သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထူးအကြံပေး အာရှခရီးစဉ်အပြန် အစီရင်ခံမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ ဗီဂျေး နမ်ဘီယာ (Vijay Nambia) ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ အိန္ဒိယ၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီး နောက်သီတင်းပတ်ထဲမှာတော့ သူ့ရဲ့ အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂ ဌာနချုပ်မှာ အတွင်းရေးမှူးချုပ်ထံ အစီရင်ခံဖို့ရှိတယ်လို့ ကုလသမဂ္ဂက အတည်ပြုပြောကြားပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ရာထူးကို ဒီနှစ် ဇန်နဝါရီလလယ်က လက်ရှိ သူ့ရဲ့ အတွင်းရေးမှူးချုပ် ရုံးဝန်ထမ်းမှူးရာထူးနဲ့ ပူးတွဲဆောင်ရွက်နေသူ အိန္ဒိယသံအမတ်ကြီးဟောင်းလဲ ဖြစ်တဲ့ မစ္စတာ ဗီဂျေး နမ်ဘီယာ ဟာ မြန့်မာ့အိမ်နီးချင်း ၃ နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ကို အခုသီတင်းပတ် သွားရောက်ခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ပထမတထောက်နားရာ အိန္ဒိယမှာ သူဟာ နိုင်ငံခြားရေး အတွင်းဝန် နေရူးပါမာရောင်း အပြင် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှိဖ်ရှန်ကာ မီနူး တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ ၉ ရက်နေ့ စင်ကာပူမှာ ရောက်ရှိစဉ် နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် ရိုး နဲ့ တွေ့ဆုံခဲ့ပြီး သောကြာနေ့မှာတော့ တရုတ်နိုင်ငံကို သွားရောက်ရာမှာ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝန်ဂေါင်ကျောင်း အပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လူဂျင်မင်း တို့နဲ့လဲ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ နမ်ဘီယာ အနေနဲ့ မြန်မာနိုင်ငံကို အခုခရီးစဉ်မှာ သွားရောက်ဖို့ အစီအစဉ်မရှိဘဲ ကုလသမဂ္ဂ ဌာနချုပ်ကို ပြန်လာမှာဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ထံကို အစီရင်ခံမှာဖြစ်တယ်လို့ လက်ထောက် ပြောခွင့်ပုဂ္ဂိုလ် ဖာရန်ဟက် က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“အိန္ဒိယ၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီး နယူးယောက်ကို သူပြန်လာမှာပါ။ လာမယ့်သီတင်းပတ်မှာ သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ဆီမှာ အစီရင်ခံပြီးတဲ့နောက် မစ္စတာ ဘန်ကီမွန်းက လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်သွားဖို့ရှိပါတယ်။”

အာဆီယံနိုင်ငံတွေထဲက စင်ကာပူဟာ မြန်မာအစိုးရနဲ့ သံတမန်ရေးရော စီးပွားရေးအရပါ ဆက်ဆံရေး အားကောင်းတဲ့အပြင် အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကတော့ ခေါင်းဆောင်ချင်းကြား အပြန်အလှန် အလည်အပတ် ခရီးစဉ်တွေ ရှိတဲ့အပြင်၊ အထူးသဖြင့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ လောင်စာ ဝယ်ယူမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့မှာ အားထားရတဲ့နိုင်ငံတွေ ဖြစ်တဲ့အပြင် စစ်ရေးအရလဲ ဆက်ဆံရေးအားကောင်းတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ့အတွက် မြန်မာစစ်အစိုးရ အပေါ် နားချနိုင်စွမ်း ရှိလိမ့်မယ်လို့ ယူဆလို့ရပါတယ်။ မစ္စတာ ဟက် က -

“အဲဒီဒေသအတွင်းမှာရှိတဲ့ ၃ နိုင်ငံကိုရွေးပြီး ခုလို ခရီးထွက်ရတာဟာ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးရာမှာ ဒီ ၃ နိုင်ငံက အရေးကြီးတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်။”

မစ္စတာ နမ်ဘီယာ ရဲ့ ခရီးစဉ်အတွင်း ၃ နိုင်ငံ အရာရှိတွေနဲ့ မြန်မာ့အရေး ဆွေးနွေးမှုမှာ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် အချက်အလက်တွေကို မစ္စတာ ဟက်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ မစ္စတာ နမ်ဘီယာ ရဲ့ ခရီးစဉ်အပြီး အတွင်းရေးမှူးချုပ် အနေနဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့တော့ မစ္စတာ ဟက် က -

“ပထမဆုံး သူ့အနေနဲ့ မစ္စတာ နမ်ဘီယာ ထံက အစီရင်ခံတာကို နားထောင်မှာဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေ အကြောင်းပေါ့။ ဒါပေမဲ့ အတွင်းရေးမှူးချုပ် အနေနဲ့ သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို အရင်ကတည်းက ထုတ်ဖော်ပြောကြား ထားပြီး ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း သူ အထပ်ထပ် အခါခါ တောင်းဆိုခဲ့တာဖြစ်ပါတယ်။”

မစ္စတာ နမ်ဘီယာ ရဲ့ အစီရင်ခံမှုအပေါ်မူတည်ပြီး အတွင်းရေးမှူးချုပ် အနေနဲ့ လာမယ့်သီတင်းပတ်များမှာ ဆက်လက် အရေးယူ ဆောင်ရွက်ရာမှာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေများနဲ့ တိုင်ပင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဟက် ကပြောပါတယ်။

XS
SM
MD
LG