သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်


တရုတ် ဝန်ကြီးချုပ် ဝန်ကျားပေါင် ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။
တရုတ် ဝန်ကြီးချုပ် ဝန်ကျားပေါင် ရဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ကြပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရဲ့ ပြီးခဲ့တဲ့ တပတ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် ရဲ့ ပြီးခဲ့တဲ့ တပတ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။ တရုတ်-မြန်မာ သံတမန် ဆက်သွယ်မှုတွေ အနှစ် (၆၀) ပြည့် အဖြစ် မြန်မာနိုင်ငံကို ၂ ရက်ကြာ ရောက်လာရင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လိုက်ကြတာပါ။ ဒါပေမဲ့လို့ တရုတ်-မြန်မာ ၂ နိုင်ငံကြား ဆက်ဆံမှုတွေဟာ စီးပွားရေးဆက်ဆံမှုတွေထက် ပိုပြီး လေးနက်မှုတွေရှိနေတယ်လို့လည်း အကဲခတ်တွေက သုံးသပ်နေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတနိုင်ငံလည်းဖြစ်၊ ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံတနိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံက ဝန်ကြီးချုပ် ဝန်ကျားပေါင် ရဲ့ ခရီးစဉ်အတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးပြီးဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရလိုက်ကြပါတယ်။ မြန်မာစစ်အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ တရုတ်ဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် တို့ တက်ရောက်ကြတဲ့ အခန်းအနားအတွင်း ရေအားလျှပ်စစ်၊ စွမ်းအင်နဲ့ သတ္ထုတူးဖော်ရေး စတာတွေ အပါအဝင်စီးပွားရေး သဘောတူညီချက် ၁၅ ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ကြတာပါ။

အဓိကအားဖြင့် စွမ်းအင်နဲ့ ကုန်သွယ်ရေးနဲ့ ၂ နိုင်ငံ အတူတကွ ပူးတွဲ လုပ်ဆောင်သွားဖို့ သဘောတူညီလိုက်ကြတာ ဖြစ်ပြီး၊ ဒီအထဲမှာ တရုတ်အစိုးရပိုင် CNPC ကုမဏီနဲ့ မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကြား တရုတ်နိုင်ငံကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရေးအတွက် ပိုက်လိုင်းတည်ဆောက်ရေး တရားဝင် စတင်ကြောင်းလည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်နိုဝင်ဘာလ ကတည်းက သဘောတူထားခဲ့တဲ့ ဒေါ်လာ သန်း ၁၅၀၀ ကုန်ကျမယ့် ရေနံပိုက်လိုင်းနဲ့ ဒေါ်လာသန်း ၁၀၄၀ ကုန်ကျမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ တည်ဆောက်ရေး လုပ်ငန်းတွေကို တရားဝင် လက်ခံ လက်မှတ်ရေးထိုး လိုက်ကြတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ ပြီးစီးသွားရင်တော့ နေ့စဉ် ရေနံစည်ပေပါ ၂ သိန်း ၄ သောင်း၊ သဘာဝဓာတ်ငွေ့ တနှစ်ကို ကုဗမီတာ ၁၂,၀၀၀ တရုတ်နိုင်ငံကို တင်ပို့သွားနိုင်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။

အာရှမှာသာမက ကမ္ဘာမှာပါ စီးပွားရေး တရှိန်ထိုး တိုးတက်လာနေတဲ့ တရုတ်နိုင်ငံ အနေနဲ့ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ မျက်စေ့ကျစရာ ဖြစ်နေရတာပါ။ အထူးသဖြင့်ကတော့ စီးပွားရေးအတွက် မောင်းနှင်အားဖြစ်တဲ့ စွမ်းအင်ကဏ္ဍမှာ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေဆဲဖြစ်တာ၊ ဈေးကွက်တွေ ချဲ့ထွင်ဖို့ လိုနေတာတွေကြောင့် ဒါတွေကို ဖြည့်ဆည်းဖို့ တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလာတာလို့ မြန်မာ့စီးပွားရေးကို အကဲခတ်စောင့်ကြည့်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေး ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“ပထမအနေနဲ့ကတော့ ကုန်ကြမ်းအရင်းအမြစ်တွေရဲ့ အရေးပါမှုနဲ့ ဒုတိယ အနေနဲ့က စွမ်းအင်အရင်းအမြစ်ရဲ့ အရေးပါမှုပါ။ နောင်မှာ ကြီးမားလှတဲ့ ရွှေသဘာဝဓာတ်ငွေ့သိုက်ကနေ ယူနန်ပြည်နယ်ထဲအထိ မြန်မာနိုင်ငံကနေ တင်သွင်းဖို့ ရှိနေတာမို့ ဒုတိယ အကြောင်းရင်းကတောင် ပိုပြီး အရေးကြီးနိုင်ပါတယ်။ စွမ်းအင်ကဏ္ဍမှာ ပြောမယ်ဆိုရင်တော့ ရေအားလျှပ်စစ်ထုတ်လုပ်မှု အပိုင်းလည်း ရှိပါတယ်။ မြန်မာပြည်မှာထုတ်ပြီး တရုတ်နိုင်ငံထဲ တင်သွင်းမှာပါ။ နောက်ဆုံး တခုအနေနဲ့ကတော့ ယူနန်ပြည်နယ်က စက်ရုံတွေက ထုတ်တဲ့ ကုန်ပစ္စည်းတွေ အများအပြားကို တင်သွင်းနေတာ ဖြစ်တာမို့ မြန်မာနိုင်ငံဟာ အတော်အသင့် ကောင်းမွန်တဲ့ ဈေးကွက်တခုပါ။”

တရုတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံတနိုင်ငံ အဖြစ် နှစ်ဘက် ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိဆိုရင် ဒေါ်လာသန်းပေါင်း ၁,၇၃၀ အထိ ရှိခဲ့ကြောင်း တရုတ်အစိုးရရဲ့ စာရင်းဇယားတွေက ဖော်ပြထားကြတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုမှာ စတုတ္ထအများဆုံး အဖြစ်နဲ့ ဒေါ်လာသန်း ၃၃၀ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ချဲ့ထွင်လာတာနဲ့အမျှ ဒါတွေရဲ့ အကျိုးဆက်တွေလည်း ကြုံနေရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး တရုတ်နိုင်ငံနဲ့ သဘောတူညီချက်တွေရထားတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကစလို့၊ သစ်ထုတ်လုပ်မှုအဆုံး စီးပွားရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံက တွင်တွင်ကျယ်ကျယ် ဝင်ရောက် လုပ်ကိုင်လာတာတွေကြောင့် နောက်ဆက်တွဲ ပတ်ဝန်းကျင်နဲ့ လူမှုရေးအရ ထိခိုက်မှုတွေ ကြုံရလိမ့်မယ်လို့ ပါမောက္ခ တာနဲလ် က ဆိုပါတယ်။
“ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေဟာ တကယ့်ကို ဆိုးဆိုးရွားရွား ရှိနေပါတယ်။ ဒီလိုပဲ မြန်မာ့စီးပွားရေး အစိတ်အပိုင်း အတော်များများကို တရုတ်က ရယူထားတယ်လို့ မြင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အတော်များများ ရှိနေတာကြောင့် လူမှုရေးအရ ထိခိုက်မှုတွေ ရှိတယ်လို့လည်း ကျနော်ထင်ပါတယ်။ ဒါကြောင့်မို့ အတော်အသင့်ကြာလာတဲ့အချိန်၊ ကာလ အတော်ကြာလာတဲ့ အခါကြရင်တော့ မြန်မာ့စီးပွားရေးမှာ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ် မကျေနပ်တာ၊ ပတ်ဝန်းကျင် ထိခိုက်တာတွေကြောင့် တင်းမာမှုတွေ ရှိလာပါလိမ့်မယ်။”

ဒီလို အနာဂတ်အတွက် အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ ရှိနေတဲ့တိုင်အောင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံနဲ့ လုပ်ဆောင်နေတာဟာဖြင့် ဒီထက်ပို လေးနက်တဲ့ အကြောင်းရင်းတွေ ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေက တွက်ဆကြ ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတာမို့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံနေရတဲ့ မြန်မာစစ်အစိုးရ အနေနဲ့ ထွက်ပေါက်အဖြစ်နဲ့သာမက၊ နိုင်ငံရေးအရ ကျောထောက် နောက်ခံ ရစေဖို့ တရုတ်နိုင်ငံကို အားထားနေရတာတွေက ဒီလို နီးစပ်တဲ့ ဆက်ဆံမှုတွေရဲ့ အကြောင်းရင်းခံတွေ ဖြစ်တယ်လို့ ပါမောက္ခ တာနယ်လ် က ယူဆပါတယ်။
“တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံဆိုတာထက်၊ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံရဲ့ အရေးပါမှုက ပိုပါတယ်။ ဥပမာအနေနဲ့ ကျနော်တို့ သိထားတာဟာဆိုရင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီနဲ့ တခြားနေရာတွေမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက်တော့ တကယ့်ကို အကာအကွယ်ပေးနေတာပါ။ တကယ်တော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေအတွက် အရေးကြီးတဲ့ အရင်းအမြစ် ဒေသတခုဖြစ်သလို၊ လက်နက်ရောင်းချဖို့ အတွက်လည်း အရေးပါပါတယ်။ ဒါကြောင့် နအဖ အနေနဲ့ တရုတ်နိုင်ငံကို အကြီးအကျယ် အားထားနေရတယ်လို့ ကျနော် ယူဆပါတယ်။ ဒါပေမဲ့လည်း ဒီလို တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရတာကို သူတို့ သဘောမကြကျပါဘူး။ ဒါပေမဲ့လည်း ဒီအတိုင်း တကယ်တမ်းမှာ ဖြစ်နေတာမို့၊ တင်းမာမှု အနည်းအကျဉ်းတော့ ရှိတယ်လို့လည်း ကျနော်ထင်ပါတယ်။”

၂၀၀၀ ပြည့်လွန်နှစ်တွေကစလို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်မှုတွေကနေ ဝင်ငွေတွေ အကြီးအကျယ်ရလာတဲ့ နေရာမှာ ၂၀၀၈ ခုနှစ်မှာတော့ ပြည်ပပို့ကုန် လုပ်ငန်းကနေ ဒေါ်လာ သန်းပေါင်း ၆,၆၀၀ အထိဝင်ငွေ ရခဲ့တာဖြစ်ပြီး ဒီအထဲက ၄၅ ရာခိုင်နှုန်းဟာ သဘာဝဓာတ်ငွေ့က ဖြစ်ပါတယ်။ နောက်ထပ်လည်း မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ပိုက်လိုင်းတွေက တင်ပို့မယ့် အစီအစဉ်တွေ ရှိနေတာမို့၊ ဒီကဏ္ဍကနေ နောက်လာမယ့် ၅ နှစ်အတွင်း ဝင်ငွေဟာ အနည်းဆုံး ၂ ဆ တိုးလာလိမ့်မယ်လို့လည်း ဝါရှင်တန် အခြေစိုက် Institute of Peace ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ့စီးပွားရေး အခြေအနေဆိုတဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြခဲ့တာပါ။

တကယ်တော့ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်တွေ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့ စီးပွားရေး ပူးတွဲ လုပ်ဆောင် လာတာတွေ၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေနဲ့ နိုင်ငံခြားငွေ အမြောက်အများရနိုင်တဲ့ လုပ်ငန်းတွေကို ချဲ့ထွင်လာတာဟာ ယေဘုယျအားဖြင့် တိုင်းပြည်အတွက် အပေါင်းလက္ခဏာ ဆောင်ပေမဲ့လည်း၊ ဒီအရင်းအမြစ်တွေကို စီမံခန့်ခွဲမှုတွေအပေါ် သံသယတွေရှိနေကြတာပါ။ ဒီစီးပွားရေးလုပ်ငန်းတွေကို စစ်အစိုးရနဲ့ နီးစပ်သူတွေကသာ ချုပ်ကိုင်ထားတယ်၊ အစိုးရ အနေနဲ့လည်း ရလာတဲ့ ဝင်ငွေတွေကို တိုင်းပြည်မှာ သုံးစွဲသင့်တဲ့နေရာတွေမှာ မသုံးပဲ၊ စစ်တပ်အတွက်သာ သုံးနေတယ်ဆိုပြီး လေ့လာသူတွေက ပြောဆိုတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ သွားရောက်ပြီး စီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်မှုတွေ လုပ်ခဲ့တဲ့ နိုဘဲလ်ဆုရှင် စီးပွားရေးပညာရှင် ပါမောက္ခ ဂျိုးဇက်ဖ် စတစ်ဂ်လစ်ဇ် (Joseph Stiglitz) ကဆိုရင်လည်း ရေနံ သဘာဝဓာတ်ငွေ့က ရလာမယ့် ဒေါ်လာ သန်းပေါင်းများစွာကို တိုင်းပြည်အတွက် အမျှော်အမြင်ရှိရှိ သုံးစွဲသွားဖို့ လိုလိမ့်မယ်လို့ အကြံပြုခဲ့ဘူးတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG