သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် နိုင်ငံအတွက် အန္တရာယ်


ဒီကနေ့ ဇွန်လ ၄ ရက်နေ့ အယ်လ်ဂျာဇီးယား ရုပ်သံကနေ ထုတ်လွှင့်ပြသသွားတဲ့ မြန်မာစစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း သတင်းမှတ်တမ်းကို မြန်မာပြည်မှာ အတော်လေး စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြသလို ဒီသတင်းဟာလည်း လူထုအကြားမှာ အပြောများဆုံး သတင်းတပုဒ် ဖြစ်နေပါတယ်။ မြန်မာပြည်မှာ အခုလို နျူကလီးယား လက်နှက်ဆိုင်ရာ ထုတ်လုပ်ဖို့ ကြိုးပမ်းချက်တွေဟာ အမှန်တကယ်သာ ဖြစ်နေခဲ့ပြီဆိုရင် အတော်လေး အန္တရာယ်ကြီးတဲ့ နိုင်ငံတခု ဖြစ်လာမယ်လို့လည်း သုံးသပ်ကြတာတွေ ရှိပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

အယ်လ်ဂျာဇီးယား ရုပ်သံကနေ ဒီကနေ့ ပြသခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ လျို့ဝှက် နျူကလီးယား စီမံကိန်း အကြောင်း သတင်းမှတ်တမ်းကို ကြည့်ဖို့ မြန်မာလူထု အချင်းချင်းကြား တယ်လီဖုန်းတွေနဲ့ လှမ်းသတိပေးတာမျိူးတွေ၊ မီးမလာရင်တောင်မှ မီးစက်မောင်းပြီး တီဗွီဖွင့် စောင့်ကြည့်တာမျိူးတွေနဲ့အတူ အယ်လ်ဂျာဇီးယား ရုပ်သံက လိုင်းရှိတဲ့အိမ်တွေမှာ သွားရောက် စောင့်ကြည့်တာမျိူးတွေထိ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

တခါ ဒီသတင်းဟာ လူထုကြားမှာ လူပြောများတဲ့ သတင်းတပုဒ်ဖြစ်နေပြီး ဒီအခြေအနေတွေနောက်မှာ ဘယ်လိုပြဿနာတွေ ဖြစ်လာမလဲ၊ နိုင်ငံရေးဆိုင်ရာ ပြဿနာတွေအပေါ်မှာပါ စိုးရိမ်ပူပန်မှုတွေနဲ့ ပြောဆိုနေကြပါတယ်။ အရင်က နော်ေ၀ အခြေစိုက် DVB သတင်းဌာနက မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နှက် ထုတ်လုပ်ဖို့ အစီအစဉ် ရှိနေတယ်ဆိုတဲ့ သတင်းမှတ်တမ်းတိုမျိူး ပြသတာရှိပေမဲ့ အခုလို မှတ်တမ်းရှည်တခု ထွက်လာတာကတော့ ဒါ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဒီသတင်းမှတ်တမ်းကို ကြည့်လိုက်ရတဲ့ ပြည်တွင်းသတင်းသမား တဦးကတော့ သတင်းအရင်းအမြစ်က တခုထဲကဖြစ်နေသေးမို့ အားနည်းနေတယ်လို့ သုံးသပ်နိုင်ပေမဲ့ မြန်မာလူထုကြားမှာ ဒီသတင်းဟာ အတော်လေး လက်ခံနေပြီ ဖြစ်တဲ့ သတင်းတပုဒ် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကတော့ တခုတော့ ရှိတာပေါ့ဗျာ။ ဒီဟာက ဘယ်လောက် ခိုင်ခိုင်မာမာလဲ။ ရရှိထားတဲ့သတင်းက ဘယ်လောက် မှန်မလဲ။ ဘယ်လောက် ခိုင်မာမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ အစောပိုင်းကလဲ ဒီလိုသတင်းလေးတွေက ပြတ်တောင်းပြတ်တောင်း မကြာခဏ ကြားနေရတယ်။ တီဗွီမှာလဲ တွေ့နေရတာပါပဲ။ အခုဟာကတော့ တကယ့်ကို ပိုပြီးတော့ ပြည့်စုံတဲ့ report တခုကို ရတယ်လို့တော့ ပြောနိုင်တာပေါ့လေ။ သို့သော်လဲ ဒီလို မြန်မာပြည်သူလူထု အကြားမှာတော့ ဒီ နျူကလီးယားကိစ္စက ပြောနေကြတာ ကြာပါပြီ။ ဒါပေမဲ့ တယောက်နဲ့တယောက် သတင်းဖလှယ်တယ်၊ ဟိုဟာကြားတယ် ဒီဟာကြားတယ် ဆိုတာမျိုးတွေနဲ့ ပြောနေကြတာပေါ့လေ။ သို့သော် အခုလိုမျိုး တိတိကျကျ ခိုင်ခိုင်မာမာ သိရတယ်ဆိုတော့ မြန်မာပြည်သူလုထုကတော့ ဒါ ဖြစ်နိုင်ချေရှိတယ်လို့ အများစုကတော့ လက်ခံကြတယ်။”

တခါ ပြည်တွင်းသတင်းသမားတွေကြားမှာလည်း အခုလို သတင်းမျိူးတွေ ကြားသိရတာရှိပေမယ့် လူထုသိအောင် ရေးသားဖော်ပြခွင့် မရှိဘူးလို့လည်း ပြောပြပါတယ်။

“ဒီလိုမျိုး လုပ်ငန်းတွေနဲ့ပတ်သက်နေတယ်။ တချို့ဝန်ထမ်းတွေ သွားရတာရှိတယ်။ သွားခဲ့ဖူးတဲ့ ဝန်ထမ်းတယောက်နဲ့ စကား ပြောဖူးတယ်။ သူ သွားခဲ့ရတာကတော့ မြိုင်ဒေသပေါ့။ မြိုင်ဒေသကို သွားတဲ့အခါမှာ ရေက အဲဒီဒေသမှာမထွက်ဘူး။ ၈ မိုင်လောက် ဝေးတဲ့ဒေသ ကနေပြီးတော့ ရေကို ပိုက်နဲ့ပို့ရတယ်။ စက်နဲ့တွန်းပြီး ပို့ရတဲ့အခါကျတော့ တခါတရံမှာ အဲဒီလို စက်နဲ့အဆင်မပြေတဲ့ အခါတွေမှာ ရေကို ချိုးဖို့နေနေသာသာ သောက်ရေတောင်မှာ တော်တော် ခက်ခက်ခဲခဲ ရှိတယ်လို့ အဲဒီဝန်ထမ်းက ပြောဖူးတယ်။ ဒါနဲ့ ကျနော်က အဲဒီလောက် ခက်ခဲတဲ့ဒေသမှာ ဘယ်နှယ့်ကြောင့် စက်ရုံသွားတည်တာလဲလို့ မေးတဲ့အခါကျတော့ သူက - ဟာဗျာတဲ့ ဒါက နျူကလီးယား စက်ရုံရဲ့ အပိုင်းအစတွေ အစိတ်အပိုင်းတွေလို့ သိရတယ်တဲ့။ အဲဒီတော့ ကျနော်တို့ မသွားခင် ဘယ်သူ့ကိုမှ မပြောပါဘူး။ ဟိုရောက်ရင် ဘယ်သူ့ကိုမှ မဆက်သွယ်ပါဘူး။ မိသားစုကိုတောင် မဆက်သွယ်ပါဘူးလို့ ဝန်ခံကတိတွေ ထိုးရတယ်တဲ့။ ဒါ ပထမဆုံး တခေါက်ပေါ့။ ဒါပေမဲ့ နောက်တခေါက်ကျတော့ အဲဒီလိုမျိုး ဝန်ခံကတိတွေ မထိုးခိုင်းတော့ဘူးတဲ့။ ဘာဖြစ်လို့လဲလို့ မေးကြည့်တော့ Google Earth ကနေ အဲဒါတွေကို တွေ့သွားပြီ၊ သိသွားပြီ ဖြစ်တဲ့အတွက်တဲ့ နောက်အခေါက်တွေမှာတော့ ကန့်သတ်ချုပ်ချယ်မှုတွေ မလုပ်တော့ဘူး ဆိုပြီးတော့ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ထမ်းတယောက်နဲ့ စကားပြောဖူးတယ်။ အဲဒီလိုဟာမျိုးတွေ ကြုံရတာတွေ ရှိတယ်ပေါ့လေ။”

ပြည်တွင်းသတင်းသမားတဦး ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နှက်တွေကို ထုတ်လုပ်ဖို့ လတ်တလော ချက်ချင်း ဖြစ်မလာနိုင်သေးပေမဲ့ ဒီလို သတင်းမျိူးထွက်လာတာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်ကြီးတဲ့ အခြေအနေ ဖြစ်တယ်လို့ စာရေးဆရာ ဦးအောင်သင်းက ပြောပါတယ်။

“တိုင်းပြည်အတွက် အန္တရာယ် တော်တော်ကြီးတယ်လို့ ထင်ပါတယ်။ ကာကွယ်ရေးဘက်က ကြည့်ရင်တော့ မသိဘူးပေါ့လေ။ နျူကလီးယား လက်နက်ဆိုတာဟာ ဘာနဲ့တူလဲဆိုတော့ အရိုးမပါတဲ့ဓါးကို ကိုင်ရသလိုပဲ။ ကိုင်တဲ့သူရဲ့ လက်ကို ရှတတ်တယ်။ ကျနော် အဲဒီလို နားလည်မိတယ်။ ကမ္ဘာ့ တုံ့ပြန်မှုက ကြီးလာလိမ့်မယ်လို့ ကျနော် ထင်တယ်။ အဲဒီဥစ္စာ၊ အခု အဲဒီဟာနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်တွင်းမှာ တော်တော်ကို အနှောက်အယှက်ဖြစ်တယ်။ ကျနော်ကတော့ အဲဒီဟာကို အန္တရာယ် ကြီးတယ်လို့ထင်တယ်။”

စာရေးဆရာ ဦးအောင်သင်း ပြောပြခဲ့တာပါ။ နော်ေ၀ အခြေစိုက် DVB သတင်းဌာနနဲ့ အယ်လ်ဂျာဇီးယား ရုပ်သံတို့ ပူးတွဲပြီး ဒီကနေ့ ထုတ်လွင့်ပြသခဲ့တဲ့ မိနစ် (၃၀) ကြာ သတင်းမှတ်တမ်းမှာ စစ်အစိုးရရဲ့ နျူကလီးယား လျိူ့ဝှက်အကြောင်းတွေကို ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာတဲ့ အထောက်အထားတွေနဲ့ ပြသခဲ့ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) ရဲ့ အရာရှိဟောင်း ရောဘတ် ကယ်လီ ကလည်း ဒီအထောက်အထားတွေအရ ဆိုရင်တော့ မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နှက်ထုတ်လုပ်ဖို့ စီစဉ်နေတာ သေချာနေတယ်လို့ မှတ်ချက်ပေးပြောဆိုပါတယ်။

XS
SM
MD
LG