သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ဒေသတွင်းမှာ ရိုက်ခတ်လာနိုင်


မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပြည်တွင်းရေးကိစ္စသက်သက်ဖြစ်ပေမယ့် ဒေသတွင်းမှာလည်း ရိုက်ခတ်လာနိုင်တဲ့ကိစ္စ ဖြစ်တာမို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အနေနဲ့ ဘယ်လို ကူညီနိုင်မယ်ဆိုတာ စိတ်ဝင်စားပါတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က စီစဉ်တဲ့ ဆွေးနွေးပွဲတခုအတွင်းမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က အဲဒီလိုပြောသွားတာပါ။ မြန်မာ့ရွေးကောက်ပွဲအပေါ် အင်ဒိုနီးရှားရဲ့ သဘောထားအပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါဟာ တခြားအကြောင်းအရာ အစုံအလင်ကြားထဲမှာမှ မြန်မာ့နိုင်ငံရေးကိစ္စ တွေအပေါ် သဘောထားအမြင်တွေကိုလည်း အတော်လေး ရှည်ရှည်ဝေးဝေး ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပတာဟာ ပြည်တွင်းရေးကိစ္စသက်သက် ဖြစ်တယ်ဆိုတာကို သူက အလေးထားပြောဆိုခဲ့ပေမဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကိစ္စဟာ ဒေသတွင်းမှာလည်း ရိုက်ခတ်တယ်ဆိုတာကို သူက ထောက်ပြသွားပါတယ်။

“ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး၊ ပြည်တွင်းရေးကိစ္စဖြစ်ပြီး တခြားအဓိပ္ပါယ်မပါဘူး ဆိုတာ ကျနော် အလေးအနက်ပြောချင်ပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ ဒီကိစ္စဟာ ဒေသတွင်းမှာ သက်ရောက်မှုရှိနေပါတယ်။ ကျနော်တို့ဟာ အာဆီယံရဲ့ မိသားစု အဖွဲ့ဝင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဘယ်လိုမျိုး အထောက်အကူပြုနိုင်မယ်ဆိုတာသိရဖို့ အထူးစိတ်ဝင်စားပါတယ်။”

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် မကြာခနဆိုသလို ပွင့်ပွင့်လင်းလင်း ပြောဆို ဝေဖန်လေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က စစ်အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံအဖြစ်ကို တဆင့်ချင်း အသွင်ပြောင်းယူခဲ့တဲ့ နိုင်ငံဖြစ်တာမို့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေအပေါ် စာနာ နားလည်စိတ်နဲ့ ကြည့်မြင်ဖို့ ကြိုးစားတဲ့ပုံလည်းရှိပါတယ်။

တပြိုင်နက်ထဲမှာပဲ မြန်မာနိုင်ငံမှာ ဒီကနေ့ဖြစ်ပျက်နေတာတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ထပ်တူမကျတာတွေ၊ မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အနောက်နိုင်ငံတွေက ပြစ်တင် ဝေဖန်နေတာတွေကလည်း ရှိနေတာမို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သတိထားပြီး တုန့်ပြန် ပြောဆိုခဲ့ပုံရပါတယ်။

ဒါကြောင့်လည်း သူတို့က ဘယ်လိုဖြစ်ချင်ပါတယ်ဆိုတာမျိုး တည့်တိုး ပြောဆိုတာမျိုးမလုပ်ဘဲ မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့ကိုယ်တိုင်ပေးထားခဲ့ဖူးတဲ့ ကတိကဝတ်တွေကို လိုက်နာ စောင့်ထိန်းဖို့လောက်ကိုပဲ ထိန်းထိန်းသိမ်းသိမ်း ပြောသွားခဲ့ပါ တယ်။

“ကျနော်တို့အားလုံး အာရုံစိုက်နေခဲ့တာ၊ အားပေးတိုက်တွန်းနေခဲ့တာ၊ နောက်ဆုံးပြောရရင် မျှော်လင့်နေခဲ့တာက တော့ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေ ကျင်းပပါ့မယ်လို့ သူတို့ကိုယ်တိုင် ပေးထားတဲ့ ကတိကဝတ်တွေကို မြန်မာအာဏာပိုင်တွေက လိုက်နာ စောင့်ထိန်းဖို့ပါပဲ။ အဲဒါတွေဟာ မြန်မာအာဏာပိုင်တွေက လိုက်နာပါမယ်လို့ ထပ်ခါတလဲလဲ ပြောထားခဲ့ဖူးတဲ့ စံနှုန်းသတ်မှတ်ချက်တွေဖြစ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ထောက်ပြသွားပေမဲ့လည်း ရွေးကောက်ပွဲအတွက် မြန်မာအာဏာပိုင်တွေ ပြင်ဆင် လုပ်ကိုင်နေတဲ့ လက်ရှိ အခြေအနေအရပ်ရပ်က လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အလှမ်းဝေးနေတယ်ဆိုတာ ပြည်တွင်း ပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ နောက်ဆုံး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေသူတွေ ကိုယ်တိုင်က ဝေဖန် ပြောဆိုနေကြတာပါ။

မစ္စတာနာတာလီဂါဝါကတော့ မြန်မာအာဏာပိုင်တွေပေးထားတဲ့ အဲဒီကတိကဝတ်တွေကို ရွေးကောက်ပွဲတွေက မှန်မှန်ကန်ကန် ထင်ဟပ်တယ်ဆိုတာ သေချာစေဖို့ မိမိတို့ အထူးစိတ်ဝင်စားပါတယ်လို့ဆိုပါတယ်။ ဒီရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး ကြည့်မြင် တဲ့လူအပေါ် မူတည်တဲ့အကြောင်းနဲ့ ဖန်ခွက်ထဲမှာ ရေတဝက်ပဲရှိတယ်လို့ မြင်တာရှိသလို၊ ရေတဝက်ပြည့်နေတာပဲဆိုပြီး မြင်တာ လည်းရှိမယ်လို့ ခန့်မှန်းမိကြောင်း သူကပြောပါတယ်။

သူတို့အနေနဲ့တော့ ဒီရွေးကောက်ပွဲတွေအပါအဝင် တခြား ဖြစ်ပေါ်တိုးတက် မှုတွေကနေ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်စေရေး သေချာစေဖို့ အခုအချိန်ကနေ နိုဝင်ဘာလအထိ ကြားကာလအတွင်း မိမိတို့ အခွင့်ကောင်း ရယူ နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောသွားပါတယ်။

ရှေ့သီတင်းပတ်သောကြာနေ့ဆိုရင် နယူးယောက်မြို့မှာ အမေရိကန်သမ္မတ ဘရက် အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံအရေးကိစ္စဟာ အဲဒီအစည်းအဝေးရဲ့ တရားဝင်အစီအစဉ်ထဲမှာ မပါဝင်ပေမယ့် သီးခြား ပြောဆို ဆွေးနွေးဖွယ် ရှိလာနိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ပြောသွားပါတယ်။

XS
SM
MD
LG