သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်း ၁၅ဝ ကျော် တရုတ် အကူအညီပေး


ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ် အတွင်း တရုတ်သံမ္မတနှင့်တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ် အတွင်း တရုတ်သံမ္မတနှင့်တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး အလေးထား ကြောင်းပြသတဲ့အနေနဲ့ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်ယွမ်ငွေ သန်းတထောင် (အမေရိကန်ဒေါ်လာ ၁၅၁ သန်းကျော်) ထောက်ပံမှု အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်ဖို့ အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်ရေး တရုတ်အစိုးရဘက်က ကတိပြုခဲ့ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က မနေ့က ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်အပေါ် အဆိုးမြင်နေတဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို တစုံတရာအတိုင်းအတာလျော့ပါးစေတဲ့ ခြေလှမ်းအဖြစ်လည်း သုံးသပ်ချက်တွေရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်ထားပါတယ်။

မနေ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်ကနေ ရခဲ့တဲ့ အကျိုးရလာဒ်တွေနဲ့ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်ထင်က မြန်မာ့ရုပ်သံသတင်းဌာနကို အခုလို ပြောကြားခဲ့ပါတယ်။

“သိသာမြင်သာတဲ့ရလဒ်ကတော့ ကျနော်တို့ ကွန်လုံတံတားတည်ဆောက်ဖို့အတွက် ဖြစ်နိုင်ခြေ လေ့လာတိုင်းတာတဲ့သဘောတူညီချက်တရပ်ကို ကျနော်တို့လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံရဲ့တိုးတက်အောင်မြင်မှုတွေ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးကို အလေးထားကြောင်းပြတဲ့အနေနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက မြန်မာနိုင်ငံကိုပေါ့နော် ထောက်ပံ့ငွေ ယွမ် ၁ ဘီလီယံ (ယွမ် သန်း ၁၀၀၀ ) grant ပေးအပ်ဖို့အတွက် သဘောတူညီတာဖြစ်ပါတယ်။

နောက်တခုကတော့ အရေးကြီးတဲ့ကိစ္စကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ညီလာခံကြီး တရပ်ပေါ့နော်၂၁ ရာစုပင်လုံညီလာခံ မကြာမီကျင်းပတေ့ာမှာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း အောင်မြင်ရေးအတွက် တရုတ်ဘက်ကနေ ကူညီပေးဖို့ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာလည်း တရုတ်ဘက်ကလည်း အပြုသဘော ကူညီဆောင်ရွက်ပေးဖို့အတွက် သူတို့ကနေပြီးတော့ ကတိပေးပြောကြားခဲ့ပါတယ်။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာလ (၁၁)ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ဖို့ရှိတဲ့ မြန်မာအစိုးရရဲ့ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ကိုလည်း တရုတ်အစိုးရဘက်က လက်ခံကြောင်း အတူလိုက်ပါသွားတဲ့ လျှပ်စစ်ဝန်ကြီးဌာ အတွင်းဝန် ဦးထိန်လွင်က ပြောပါတယ်။

“ဒီခရီးစဉ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ လျှပ်စစ်နဲ့ စွမ်းအင် ကဏ္ဍနဲ့ ပတ်သက်လို့တော့ အထူးသဖြင့်တော့ ကျနော်တို့ မြစ်ဆုံစီမံကိန်းလည်းဆွေးနွေးကြပါတယ်။ မြစ်ဆုံစီမံကိန်းက ကျနော်တို့အခုဖွဲ့စည်းထားတဲ့ NLD ကဖွဲ့စည်းထားတဲ့ ကော်မရှင်ကို သူတို့အနေနဲ့လည်း လက်ခံပါတယ်။ လက်ခံတဲ့အတွက် ဒီ ကော်မရှင်ရဲ့အဆုံးအဖြတ်ကိုလည်း အလေးထားမှာဖြစ်ပါတယ်။”

အမေရိကန်ဒေါ်လာ ၃.၆ ဘီလံယံ အကုန်အကျခံတည်ဆောက်မယ့် မြစ်ဆုံဆည်စီမံကိန်းကို ငါးနှစ်ကြာရပ်ဆိုင်းထားတာနဲ့ပတ်သက်လို့ NLD အစိုးရဘက်က မျှမျှတတကိုင်တွယ်ဖြေရှင်းပေးဖို့ တရုတ်က လိုလားကြောင်း တရုတ်ဝန်ကြီးချုပ် လီခချန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံရာမှာ ပြောကြားခဲ့တာပါ။ ဖြေရှင်းဖို့နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲ မြစ်ဆုံဆည်စီမံကိန်းကို ပြန်စမယ့် နည်းလမ်းကတော့ ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း တရုတ်-မြန်မာဆက်ဆံရေးလေ့လာနေသူ သမ္ပဒီပ အင်စတီကျူးရှင်း ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်ဝင်းကသုံးသပ်ပါတယ်။

“အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့ လက်ရှိမြစ်ဆုံရေကာတာဆောက်ဖို့ကတော့ အင်မတန်ကိုခဲယဉ်းတယ်။ တချို့ကလည်း ပြန်စရင်စမယ်တဲ့ အခုလောလောဆယ်တော့ မဖြစ်သေးဘူးပေါ့လေ။ ကျနော်ပြောချင်တာက ဘာလဲဆိုတော့ တချို့နေရာမှာကျရင် နည်းပညာရှင်တွေ၊ ပညာရှင်တွေရဲ့ အကြံဉာဏ်လည်းယူရပါမယ်။

မြစ်ဆုံက မဖြစ်နိုင်ဘူးဆိုရင် အခုက တကယ်ကြည့်ပါဦး မြန်မာပြည်မှာ ရေကြီးနေတာ ၂ နှစ်ရှိပြီ ရေကြီးနေတယ်နော်။ လူတွေဘယ်လောက် ဒုက္ခရောက်လဲ။ ရေကြီးတဲ့အချိန်မှ သမ္မတတို့ ဘာတို့က ဟိုဟာလေးပေး၊ ဒီဟာလေးပေး ဆိုရင်မဖြစ်ဘူးလေ ဟုတ်တယ်မလား။ အဲဒီတော့ ရေကာတာတွေကို လျှပ်စစ်တခုထဲအတွက်နဲ့မကြည့်နဲ့ ၊ ရေကြီးမှုထိန်းသိမ်းရေးပေါ့လေ။ ဧရာဝတီဆိုရင်လဲ ဧရာဝတီမြစ်ကြီးက ကောနေပြီ ။ ဒီ ဧရာဝတီမြစ်ဝှမ်းတခုလုံးအတွက်ကို ကျနော်တို့ အမြန်ဆုံးနဲ့အကောင်းဆုံးနည်းကိုရှာရမယ်။”

အကယ်၍ မြန်မာပြည်သူတွေ ဆန့်ကျင်တဲ့ မြစ်ဆုံဆည်စီမံကိန်းကို တရုတ်အစိုးရဘက်က တွန်းလုပ်မယ်မယ်ဆိုရင် မှားယွင်းတဲ့ခြေလှမ်းဖြစ်တယ်လို့ ဒေါက်တာခင်ဇော်ဝင်းကပြောပါတယ်။

ဒါပေမဲ့လည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာ နိုင်ငံတော်ဧည်သည်အဖြစ် ခမ်းခမ်းနားနား ကြိုဆိုခဲ့တဲ့အပြင် နှစ်နိုင်ငံလုံးအကျိုးရှိဖို့ အပြန်အလှန်သဘောတူညီချက်တွေ ရရှိခဲ့သလို ရွေးကောက်ပွဲမတိုင်ခင် NLD ဥက္ကဌအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ခေါ်ခဲ့တဲ့ တရုတ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကြောင့် အရင်စစ်အစိုးရခေါင်းဆောင်တွေနဲ့ အနီးကပ်ဆက်ဆံခဲ့တဲ့ တရုတ်အပေါ် မြန်မာပြည်သူတွေရဲ့ အဆိုးမြင်မှုဟာ တစုံတရာအတိုင်းအတာထိ လျော့ပါးစေတယ်လို့ မြင်ကြောင်း ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“စီးပွားရေးနဲ့ လုံခြုံရေးကဏ္ဍတွေသာမကဘူးပေါ့နော် ဒီ Image perception ကိစ္စမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် က ပထမခြေလှမ်းလို့ ကျနော်လက်ခံပါတယ်။ ဒါပေမယ့်လည်း ပထမခြေလှမ်းဆိုပြီးတော့ ဒီအတိုင်းပဲ ဆက်လုပ်စရာတွေက လိုပါသေးတယ် ၂ နိုင်ငံစလုံးပေါ့နော်။

အခုကတော့ တရုတ်ကတော့ တော်တော်လေးကို အင်အားစိုက်ပြီးလုပ်နေတယ် ကျနော်လည်းသွားနေရတာပဲပေါ့ ။ ဒါပေမယ့် ဒီဥစ္စာက လွယ်လွယ်နဲ့တော့ မဖြစ်ဘူးပေါ့လေ။ ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင် ပညာတက်အသိုင်းအဝိုင်းကိုမေးတယ်ပဲထားပါဦး အခုတလောကမှ ကျနော်လည်း မန္တလေးကိုရောက်တယ်ဆိုတော့ တော်တော်လေးကို တရုတ်ကို အဆိုးမြင်နေကြသေးတယ်။”

သြဂုတ်လ (၁၇- ၂၁)ရက်နေ့ထိ ငါးရက်ကြာမြင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ် ရလာဒ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်း အတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသ အရေးကိစ္စတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား နားလည်ပြီးထောက်ခံကြောင်းဖေါ်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ၏ ''ခေတ်သစ် ပိုးလမ်းမကြီး(Belt and Road Initiative)”နှင့် ''ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေး စင်္ကြံန်'' ကနဦးဆောင်ရွက်ချက်များကို မြန်မာနိုင်ငံမှ ကြိုဆိုခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတ ရှီကျင့်ပင်၊ ဝန်ကြီးချုပ် လီခချန်နဲ့ တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဌ ကျန်းတယ်ကျန်းတို့နဲ့ သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆက်ဆံရေး အတွက် အရေးပါတဲ့ သဘောထားတွေကို ချမှတ်နိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG