သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းသစ်တောကြိုးဝိုင်း ကျူးကျော် ဖယ်ရှားရေး သတိပေး


ဆီးယင်းသစ်တောကြိုးဝိုင်း (Maung Maung Lwin)
ဆီးယင်းသစ်တောကြိုးဝိုင်း (Maung Maung Lwin)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာကျူးကျော်နေထိုင်တဲ့ အိမ်ခြေတွေကို အမြန်ဆုံးပြောင်း ရွှေ့ဖယ်ရှားဖို့ချင်းပြည်နယ် အစိုးရကနေ ဒုတိယအကြိမ်ထပ်မံသတိပေးခဲ့ပါတယ်။ ကျူးကျော်နေထိုင်သူတွေ အနေနဲ့ ကတော့ပြောင်းရွှေ့ဖို့ငြင်းဆန်နေသေးသလို ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ရေကြီးမြေပြိုသဘာဝဘေးအန္တရာယ် ရင်ဆိုင်ရတဲ့သူတွေကို အရင်အစိုးရကလဲ နေရာချထားပေးတာမျိုးမရှိဘူးလို့ ချင်းပြည်နယ်အစိုးရဝန်ကြီးဟောင်း တွေကပြော ပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာမှာ ကျူးကျော်နေထိုင်ကြသူတွေ အနေနဲ့ နေရာကနေအမြန်ဆုံးထွက်ခွါသွားဖို့ ချင်းပြည်နယ်အစိုးရကကနေ မနေ့ကဒုတိယအကြိမ်ထပ်မံသတိပေးခဲ့ တယ်လို့ ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်းဟင်းဒါလ်းကပြောပါတယ်။

“ဒုတိယအကြိမ် Warning ပေးထားတယ် သတိပေးထားတယ်။ ပြောင်းရွေ့ဖို့ကိစ္စကတော့ အဓိကအားဖြင့် ကျနော်တို့က အဲဒီနေရာမှာထားတာမဟုတ်ဘူးလေ။ ကျနော်တို့ ဒီနေရာမှာ နေပါလို့ပြောတာမဟုတ်ဘူးဆိုတော့ ပြောင်းရွေ့ဖို့ကိစ္စ ကျနော်တို့အချိန်ပေးတာက ကိုယ့်ဟာကို ပြောင်းရွေ့ဖို့အတွက် အချိန်ပေးထားတာ ဒါပေမယ့် တခုတော့ရှိတာပေါ့ သူတို့ကပြောင်းလို့မရပါဘူးဆိုရင် သူတို့သယ်ယူပို့ဆောင်အခက်အခဲဖြစ်ရင်တော့ ကျနော်တို့ တက်နိုင်သမျှကူညီမှာပေါ့ ဒီလောက်ပဲရမှာပေါ့။”

ဘွာလ်ပီးကွင်းနေရာမှာ ကျူးကျော်အိမ်ဆောက်လုပ်သူတွေအနေနဲ့ မိမိတို့ရဲ့နေရပ်ရင်းကိုပြန်ကြဖို့ ချင်းပြည်နယ် အစိုးရကနေသြဂုတ် ပထမအပါတ်မှာ ပထမအကြိမ် သတိပေးအပြီး အခုဒုတိယအကြိမ်ထပ်မံသတိပေးခဲ့တာပါ။

ဘွာလ်ပီးကွင်းမှာ ကျူးကျော်အိမ်ခြေ(၃၆၀)ကျော်ဆောက်လုပ်ထားသလို ပထမအကြိမ်သတိပေးစဉ်က ပြောင်းရွှေ့သူ တချို့ရှိနေပေမယ့် အများစုကပြောင်းရွှေ့ခြင်းမရှိခဲ့ပါဘူး။

ကျူးကျော်နေထိုင်သူတွေအနေနဲ့ပြောင်းရွှေ့ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့လဲ ချင်း ပြည်နယ် အစိုးရကနေပြောဆိုခဲ့ပါတယ်။

သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေဟာ ဒုက္ခသည်အစစ်မှန်မဟုတ်သလို ဒုက္ခသည်အစစ်အမှန်တွေကို သစ်တောကြိုးဝိုင်း(၁၄၅)မှာနေရာချထားပေးပြီးသားဖြစ်တယ်လို့ ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်းက ပြောပါတယ်။

ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာမှာ မနှစ်ကတည်းက ရေကြီးမြေပြိုသဘာ၀ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသူလို့ပြောဆိုတဲ့သူတွေကနေ အိမ်ယာဆောက်လုပ်နေထိုင်အခြေချလာခဲ့ကြပါတယ်။

သစ်တောကြိုးဝိုင်းဧရိယာအတွင်းနေထိုင်တဲ့သူတွေဟာ ဒုက္ခသည်တွေဖြစ်တာကြောင့် လက်ရှိအစိုးရညွှန်ကြားချက် အတိုင်း နေရာပြောင်းရွှေ့ဖို့မဖြစ်နိုင်သေးသလို အရင်အစိုးရလက်ထက်ကနေထိုင်ဖို့ခွင့်ပြုထားတဲ့မြေဖြစ်တယ်လို့ ကျူး ကျော်ရပ်ကွက်နေရပ်မိရပ်ဖတဦးဖြစ်သူ ဦးကျုံးနုန်းကအခုလိုပြောပါတယ်။

“ခက်ခဲတယ် ဒီမှာ ဘယ်မှထွက်ဖို့အခြေအနေမရှိဘူး။ တချို့ကဒုက္ခသည်မဟုတ်တဲ့ ချမ်းသာတဲ့လူတွေကို ခေါ်ရင်လည်းလာမှာမဟုတ်ဘူး။ ဒီနေရာ ဘာလုပ်မှာလဲဆိုပြီးတော့ ခေါ်ရင်လည်းလာမှာမဟုတ်ဘူး။ တကယ့်တကယ် ဘာကြောင့်လာသလဲဆိုတာ အကြံကုန် ၊ အိမ်ပျက် ၊မြေပျက် ဒါတွေမျိုးပဲလာတယ်လေ အဲဒါကြောင့် သဘောက တရွာကနေ ၂ ဦး ၊ ၅ ဦး၊ ၁၀ ဦး အဲဒါမျိုး ဒုက္ခသည်အမျိုးမျိုးတော့ လာကြတာပါ။ ရေဘေးဖြစ်တုန်းက ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်တို့ ၊ မြို့နယ် ဌာနစုံလက်မှတ် ၊ ပြည်နယ်ဌာနစုံလက်မှတ် နဲ့ ကျနော်တို့ လာခဲ့တာပါ။ အခုက အသစ်တွေက ငါတို့မသိဘူးဆိုတဲ့အခါမှာ မောင်းထုတ်တယ်။”

ကျူးကျော်နေထိုင်သူတွေနေထိုင်တဲ့နေရာဟာ ပြီးခဲ့သည့်နှစ်က ရေကြီးမြေပြိုသဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ဖလမ်းမြို့နယ် အတွင်း နီမ်ဇောလ်၊ ဇောလ်ပီး၊ ကောလ်ဖန်း၊ ကိမ်းညောင်း ကျေးရွာကဒေသခံတွေဖြစ်တယ်လို့လဲ ဦးကျုံးနုန်းက ဆိုပါတယ်။

ဒါပေမဲ့ ယခင်အစိုးရလက်ထက်က ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဒုက္ခသည်တွေကို နေရာချပေး ထားတာမျိုူမရှိခဲ့ဘူးလို့ ချင်းပြည်နယ်လူမှုရေးဝန်ကြီးဟောင်းဒေါက်တာဘမောင်ကဆိုပါတယ်။

“ကျနော်တို့ ကြိုးဝိုင်းအထဲမှာ ချမပေးဖူးဘူး။ အများကြီးပေါ့လေ ကြိုးဝိုင်းထဲနေချင်တယ်ဆိုတဲ့ဟာတွေ ပေါ့နော်။ အဲဒီတော့ မပေးဖူးဘဲနဲ့ အခုဘယ်လိုဖြစ်သလဲဆိုတော့ သစ်တောဧရိယာကနေ ကင်းလွတ်ခွင့် ပြုပါဆိုပြီးတော့ ကျနော်တို့သစ်တောဝန်ကြီးဌာနကို လုပ်ထုံးလုပ်နည်းအတိုင်းတင်လေ့ရှိပါတယ်။ မရှိတော့တဲ့ အစိုးရကို လက်ညှိးထိုးပြီးတော့ ဟိုတုန်းကချပေးခဲ့တယ်လို့ပြောတာလည်း ရှိတတ်ပါတယ်ခင်ဗျ။”

ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာမှာကျူးကျော် အိမ်ခြေ(၃၆၀)ရှိနေပြီးအမှန်တကယ်နေထိုင်သူ လူဦးရေ ၁၈၀ ခန့်သာရှိနေပြီး နေအိမ်အများစုမှာ လူနေထိုင်ခြင်းမရှိခဲ့ပါဘူး။

အိမ်ခြေတွေကိုမြေကွက်ရိုက်ပြီးရောင်းချနေတဲ့လူတွေကိုလဲ ပြည်နယ်အစိုးရကနေ အရေးယူခဲ့ပြီး လက်ရှိနေထိုင်သူ တွေကို နေရာကနေအမြန်ဆုံးထွက်ခွါသွားဖို့ ချင်းပြည်နယ်အစိုးရကကနေ ဒုတိယအကြိမ် ထပ်မံသတိပေးခဲ့တာလဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG