သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းတွေ ပြန်လွှတ်ပေးဖို့ အစိုးရသစ်ကို ဆက်လက်တောင်းဆို


ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အကျဉ်းထောင်ဝတ်စုံတွေ သံခြေချင်းတွေဝတ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုတွေကို ဒုတိယအကြိမ်အဖြစ် တက်ကြွလှုပ်ရှားသူတွေက ဆက်လက် လုပ်ဆောင်နေပြီး အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကို ဖိအားပေး တောင်းဆိုနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့နောက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာပဲ ပြီးခဲ့တဲ့ရက် ဧပြီလ ၄ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများက စုစည်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ သံခြေချင်းတွေနဲ့ အကျဉ်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဌေးအောင် က အခုလို ပြောပြပါတယ်။

“ထောင်ဝတ်စုံ တူညီဝတ်ပြီးတော့ ထောင်ဝတ်စုံအတိုင်း သံခြေချင်းတွေ ဘာတွေနဲ့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြင်ပမှာရှိနေတဲ့ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး စွဲဆိုခံထားရတဲ့ တရားရုံးမှာရှိတဲ့ အကျဉ်းသားတွေ လွတ်မြောက်ဖို့ပါ။ ကျနော်တို့ အကျဉ်းသားလွတ်မြောက်ရေး တောင်းတယ်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင် ပြည်ပကိုရောက်နေတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေပေါ့ ပြည်တွင်းပြန်ဝင်နိုင်ရေး၊ အဲဒါကိုပဲ ကျနော်တို့ ပြင်းပြင်းထန်ထန် တောင်းဆိုတာပေါ့လေ။ အဲဒီနှစ်ချက်။”

ဒီလို ဆန္ဒထုတ်ဖော်နေပေမဲ့ အစိုးရသစ်ကတော့ ဒီကိစ္စအပေါ်မှာ ဘာမှ တုံ့ပြန်မှုတွေ မရှိသေးဘူးလို့ဆန္ဒထုတ်ဖော်သူတွေက ဆိုပါတယ်။

“အခုအချိန်ထိတော့ ကျနော်တို့ ဘာမှ တုံ့ပြန်မှုကို မခံစားရသေးဘူးလို့ပဲ ပြောရမှာပေါ့။ ကျနော်တို့ရဲ့ ခေါင်းဆောင်ပေါ့လေ ဒေါ်စုက တချိန်က ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးအကျဉ်းသား ထောင်ထဲမှာ ၁ ယောက်ရှိနေရင်တောင် ဒါ ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလို့ ပြောခဲ့တဲ့စကားရှိတဲ့အတွက် မကြာခင်မှာတော့ သူတို့ လွှတ်ပေးမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျ။ ကျနော် သိရသလောက်တော့ မနေ့ကပဲ ပဲခူးဘက်မှာ နိုင်နိုင်အောင်ကို တရားစွဲတယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျ။ ရခိုင်ဘက်မှာလည်း အဲ့ဒီလို တရားစွဲခံရတယ်ဆိုတဲ့ သတင်းတွေ ကြားပါတယ်။ ဒါကလည်း ပြဌာန်းထားတဲ့ ဥပဒေအရ ဥပဒေကို လက်ရှိ အကောင်အထည်ဖော်နေရတဲ့ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ တရားစွဲတယ်လို့ပဲ ကျနော်တို့ ထင်ပါတယ်။ အစိုးရဘက်က ဖိအားပေးနေတယ်လို့တော့ ကျနော်တို့ မမြင်ဘူးခင်ဗျ။ အခုဆိုရင် ကျနော်တို့ ပညာရေးသပိတ်က ထင်ရှားတဲ့ခေါင်းဆောင်တယောက်ပေါ့ နန္ဒစစ်အောင်ဆိုရင် အမှုပေါင်း ၈၀ ကျော် ရင်ဆိုင်နေရတယ်။ တခါတလေ တနေ့တည်းကို သာယာဝတီမှာလည်း ရုံးချိန်းရှိသလို၊ ရန်ကုန်မှာလည်း ရုံးချိန်းရှိနေတယ်။ သူတို့ ရုံးထွက်နေရတာ အရမ်းပင်ပန်းတယ်ခင်ဗျ။ ထို့အတူပဲ ကျနော်တို့ တကသ ကျောင်းသားတွေကလည်း နေ့တိုင်းလိုလို ရုံးချိန်းထွက်နေရတယ်။ ဒါဟာ ကလေးတွေကို သက်သက်မဲ့ ပင်ပန်းအောင်လို့ နှိပ်စက်နေသလိုပဲ ကျနော်တို့ မြင်တယ်ခင်ဗျ။ ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ အပြည့်အ၀ မဟုတ်သေးဘူး။”

ပြီးခဲ့တဲ့ရက်ကပဲ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအတွက် တကိုယ်တော် ဆန္ဒထုတ်ဖော်သူတဦးကိုလည်း တရားစွဲဆိုခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအတွက် ဆုတောင်းခဲ့တဲ့ ဗကသကျောင်းသား ၆ ဦးကိုလည်း ဒီရက်ပိုင်းမှာပဲ ပုဒ်မ ၅၀၅ (ခ) အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ မကြာခင်မှာ လွတ်ငြိမ်းချမ်းသားခွင့် ပေးဖို့အတွက် တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေစဉ်မှာပဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို နောက်ထပ်အမှုတွေနဲ့ တရားစွဲဆိုခံရမှုတွေလည်း ရှိနေသလို သူတို့လွတ်မြောက်ရေးအတွက် လှုပ်ရှားသူတွေကိုလည်း ဖမ်းဝရမ်းထုတ်နေတာလည်း ရှိနေပါတယ်။

XS
SM
MD
LG