သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်အတွင်း တောင်ပြိုကျ၍ လမ်းပိတ်


မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဖလမ်း-ဟားခါး ကားလမ်းမဘေးက တောင်ပြိုကျပြီး ကားလမ်း ပိတ်ခဲ့ရ (Credit: MOI)
မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဖလမ်း-ဟားခါး ကားလမ်းမဘေးက တောင်ပြိုကျပြီး ကားလမ်း ပိတ်ခဲ့ရ (Credit: MOI)

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဖလမ်း-ဟားခါး ကားလမ်းမဘေးက တောင်ပြိုကျပြီး ကားလမ်းမ ပိတ်ခဲ့ရပါတယ်။ ဒေသခံအာဏာပိုင်တွေက သဘာ၀ ဘေးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ပေးနေပေမဲ့ အခုလာမယ့် မိုးရာသီကာလမှာ ချင်းပြည်နယ်အတွင်း ရေကြီး မြေပြိုမယ့် အန္တရာယ်တွေကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။ အသေးစိတ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဟားခါး-ဖလမ်း-ကလေး ကားလမ်းမကြီး မိုင်တိုင်အမှတ် ၈၂ ဝန်းကျင်၊ ဖလမ်း-ဟားခါး ကားလမ်းမပေါ်မှာ မေလ ၂၄ ရက် မနက်ပိုင်းက မိုး အဆက်မပြတ် ရွာသွန်းတာကြောင့် မြေပြိုကျပြီး ကားလမ်းမ ပိတ်သွားခဲ့လို့ အသွားအလာ ခေတ္တရပ်ဆိုင်းခဲ့တာပါ။ ဟားခါး-ဖလမ်း လမ်းမကြီး မြေပြိုတဲ့ အခြေအနေကိုတော့ ဒေသခံတဦးဖြစ်တဲ့ ဆလိုင်းထန်လျန်းက ပြောပါတယ်။

“ကားလမ်းက အသစ်ဆိုတော့လေ ကားလမ်းတွေပြိုတယ်။ ကားတွေကိုတော့ တညလောက် သိပ်ထားတယ်တဲ့။ ခရီးဆက်လို့မရဘူးတဲ့။ ဖလမ်း-ဟားခါးဘက်ကတော့ ပိုဆိုးတယ်တဲ့နော်။”

အသစ်ခင်းထားတဲ့ လမ်းမကြီးဘေး တောင်ပေါ်ကနေ မြေပြိုရတာဖြစ်တယ်လို့ ကလေးမြို့ခံ ကိုသန့်ဇင်ဆွေက ပြောပါတယ်။

“ကျနော်တို့သွားတဲ့အနေအထားအရဆိုရင် သူတို့က လမ်းတွေက အသစ်တွေကို ပြန်လုပ်ထားတဲ့အတွက် အကုန်လုံးက မြေပြိုမယ့်အနေအထားပဲ။ ကျနော်တို့ ကလေးနယ်ဘက်က ချောင်းထဲမှာကြည့်လို့ရှိရင် ရေတွေက မြေပြိုတဲ့ ရေတွေပဲ ဝါကျင်ကျင်ရေတွေပဲ ထွက်လာခဲ့တာ။”

အခုလို ကားလမ်း ပိတ်သွားပြီးနောက်မှာတော့ ဖလမ်းမြို့နယ် လမ်းဦးစီးဌာနက မြေစာတွေ ရှင်းလင်းပေးခဲ့ပြီး ခရီးသည်ကားနဲ့ ကုန်တင်ကားတွေ အဆင်ပြေပြေ သွားလာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ချင်းပြည်နယ်တွင်း မိုးသည်းထန်တာကြောင့် မြေပြိုပြီး အိမ်တွေပါ ပြိုတဲ့အထိ ဖြစ်ခဲ့တယ်လို့ ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဟုတ်တယ် ချင်းပြည်နယ် ဖလန်းမှာ ပြိုတယ်လို့ ပြောတယ်။ နောက်ပြီး တိုက်ကြီးပါ စောင်းစောင်းကြီး ဖြစ်သွားတာ။ အဲဒါမျိုး မြင်လိုက်ရတယ်။”

မိုးသည်းထန်လာတော့မယ့် မကြာခင်ကာလမှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကြောင့် လမ်းပိတ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်တယ်လို့ ဆလိုင်းထန်လျန်းက ပြောပါတယ်။

“မနေ့ကဆိုရင် တံတားတချို့ ရေထဲ မျောသွားတယ်။ အဲဒါကြောင့် အခု မိုးကျရင်တော့ ရေကြီးလို့ သွားလာရတာ အဆင်မပြေဘူး။ နောက် မြေပြိုတာတွေ၊ လေပြင်းတိုက်တာတွေ ကျနော်တို့ စိုးရိမ်တာပေါ့လေ။ ကားလမ်းတွေ ပြိုတယ်ဆိုရင်တော့ ဈေးတွေ ဘာတွေ တက်မှာပေါ့နော်။ စားကုန်တွေဘာတွေ။”

မနှစ်တုန်းက ချင်းပြည်နယ်မှာ မိုးကြီးရေလျှံမှုကြောင့် တောင်ပေါ်ဒေသမှာ ရွှံ့နွံကန်လို ဖြစ်နေပြီး ဒီနှစ် မိုးကြီးမြေပြိုခဲ့ရင် အဲဒီရွှံ့ကန်ပေါက်ကျမှာကို စိုးရိမ်တယ်လို့ မြေပြန့်ဒေသဖြစ်တဲ့ ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“နှစ်တိုင်းကတော့ မပြိုပါဘူး။ မနှစ်ကစပြီး ပြိုတာလေ။ မနှစ်က ရေကြီးတဲ့အချိန်ကပဲ စပြီးမှ ပြိုတာလေ။ ကျမတို့ကျတော့ ချင်းတောင်ကနေ မြေပြန့်လိုသဘောဆိုတော့လေ အဲဒီချင်းတောင်မှာ ရွှံ့ကန်နော် မိုးတအားကြီးရင်တော့ အဲဒီကန် ပေါက်ကျလာမှာ ပူရတာပါ။ အဲဒီကန်ပေါက်ကျလာရင် ကျမတို့ မြေပြန့်တွေက အကုန်မြုပ်မှာ။”

၂၀၁၅ တုန်းက ချင်းပြည်နယ် မိုးကြီးရေလျှံမှုကြောင့် ကျွဲနွားတိရစ္ဆာန် အပါအဝင် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG