သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်နဲ့ တန်းဖိုးနည်းအိမ်ယာ စီမံချက်


(Photo: MOI)
(Photo: MOI)

ရန်ကုန်နဲ့ မန္တလေးမြို့တွေကို အဓိကထားပြီး တန်ဖိုးနည်းအိမ်ယာတွေ ဖော်ထုတ် ရောင်းချသွားမယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ လူလတ်တန်းစားတွေ၊ အခြေခံ လူတန်းစားတွေ ဝယ်ယူ ပိုင်ဆိုင်နိုင်ရေးအတွက် တန်ဖိုးနည်း အိမ်ယာတွေကို အရစ်ကျ ဝယ်ယူနိုင်မယ့် စနစ်မျိုး ဖော်ဆောင်ပေးဖို့ လိုအပ်သလို လမ်းပန်းဆက်သွယ်ရေး လွယ်ကူဖို့ကလည်း အရေးကြီးတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ပြပါတယ်။

အစိုးရက တန်ဖိုးနည်းအိမ်ယာတွေ ဖော်ထုတ်မယ်ဆိုတဲ့အတွက် အိမ်ခြံမြေလုပ်ငန်းအပေါ်မှာရော ဘယ်လောက် ရိုက်ခတ်မှု ရှိနိုင်မလဲ ဆိုတာကို မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေကို အဓိကထားပြီး ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ယာတွေကို တည်ဆောက်သွားမယ်လို့ ပြောဆိုလိုက်ပါ တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း အစီအစဉ်တွေကို ပြောဆိုတာမှာ အခုလို ထည့်သွင်း ပြောဆိုသွားပါတယ်။

“အဆောက်အဦးဌာနကို ကျနော် တာဝန်ပေးထားတာကတော့ အားလုံး စိတ်ဝင်စားနေတဲ့ တန်ဖိုးနည်း အိမ်ဆောက်ဖို့ပဲ။ ကျနော်တို့ မြို့ပြအိမ်ယာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါကိုလည်း ကျနော်တို့ ရန်ကုန်၊ မန္တလေးကတော့ ကျနော်တို့ ဦးစားပေးပြီး ဆောင်ရွက်သွားမှာပေါ့နော်။”

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ရဲ့ ပြောကြားချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လူနေထူထပ်ပြီး အများစုက အိမ်ငှားအဖြစ် နေထိုင်နေကြရတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးရှိတဲ့ တန်ဖိုးနည်း အိမ်ယာတွေ ဖော်ထုတ်တာမှာ လိုအပ်ချက်ကို ပြည့်မီဖို့ကလည်း အရေးကြီးတယ်လို့ မဏ္ဍိုင်အိမ်ခြံမြေလုပ်ငန်းက ဦးသန်းဦးက ထောက်ပြပါတယ်။

“ကျနော်တို့ အိမ်ယာတွေနဲ့ ပတ်သက်ပြီးတော့ ဒါ များများတော့ ဆောက်ပေးဖို့ လိုပါတယ်။ တန်ဖိုးနည်းဆိုတဲ့ နေရာမှာကတော့ ၁၀၀ ပတ်လည် တန်ဖိုးဆိုတာကတော့ လူလတ်တန်းစားတွေကတော့ ဝယ်နိုင်တဲ့ အနေအထားရှိပါတယ်။ လစာကလည်း ထိုက်သင့်တဲ့ အနေအထား ရတဲ့သူတွေကတော့ တတ်နိုင်ပါတယ်။ သို့သော်လည်းပဲ အခြေခံ လက်လုပ်လက်စားတွေကတော့ ၁၀၀ ဆိုလည်း လက်လှမ်းမမီသေးပါဘူး။ ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ ပြောတာကတော့ လူတန်းစားနဲ့ အလွှာအလိုက်ကို အိမ်ယာတွေကို ဖော်ဆောင်ပေးဖို့ လိုတယ်ဆိုတာက တန်ဖိုးနည်း အငှား အိမ်ယာတွေကို လူလတ်တန်းစားတွေအတွက် နောက်တခုက ဝန်ထမ်းတွေအတွက်။ ဝန်ထမ်းဆိုတဲ့နေရာမှာ အစိုးရဝန်ထမ်းရော၊ ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းတွေရော၊ ဝန်ထမ်းတွေအတွက်။ ဒီနေရာမှာ ချက်ခြင်းကြီး Down payment ကတော့ မဖြစ်နိုင်ဘူး။ အရစ်ကျ၊ အရစ်ကျတောင်မှ ၂ နှစ်၊ ၃ နှစ်နဲ့ မဖြစ်နိုင်ဘူး။ ၁၀ နှစ်လောက်ကို အဆင့်ဆင့် ပေးနိုင်မှ သူတို့အနေနဲ့ ပိုင်ဆိုင်နိုင်မယ့် အနေအထားရှိမယ်။ နို့မို့ဆိုရင်တော့ ဒီ အိမ်ယာလိုအပ်ချက် သံသရာထဲမှာပဲ ရုန်းမထွက်နိုင်မယ့် အနေအထား ရှိလိမ့်မယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ဒါ့အပြင် တန်ဖိုးနည်းအိမ်ယာတွေဟာ လူလတ်တန်းစားတွေသာမက အခြေခံ လူတန်းစားတွေပါ နေထိုင်နိုင်ဖို့အတွက် အရစ်ကျ ငွေပေးချေတဲ့ စနစ်မျိုးလည်း လိုအပ်သလို အလုပ်အကိုင်တွေနဲ့ လက်လှမ်းမီရာ မြို့တွင်းနဲ့ သိပ်ပြီး မဝေးဖို့ကလည်း အရေးကြီးတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင် ဦးသန်းဦးက ထောက်ပြပါတယ်။

“တန်ဖိုးအနေအထားပေါ် မူတည်ပြီးတော့မှပဲ location ကို စဉ်းစားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ တခုရှိတာက တန်ဖိုးနည်းလို့ပြောပြီးတော့ တကယ့်ကို လူသူမရောက်နိုင်တဲ့ နေရာမျိုးတွေမှာ ဆိုရင်တော့လည်း ဒါ အဓိပ္ပါယ်မရှိဘူးပေါ့။ ဥပမာ - လှိုင်သာယာတို့၊ ရွှေလင်ပန်းတို့ဆိုတာက ဒါ စက်မှုလုပ်ငန်းတွေ ရှိတဲ့အတွက်ကြောင့်မို့ စက်ရုံလုပ်သားတွေအတွက် ဒါ တန်ဖိုးနည်းအိမ်ယာဆိုတာ သဘာဝကျပါတယ်။ အငြိမ်းစားဝန်ထမ်းတွေအတွက်ကလည်း မဟာဗန္ဓုလအိမ်ယာလို အမှတ် ၂ လမ်းမကြီးနဲ့ မဟာဝိဇရလမ်းဒေါင့်က အိမ်ယာမျိုးတွေ၊ ဒါတောင်မှ ဒါ တော်တော် ဝေးတယ်လို့ ပြောရမယ်။ တချို့ မှီခိုပြီးတော့ နေတဲ့သူတွေအတွက် ရန်ကုန်မြို့လယ်ခေါင်ကို လာပြီးတော့ အလုပ်ဆင်းဖို့ဆိုတာက တော်တော်ကို ခက်ပါတယ်။ ပြောချင်တာကတော့ အထပ်မြင့်ခေါ်တဲ့ တန်ဖိုးမြင့်တွေကိုလည်း ဆောက်ပါ။ ကွန်ဒိုတွေလည်း ဆောက်ပါ။ နောက် အစိုးရပိုင်မြေတွေမှာ ငွေကြေးရရှိရေး တခုတည်းကို မကြည့်ဘဲနဲ့ လူတန်းစားအလွှာအလိုက်ပေါ့ လိုအပ်တဲ့ အိမ်ယာလေးတွေကိုလည်း ဖော်ဆောင်ပေးမယ်ဆိုရင်တော့ ဒါ ကောင်းသွားနိုင်မယ့်သဘော ရှိတယ်လို့ ကျနော် မြင်ပါတယ်။”

လတ်တလော ရက် ၁၀၀ အတွင်းမှာတော့ ပြီးလု ပြီးခင် တန်ဖိုးနည်း အိမ်ယာ အခန်းပေါင်း ၂,၂၀၀ ခန့်ကိုလည်း ရောင်းချပေးသွားဖို့ လုပ်ဆောင်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုသွားပါတယ်။ ဒါပေမဲ့ ဘယ်လိုစနစ်မျိုးနဲ့ ဘယ်သူတွေကို ရောင်းချပေးသွားမလဲ ဆိုတဲ့ အသေးစိတ်တော့ မသိရသေးပါဘူး။ အစိုးရသစ်လက်ထက် ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ တန်ဖိုးနည်း အိမ်ယာတွေ ဖော်ထုတ်မယ်ဆိုတာမှာ အဓိက အချက်အချာ မြို့နယ်တွေမှာရှိတဲ့ တန်ဖိုးကြီး အိမ်ခြံမြေဈေးတွေကတော့ ထိုးကျစရာ အကြောင်းမရှိသေးဘူးလို့လည်း အိမ်ခြံမြေ လုပ်ငန်းရှင်တွေက ခန့်မှန်းပါတယ်။ လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်း အတက်အကျ ငြိမ်နေပေမဲ့ မြို့စွန်တွေက မြေကွက်တွေကတော့ ဈေးကျနေတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

XS
SM
MD
LG