သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားကျောင်း ပစ်ခတ်မှု အောက်မေ့ဖွယ် အခမ်းအနားကျင်းပ


တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ Charleston မြို့တွင်းက လူမည်းခရစ်ယာန်ကျောင်းအတွင်း ပစ်ခတ်မှုမှာ ကွယ်လွန်ခဲ့သူ (၉) ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း။ (ဇွန် ၁၉၊ ၂၀၁၅)
တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ Charleston မြို့တွင်းက လူမည်းခရစ်ယာန်ကျောင်းအတွင်း ပစ်ခတ်မှုမှာ ကွယ်လွန်ခဲ့သူ (၉) ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း။ (ဇွန် ၁၉၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု တောင် Carolina ပြည်နယ် Charleston မြို့ထဲက သမိုင်းဝင် လူမည်းခရစ်ယာန်ဘုရားကျောင်းမှာ သေနတ်သမားလက်ချက်နဲ့ သေဆုံးသွားသူတွေအတွက် အောက်မေ့ဆုတောင်းပွဲကို ထောင်ပေါင်းများစွာ စုဝေးလာရောက်ခဲ့ကြပါတယ်။

Charleston ကောလိပ် အားကစားခန်းမကြီးမှာ သောကြာနေ့ညကလုပ်ခဲ့တဲ့ အောက်မေ့ဆုတောင်းပွဲကို လာရောက်ဆုတောင်းကြသူတွေဟာ အသက်အရွယ်စုံ၊ အသားအရောင်စုံ၊ ဘာသာမျိုးစုံ၊ အခြေအနေမျိုးစုံက ဖြစ်ကြပေမယ့် အားလုံးတူညီတဲ့အချက်ကတော့ ကြေကွဲနေကြတာဖြစ်တယ်လို့ Charleston မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

သောကြာနေ့ နေ့လည်ပိုင်းကတော့ သေနတ်သမားလို့ မသင်္ကာသူ အသက် ၂၁ နှစ်အရွယ် Dylann Roof ကို ရုံးထုတ်ခဲ့ပါတယ်။ အသတ်ခံခဲ့ရသူ ၉ ယောက်ရဲ့မိသားစုတွေက သူတို့ရဲ့ဆုံးရှုံးမှုတွေကို ပြောခဲ့ကြတဲ့တချိန်တည်းမှာပဲ သူ့အပေါ်ခွင့်လွှတ်ကြောင်းလည်း ပြောခဲ့ကြပါတယ်။ လက်နက်ကိုင် အစောင့်နှစ်ယောက်နဲ့ အခန်းတခုထဲမှာ ခွဲထားတဲ့ Dylann Roof က သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ ကြေကွဲစွာနဲ့ ပြောကြားနေတာတွေကို Video ပေါ်ကနေ မြင်ခဲ့ကြားခဲ့ရပါတယ်။ သူ့အပေါ် လူသတ်မှု ၉ နဲ့ တရားစွဲထားသလို လက်နက်ဆိုင်ရာ အမှုတခုအတွက် ဒေါ်လာ ၁ သန်း အာမခံသတ်မှတ်ခဲ့ပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက သေနတ်သမားကို ခွင့်လွှတ်တယ်လို့ ပြောခဲ့ကြတာဟာ အမေရိကန်လူမျိုးတွေရဲ့ စိတ်ကောင်း စေတနာကို ထင်ဟပ်တာဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောကြားခဲ့ပါတယ်။

အမေရိကန်က African American လူမည်းခရစ်ယာန် ဘုရားကျောင်းတွေထဲမှာ သက်တမ်းအရှည်ဆုံး ဘုရားကျောင်းတခုဖြစ်တဲ့ Emanuel AME ဘုရားကျောင်းမှာ သေနတ်သမားဟာ သမ္မာကျန်းစာသင်တန်းကို ဗုဒ္ဓဟူးနေ့ညက တနာရီကြာအောင်တက်ခဲ့ပြီးနောက် ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၃ ယောက် သေဆုံးသွားသူတွေထဲမှာ အသက် ၇၀ အရွယ် ဘုရားကျောင်း အစောင့်အမျိုးသမီးကြီးလည်း ပါဝင်ပါတယ်။ ဒီပစ်ခတ်မှုဟာ အမုန်းပွားတိုက်ခိုက်မှုအဖြစ် ရဲကပြောကြားခဲ့ပါတယ်။

XS
SM
MD
LG