သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးစစ်သား ပြဿ နာ တိုးတက်မှု မရှိ


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကလေးစစ်သားတွေ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကလေးစစ်သားတွေ။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကိုယ်တိုင် စောင့်ကြည့် ဖေါ်ပြထားတဲ့ ကလေးစစ်သားရှိနေဆဲနိုင်ငံ (၈) နိုင်ငံ စာရင်းထဲမှာ ဆက်လက် ပါဝင်နေဆဲဖြစ်တယ်လို့ မနေ့က ကျရောက်တဲ့ ကလေးစစ်သားအသုံး ပြုမူဆန့်ကျင်တဲ့ နိုင်ငံတကာနေ့ အတွက် ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ကလေးစစ်သားတွေရဲ့ ဘဝပြန်လည် ထူထောင်ရေး အတွက် မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်ကနေ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ကမ္ဘာတဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ နိုင်ငံပေါင်း (၂၀)ကျော်မှာ မိန်းကလေးနဲ့ ယောကျ်ားလေး အရေအတွက် သောင်းနဲ့ချီပြီး ကလေးစစ်သားအဖြစ် အသုံးပြုနေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနှစ်မှာလည်းပဲ ပဋိပက္ခတိုက်ပွဲတွေ အဆမတန်ဖြစ်လာတာ၊ စစ်ပွဲတွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ စတာတွေဟာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုနိုင်ဖို့ ပျော့ကွက်ဖြစ်စေခဲ့တယ်လို့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Leila Zerrougui ကပြောပါတယ်။

ဒါအပြင် လက်နက်ကိုင်တပ်တွေမှာ ကလေးစစ်သားစုဆောင်းမှုတွေရှိနေတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကနေ စောင့်ကြည့်ဖေါ်ပြခံရတဲ့ နိုင်ငံ (၈)နိုင်ငံစာရင်းမှာ Chad နိုင်ငံက လွဲပြီး မြန်မာအပါအဝင် ကျန်တဲ့ အာဖဂန်နစ္စတန်၊ ဆိုမာလီးယား ၊ တောင်ဆူဒန်၊ ဆူဒန် နဲ့ ရီမင် စတဲ့ (၇) နိုင်ငံ ပါဝင်နေဆဲဖြစ်တယ် လို့ ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ အဲဒီနိုင်ငံတွေမှာ အထူးကိုယ်စားလှယ်နဲ့ UNICEF တို့ပူးပေါင်းပြီး ကလေးစစ်သား ပပျောက်ရေးလှုပ်ရှားမှုကို ၂၀၁၄ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို မိဘထံပြန်လည်အပ်နှံတဲ့အခမ်းအနားတွင် တွေ့ရစဉ်။

မြန်မာနိုင်ငံမှာတော့ အခုလို ကုလသမဂ္ဂဦးဆောင်တဲ့ လှုပ်ရှားမှုမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေ တဲ့ Equality Myanmar ရဲ့ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ တကယ့် ထဲထဲဝင်ဝင်တော့ မတွေ့ရဘူးဗျ။ ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ်မှာ ကလေးစစ်သား ပပျောက်ဖို့ တောင်းဆို တဲ့ သဘောမျိုးတွေလောက်ပဲ ကျနော်တို့ တွေ့နေရတယ်။ ပြည်တွင်းမှာ ဒါနဲ့ပတ်သက်လို့ လာရောက်လုပ်ဆောင်တဲ့ အကြောင်းအရာတွေ ကျနော်တို့ မတွေ့ရဘူး။ အထူးသဖြင့် ကလေးစစ်သားအရေး ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တချို့သော လက်နက်ကိုင် အဖွဲ့တွေ လုပ်ဆောင်နေတဲ့ ကြားထဲမှာ ရှိနေတယ်။ အဲ့ဒီ့လူတွေနဲ့ UNICEF တို့ ဘာတို့နဲ့ သွားရောက်ပြီးတော့ တွေ့ဆုံတဲ့သဘောမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ဆိုတဲ့ ပုံစံမျိုးနဲ့ လာရောက် လုပ်ဆောင်တဲ့ အရာမျိုးတော့ ကျနော် မတွေ့ရဘူးဗျ။”

ရှေ့တန်းစစ်မျက်နှာက ကလေးစစ်သားတွေ
ရှေ့တန်းစစ်မျက်နှာက ကလေးစစ်သားတွေ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးစစ်သားအသုံးပြုတာကို သတိထား လုပ်ဆောင်တာမျိုး ရှိပေမဲ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေ မှာတော့ ကလေးစစ်သား စုဆောင်းတာတွေ ပိုပြီးများလာတာတွေ့ရတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

“ ဒါပေမဲ့ တချို့သောအဖွဲ့တွေကတော့ အခုမှ ပိုပြီးတော့တောင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့်မို့လို့ အသက်မပြည့်သေးတဲ့သူတွေကို စစ်မှုထမ်းတဲ့ အရာကို အခုအချိန်မှာ ပိုတောင် လုပ်ဆောင်လာတာကို ကျနော်တို့ တွေ့နေရတယ်။ နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးနေပေမဲ့ တချို့သော တပ်ဖွဲ့တွေထဲမှာ ဒီအပစ်အခတ်ရပ်စဲဖို့အတွက် ဆွေးနွေးတာရှိပေမဲ့ တကယ်တမ်းကျတေ့ လက်နက်တွေ တပ်ဆင်ထားတုန်းပဲ။ အဲ့တော့ အဲ့နေရာတွေမှာလည်း ကလေးစစ်သားတွေကို အသုံးပြုနေတယ်။ ဒီ ဝတပ်ဖွဲ့တို့ ဘာတို့မှာ ဒီအတိုင်းပဲ ကျင့်သုံးနေတဲ့ပုံစံမျိုး ကျနော် တွေ့နေရပါတယ်။”

အသက်မပြည့်တဲ့ကလေးတွေ မိဘပြန်အပ်
အသက်မပြည့်တဲ့ကလေးတွေ မိဘပြန်အပ်

မြန်မာနိုင်ငံမှာ ကလေးစစ်သားစုဆောင်းမှုအခြေအနေအဟာ အရင်ကလို မဟုတ်ပဲ လျော့ကျ လာပြီး စစ်တပ်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကလေးသူငယ်တွေ ရာနဲ့ချီရှိခဲ့တယ်လို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးက ဖေါ်ပြခဲ့ ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂက ပြဌာန်း ထားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးသူငယ်တွေရဲ့ ပါဝင်မှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်မှာ မနှစ်က ပဏာမ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမဲ့ ဒီစာချုပ်အတိုင်းလိုက်နာအကောင်အထည်ဖေါ်ပါမယ်ဆိုတဲ့ အဆင့်မျိုး မရောက်သေးတာကြောင့် ကလေးစစ်သားဟောင်းတွေရဲ့ ဘဝလုံခြုံရေး အကာအကွယ်ပေးနိုင်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

“ပဏာမ အဆင့်ဆိုတာကတော့ အတိအကျ တာဝန်ယူပြီးတော့ အပြည့်အဝ လိုက်နာပါမယ်ဆိုပြီးတော့ ကတိမျိုး မဟုတ်ဘူး။ တဝက်ပေးထားတဲ့ သဘောမျိုးပဲ ဖြစ်တယ်။ အဲ့တော့ ဒီစာချုပ်ကို ပဏာမ လက်မှတ်ထိုးတာက လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက် တကယ့်ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက်ကို ပဏာမ လက်မှတ်ထိုးတာနဲ့ စာလို့ရှိရင် အတည်ပြုလက်မှတ်ထိုးတဲ့ကိစ္စကို ကျနော်တို့ အမြန်ဆုံး ဖြစ်စေချင်ပါတယ်။”

ဒါအပြင် ကလေးစစ်သားအဖြစ် လွတ်မြောက်လာသူတွေရဲ့ ဘဝပြန်လည် ထူထောင်ရေးမှာ တာဝန်ရှိသူတွေဘက်က အပြည့်အဝဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ဦးအောင်မျိုးမင်းကဆိုပါတယ်။

မနေ့က ကျရောက်တဲ့ ကလေးစစ်သားအသုံးပြုမှုဆန့်ကျင့်တဲ့ နိုင်ငံတကာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ကြေညာချက်မှာတော့ စစ်ရေးပဋိပက္ခမှာ ကလေးစစ်သားစုဆောင်း အသုံးပြုနေတာကြောင့် ကလေးသူငယ်အခွင့်အရေး အများဆုံးချိူးဖောက်အဖွဲ့အစည်းပေါင်း (၅၀)ကျော်ရဲ့အမည်စာရင်းတွေကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ၂၀၁၅ အစီရင်ခံစာမှာ အတိအကျဖေါ်ပြ ထားကြောင်း ရေးသားထားပါတယ်။

XS
SM
MD
LG