သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသား ၁၂၆ ဦးကို အမြဲတမ်း နေထိုင်ခွင့်ချပေး


မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၁၀၀ ကျော်ကို အစိုးရက Permanent Resident (PR) ကဒ်တွေ တရားဝင် စတင် ထုတ်ပေးနေပြီဖြစ်ပါတယ်။ အခု အမြဲတမ်းနေထိုင်ခွင့်ရသူ အများစုက မြန်မာနိုင်ငံသားဟောင်းတွေဖြစ် ပြီး၊ နောက်ထပ် လျှောက်ထားသူတွေကိုလည်း ထပ်မံထုတ်ပေးဖို့ စိစစ်နေပြီဖြစ်တဲ့အကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိဖို့အတွက် ဘာတွေလိုအပ်သလဲ ဆိုတာနဲ့ ဘယ်လိုအခက်အခဲတွေများ ရှိနေလဲဆိုတာကိုတော့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက မမေခက သတင်းပေးပို့ထားပါတယ်ရှင်။

PR လျှောက်ထားသူ အများစုက နိုင်ငံသားဟောင်းတွေများပြီး ရရှိသူတွေထဲမှာလည်း နိုင်ငံသားဟောင်းတွေ အများဆုံး ရရှိတာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

PR လျှောက်ထားသူတွေကို ၅ နှစ် နေထိုင်ခွင့်နဲ့ နေထိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနေထိုင်ခွင့်နဲ့ ပတ်သတ်ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန နိုင်ငံခြားသားများ ရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်း က အခုလို ပြောပါတယ်။

“ခွင့်ပြုတာကတော့ ၅ နှစ် ဒါပေမဲ့ ၁ နှစ် ၁ ခါ သက်တမ်းပြန်တိုးရမယ်။ အဲဒီတော့ စထုတ်ပေးတဲ့ လက်မှတ်တို့၊ ကဒ်တို့ရဲ့ သက်တမ်းကို ၁ နှစ်ပဲ ပေးထားတာ။ ၁ နှစ်ပြီးရင် လာပြီးတော့ လက်မှတ်ကို သက်တမ်းတိုး၊ အဲဒါဆိုရင် နောက်ထပ် ၁ နှစ် တိုးပေးမယ်၊ ကဒ်လည်း အသစ်ပေးမယ်။”

ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းများနဲ့ နိုင်ငံသားနဲ့ ဆက်စပ်သွေးနှောသူများ စတဲ့ အမျိုးအစား ၄ ခုကို ဒီစနစ်နဲ့ နေထိုင်ခွင့်ပြုတာ ဖြစ်ပါတယ်။ အမည်မည်း စာရင်းဝင်သူတွေ၊ တခြားနိုင်ငံတခုမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူတွေနဲ့ ပြစ်မှု ကျူးလွန်ထားသူတွေကိုတော့ လက်ခံမှာ မဟုတ်ဘူးလို့ လဝက က ထုတ်ပြန်ပါတယ်။ PR လျှောက်သူအနေနဲ့ နိုင်ငံသားဟောင်းဖြစ်ပါက တနှစ်လျှင် ဒေါ်လာ ၅၀၀၊ နိုင်ငံခြားသားဖြစ်ပါက တနှစ်လျှင် ဒေါ်လာ ၁၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး၊ မိသားစုအနေနဲ့ ကလေး ပါဝင်ပါက အသက် ၇ နှစ်အထက် ကလေး ပါဝင်ရင် တနှစ်ကို ဒေါ်လာ ၃၀၀ ပေးရမှာ ဖြစ်ပါတယ်။ ၇ နှစ်အောက် ကလေးတွေကိုတော့ ငွေကြေးတစုံတရာ ကောက်ခံခြင်း မပြုဘူးလို့ လဝက က ပြောပါတယ်။ အခုလက်ခံလိုက်တဲ့ အမျိုးအစား ၄ ခုမှာ နိုင်ငံခြားသားတွေနဲ့ နိုင်ငံသားနဲ့ ဆက်စပ်တဲ့ သွေးနှောသူတွေအနေနဲ့ PR လျှောက်ထားရာမှာ နိုင်ငံသားဟောင်းတွေလိုတော့ ချက်ခြင်း လျှောက်ခွင့်မရပါဘူး။ နိုင်ငံခြားသားတဦးအနေနဲ့ မြန်မာနိုင်ငံမှာ ၃ နှစ်အထက် သက်တမ်းတိုး နေဖူးပြီးသူမှသာ PR ကို လျှောက်ခွင့်ရှိပြီး၊ နိုင်ငံသားနဲ့ဆက်စပ်တဲ့ သွေးနှောသူတွေ အနေနဲ့လည်း ဒီနိုင်ငံမှာ ၂ နှစ် အထက် နေထိုင်ဖူးသူမှသာ PR ကို လျှောက်ခွင့်ရှိပါတယ်။

အခုလက်ရှိ PR ရရှိသူတွေဟာ ဒီနှစ်ဇန်နဝါရီလမှ မတ်လအတွင်း လျှောက်ထားခဲ့သူတွေဖြစ်ပြီး၊ ဒီထဲကနေ စိစစ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လျှောက်ထားသူ ၁၃၀ ကျော်ထဲမှာ ၁၂၀ ကျော်ကို ပထမသုတ်အနေနဲ့ နေထိုင်ခွင့်ပေးခဲ့တာပါ။ ဒုတိယသုတ်အနေနဲ့ မတ်လမှ မေလအတွင်း လျှောက်ထားသူ ၅၉ ယောက်ရှိပြီး၊ ဒီလျှောက်ထားသူတွေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြောပါတယ်။ PR လျှောက်သူတွေ ရရှိမယ့် ခံစားခွင့်နဲ့ ပတ်သတ်ပြီး သူက အခုလို ပြောပါတယ်။

“ဗီဇာကို ခဏခဏ သွားယူနေရတော့ နံပါတ်တစ်ပေါ့ သူ့အတွက် ဗီဇာသွားယူစရာ မလိုတော့ဘူး။ သူ့ပတ်စ်ပို့နဲ့ PR ကဒ်ပြားနဲ့ကို တွဲပြီးတော့ ပြရုံပဲ။ အဲဒါကြောင့် အကြိမ်ကြိမ် ဝင်ထွက်နေတဲ့ သူတွေအတွက်က နံပါတ်တစ် အဆင်ပြေသွားတာပေ့ါ။ အဲတော့ နောက်ပိုင်းမှာ သူတို့ ကွန်ဒိုတိုက်ခန်းတွေ ၆ ထပ်အပေါ် အထက်ဆိုလို့ရှိရင် သူတို့ ဝယ်လို့ရမှာပေါ့။ သူ့မိသားစုပါ ခေါ်လာမယ်ဆိုလို့ရှိရင် အဲဒီ PR ယူတဲ့ လူအတွက်ကို သီးခြား သူတို့ PR အိမ်ထောင်စုစာရင်းအနေနဲ့ ဆောင်ရွက်ပေးမယ်။”

PR လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတဦးကတော့ PR လျှောက်တာမှာ ကြုံတွေ့ရတဲ့အခက်ခဲနဲ့ ရလာတဲ့ အကျိုးကျေးဇူးတွေကို အခုလို ပြောပါတယ်။

“သူ့ Procedure အတိုင်း စောင့်ရတာ နည်းနည်းတခုပေါ့နော်။ အခါတိုင်းဆိုလို့ရှိရင် ဒီမှာကကျတော့ Social အနေနဲ့ နေရတာပေါ့။ Social အနေနဲ့ နေရတဲ့အခါကျတော့ ကျနော်တို့က ဒီမှာဆိုရင် ဘာပဲပြောပြော နိုင်ငံခြားကို ပြန်ထွက်တာ၊ ပြန်ဝင်တာ ဆိုလို့ရှိရင် သက်ဆိုင်ရာ သံရုံးတွေမှာ ပြန်ပြန်လျှောက်ရတယ်လေ။ အဲဒီအခါကျရင် တခါတလေ processing က လေးပတ်လောက်ကြာတယ်။ တခါတလေကျလည်း နှစ်ပတ်လောက်ပဲ ကြာတယ်။ တခါတလေကျတော့လည်း ၃ ရက်လောက်နဲ့တင် ပြီးသွားတာပေါ့။ ဌာနဆိုင်ရာတွေကို ဝင်ရတဲ့ ဒုက္ခတွေတော့ နည်းနည်းတော့ လွတ်ကင်းသွားတာပေါ့။ ခံစားတာ မခံစားတာကတော့ စောစောကပြောသလို visit တို့ အခြား ဗီဇာတွေနဲ့ နေမယ်ဆိုလို့ရှိရင် အိမ်မှာနေထိုင်ခွင့် မရှိတာမျိုးတွေ ရှိတယ်လေ။ PR နဲ့ဆိုရင်တော့ ကိုယ့်မိသားစုအိမ်ကို ကိုယ် အေးအေးဆေးဆေး နေထိုင်လို့ရ တယ်ပေါ့နော်။ အခု ဒီ PR ရတဲ့အတွက်ကြောင့်မို့လို့ ဒီနိုင်ငံမှာ ဘာပဲပြောပြော တရားဝင် ကားမောင်းလို့ရတယ်၊ ကားဝယ်လို့ရတယ်။ ပိုင်ဆိုင်မှုအတွက်ကို ဝယ်လို့ရတဲ့ဟာမျိုးတွေ တရားဝင် ဖြစ်တာပေါ့နော်။”

PR ရရှိသူတွေအနေနဲ့ ခံစားခွင့်အရ ဗီဇာယူစရာမလိုဘဲ လာရောက်နိုင်သလို၊ ဒီမှာနေထိုင်စဉ် အတွင်းမှာလည်း ဧည့်စာရင်းတိုင်စရာ မလိုဘဲ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ဝယ်ယူခွင့်၊ စီးပွားရေးလုပ်ပိုင်ခွင့်၊ ကျောင်းတက်ခွင့်၊ ဆေးကုသခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။ PR နဲ့ နေထိုင်တဲ့သူတွေအနေနဲ့ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိသလို ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်၊ ကိုယ်စားလှယ် အဖြစ်လည်း ဝင်ရောက်ခွင့် မရှိကြောင်း ဥပဒေမှာ ပြဌာန်းထားပါတယ်။

XS
SM
MD
LG