သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မျက်က ရတဲ့ အခွန်ငွေအားလုံးကို စိစစ်သင့်


Jade: Myanmar's "Big State Secret"
ကျောက်စိမ်း- မြန်မာနိုင်ငံ၏ ကြီးမားသည့်နိုင်ငံတော် လျှို့ဝှက်ချက်- Global Witness
Jade: Myanmar's "Big State Secret" ကျောက်စိမ်း- မြန်မာနိုင်ငံ၏ ကြီးမားသည့်နိုင်ငံတော် လျှို့ဝှက်ချက်- Global Witness

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းတခုလုံးက ရနေတဲ့ တိုင်းပြည်ဘဏ္ဍာ အခွန်ငွေ ဒေါ်လာဘီလီယံပေါင်း များစွာကို ပွင့်လင်းမြင်သာမှုဖြစ်အောင် စစ်ဆေးသင့်ကြောင်း ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ကြီး ကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ရံပုံငွေ အမေရိကန်ဒေါ်လာသန်း (၈၀) ကျော်နဲ့ပတ်သက်လို့ အသင်းချုပ်ရဲ့ တာဝန်ရှိသူတွေနဲ့ အရင်အစိုးရအဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဂတိ လိုက်စား ခဲ့ကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်ပေါင်း (၂၄)ဦး လက်မှတ်ရေးထိုးပြီး ပြည်သူလွှတ်တော် ဥပဒေရေးရာသုံးသပ်ရေးကော်မရှင်ကို တိုင်ကြားစာပေးပို့ခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီးပြောပြမှာပါ။

ဒီတိုင်ကြားစာနဲ့ပတ်သက်လို့ တိုင်ကြားသူ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေ ဘက်ကရော တိုင်ကြားခံရတဲ့ အရင်အစိုးရအဖွဲ့ဝင်တွေဘက် ကရော နှစ်ဘက် သတင်းစာ ရှင်းလင်းပွဲ အသီးသီးကို မနေ့ ကြာသာပတေးနေ့က သီးခြားစီ ပြုလုပ်ခဲ့ပါတယ်။

အသင်းဥက္ကဌ ဦးရုံးမူကနေ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီး ဦးစိုးသိန်း တို့ကို ပေးအပ်ငွေအပါအဝင် အခြားခေါင်းစဉ်ပေါင်း (၁၀)ခုပြပြီး ရံပုံငွေ ထဲကနေ အများသဘောဆန္ဒ မခံယူပဲ သုံးခဲ့ကြောင်း တိုင်ကြားသူ လုပ်ငန်းရှင်တွေ ကိုယ်စား ကျော်သစ္စာကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်ဦးက ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောသွားပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒီတိုင်ကြားချက်ဟာ သမ္မတဟောင်း ဦးသိန်းစိန်ကို လုပ်ကြံစွပ်စွဲတာသာဖြစ်ပြီး နိုင်ငံရေး ကစားကွက် တခုဖြစ်တယ်လို့ အရင်သတ္တုတွင်း ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က တုန့်ပြန်ချေပခဲ့ပါတယ်။

အစွပ်စွဲခံရသူတွေရဲ့ သတင်းစာရှင်းလင်းပွဲ
အစွပ်စွဲခံရသူတွေရဲ့ သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရံပုံငွေအဖြစ် ၂၀၀၉ခုနှစ်က ၂၀၁၆ခုနှစ်ထိ ကျောက်မျက် အရောင်းပြပွဲတွေ က ရောင်းရငွေထဲကနေ လုပ်ငန်းရှင်တွေက (၁%)အခွန်ငွေပေးဆောင်နေကြ တာဖြစ်ပါတယ်။ အခုလို အခွန်ငွေ (၁%)လောက် ကောက်ခံပြီးသုံးစွဲတဲ့ကိစ္စမှာတင် ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ကျောက်မျက်လုပ်ငန်းတခုလုံး ကနေရတဲ့ အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ဘယ်ကိုရောက်နေလဲ ဆိုတာ မေးခွန်းထုတ် စရာဖြစ်နေပြီးလို့ ၂၀၁၄ခုနှစ် မြန်မာ့ကျောက်စိမ်းတူးဖော်ရေး လျှို့ဝှက်ချက် အစီရင်ခံစာ ရေးသားထုတ်ပြန်နေတဲ့ Global Witness အဖွဲ့ကြီးရဲ့ သုတေသီ Juman Kubbau က ဗွီအိုအေကိုပြောပါတယ်။

"ဒီပြဿနာတခုလုံးဟာ ကျောက်မျက်လုပ်ငန်းနဲ့ပတ်သက်ရင် သတင်း အချက်အလက်တွေအများကြီးသိဖို့ လိုအပ်နေသေးတာ၊ ထင်သာမြင်သာမှု မရှိဘူး ဆိုတာတွေ ကို ပြသနေပါတယ်။ ကျောက်မျက်ပြပွဲရောင်းရငွေထဲက ရံပုံငွေအဖြစ် (၁%)အခွန် ကောက်တဲ့ဲကိစ္စမှာတောင် ဒီငွေတွေ ဘယ်ရောက်သွားလဲ ဆိုတာ မေးခွန်းထုတ်နေရပါတယ်။ နောက် (၁%)ဆိုတာကလည်း အခွန် ရာခိုင်နှုန်း အများကြီးပေးဆောင်နေရတဲ့အထဲက တကယ့်ကိုနည်းတဲ့ ပမာဏပါပဲ။ ဒီတော့ ကျောက်စိမ်းအပါအဝင် ကျောက်မျက်ရတနာတွေကို ရောင်းချရာကနေ ရနေတဲ့ အခွန်ငွေအများကြီးဟာ ဘယ်ရောက်သွားလဲ။ ဒီအခွန်ငွေတွေအားလုံးဟာ အစိုးရဆီကိုပဲသွားသင့်တာပါ။ အဲတော့ ကျောက်မျက်တူးဖေါ်တဲ့အခွန်ငွေ (၂၀%) ရမယ်၊ နောက် ကျောက်မျက်ရောင်းချခ အခွန်ငွေ (၁၀%)ရမယ်၊ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းအသင်းကလဲ သူတို့ရဲ့ ကျောက်မျက်တူးဖေါ်ရေးလုပ်ငန်းတွေကနေ အစိုးရကို အခွန်ငွေ (၄၀%)ပေးရတယ်။ ဒီလောက်များတဲ့ အခွန်ငွေတွေ ဘယ်ရောက်သွားလဲ။

ဒီနှစ်ဇန်နဝါရီလမှာထုတ်ပြန်တဲ့ သယံဇာတ ထုတ်ဝေမှု ပွင့်လင်းမြင်သာရေးအဖွဲ့ (EITI) အစီရင်ခံစာမှာလည်း ဒီကျောက်မျက်လုပ်ငန်းကရတဲ့အခွန်ငွေတွေနဲ့ ပတ်သက်ပြီး အခြားဘဏ်စာရင်းအကောင့်တခုရှိနေပြီး ဒီအကောင့်ဟာ အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာနဲ့ပတ်သက်လို့ မေးခွန်းထုတ်ထားပါတယ်။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းတခုလုံးနဲ့ပတ်သက်ပြီး အများပြည်သူသိအောင် ပွင့်ပွင့်လင်းလင်းစစ်ဆေးဖို့ လိုအပ်နေတယ်လို့ Juman Kubba ကဆိုပါတယ်။

ဒါအပြင် မေလ ဒုတိယပတ်က အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ SDN ပိတ်ဆို့ဒဏ်ခတ်တဲ့စာရင်းကနေ ပယ်ဖျက်လိုက်တဲ့မြန်မာအစိုးရပိုင် လုပ်ငန်းဌာနကြီး ၇ ခုထဲမှာ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းလည်းပါဝင်နေတာဟာ အချိန်မကျသေးကြောင်းသူကပြောပါတယ်။

"အရင်က မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းအပါအဝင် ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အတော်များများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့တာပါ။ ဒီကျောက်စိမ်းလုပ်ငန်းမှာ အဓိကရင်းနှီးမြှုပ်နှံ ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်က ပိတ်ဆို့အရေးယူမှု စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒီအပေါ်မှာ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီလုပ်ငန်းကြီးကိုပြန်ပြီးပြုပြင်ဖို့ အချိန်အတော်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြေခံအချက်တွေဖြစ်တဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းအနေနဲ့ ထင်သာမြင်သာရှိဖို့၊ အများပြည်သူသိအောင် သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးဖို့ စတာတွေကို ဆောင်ရွက်ခြင်းမရှိသေးပဲနဲ့ အမေရိကန်က ပိတ်ဆို့မှုစာရင်းကနေ ဘာကြောင့် ရုပ်သိမ်းလိုက်သလဲ။ ဒါက ပြသနာရှိပါတယ်။"

ဒါပေမဲ့လည်း အမေရိကန်က သူတို့ရဲ့တဦးချင်းပေါ်ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ဆက်ပြီးရှိနေသေးတာကြောင့် ဒီအချက်ကို အသုံးချပြီး ကျောက်စိမ်း တူးဖေါ်ရေးလုပ်ငန်း ပြုပြင်ပြောင်းလဲလာအောင် အထောက်အကူပြုဖို့ ကြိုးစားသင့်ကြောင်း Juman Kubba ကပြောပါတယ်။

ကျောက်မျက်ရတနာလုပ်ငန်းမှာ အရင်စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ခရိုနီလုပ်ငန်းရှင်တွေ၊ မူးယစ်ရာဇာတွေ အားလုံးပတ်သက်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ရင် အခြေခံသိသင့်သိထိုက်တဲ့အချက်အလက်တွေကိုတောင် လျှို့ဝှက်ထားတဲ့အတွက် NLD အစိုးရသစ်အနေနဲ့လည်း ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အခက်အခဲတွေ ရှိနေမှာဖြစ်တယ်လို့လည်း Juman Kubba ကသုံးသပ်ပါတယ်။

ဒါကြောင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကိုယ်တိုင် ခြေအနေတွေကို ပွင့်ပွင့်လင်းလင်းချပြပြီးသူတို့ကိုယ်တိုင်တာဝန်ယူဖြေရှင်းခြင်းအားဖြင့် NLD အစိုးရသစ်ကို ပံပိုးကူညီရာ ရောက်မှာဖြစ်ကြောင်း Juman Kubba ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG