေါက်တာသောင်းထွန်းက ကျနော်တို့ကို ပြောသင့်တယ်။ ကျနော် ဒါယူသွားမယ်၊ ကျနော် ဒါတွေပေးမယ်။ ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းတွေက သူ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ သွားယူတာ။ အဖွဲ့အစည်းကို ပြောဖို့။ သူက အဖွဲ့အစည်းအပြင် ရောက်သွားပေမယ့်လည်း အဲဒီအချိန်တုန်းက လုပ်တဲ့အလုပ်က အဖွဲ့အစည်းနဲ့ သွားလုပ်တဲ့အလုပ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါက အဖွဲ့အစည်းက လွှဲလိုက်တာ မဟုတ်ဘူးလား။

ဦးစိန်ဝင်း ။ ။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ သိတောင် မသိဘူးပေါ့ဗျာ။ နောက်ဆုံးတော့ အဲဒီသတင်းကို ကြားတော့မှ သိတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နောက် ကျန်ရှိနေသေးတဲ့ ဆုတံဆိပ်တွေကိစ္စ။

ဦးစိန်ဝင်း ။ ။ အဲဒါတော့ တချို့တွေ သူ့လက်ထဲမှာ ရှိမရှိတော့ ကျနော် မသိဘူး။ ကျနော်လက်ထဲမှာ ရှိတဲ့ဟာကတော့ ရှိတာပေါ့။ ကျနော်ကိုယ်တိုင် သွားယူတယ်။ တချို့ဟာတွေတော့ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာအနေနဲ့ မကြာခင် အနာဂတ်မှာ တကယ်လို့များ မြန်မာပြည် ပြန်ခဲ့တဲ့ဆိုရှိရင် လူထုရဲ့ တုံ့ပြန့်မှုက ဘယ်လိုရှိမယ်လို့ ထင်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ အခုအနေအထားကနေ ပြောဖို့တော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်ကတော့ ကျနော့် လိပ်ပြာ ကျနော်သန့်တယ်။ ကောင်းတဲ့ဟာ ကျနော်လုပ်တာ။ မှန်တဲ့ဟာ လုပ်တယ်။ မှန်တယ်ထင်တဲ့ဟာ လုပ်တယ်။ လူထုအတွက် ကျနော်တို့ လုပ်တယ်။ တိုင်းရင်းသား အကုန်လုံးအတွက် ကျနော်တို့ တတ်နိုင်သမျှလုပ်တယ်။ အဲဒီအတွက် ကျနော်ကတော့ လိပ်ပြာသန့်ပါတယ်။ နောက်ဆက်လုပ်သွားမယ်ဆိုရင်လည်း အဲဒီလိုပဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်သွားနိုင်တဲ့ဟာ လုပ်သွားရင်တော့ ကောင်းတာပေါ့ဗျာ။

ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိနေတဲ့ အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဦးစိန်ဝင်း ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG