သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အလုပ်သမား ဆန္ဒပြပွဲတွေနဲ့ စီးပွားရေး အလားအလာ


တရုတ်နိုင်ငံမှာ အလုပ်သမားတွေ လုပ်ခလစားတိုးရရေး တောင်းဆို ဆန္ဒပြမှုတွေ ပိုပြီးမြင်တွေ့လာရပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်သမားတွေ လုပ်ခလစားတိုးရရေး၊ လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်ရေး၊ စတာတွေ အတွက် တောင်းဆို ဆန္ဒပြမှုတွေကို အခုတလော ပိုပြီးမြင်တွေ့လာရပါတယ်။ ကမ္ဘာပေါ်မှာ ဈေးချိုတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံက အလုပ်သမားတွေ လုပ်ခလစားတွေ တိုးလာတာဟာ ကုန်ထုတ်လုပ်မှု စားရိတ် တိုးလာစေမယ့် လက္ခဏာဆောင်နေတာမို့၊ လှုပ်ရှားမှုတွေက ရှေ့လာမယ့် အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိလာလေမလား တွက်ဆမှုတွေလည်း ရှိနေတာပါ။

ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Peter Simpson, Mil Arcega တို့ရဲ့ သတင်းပေးပို့ချက်နဲ့အတူ တရုတ်နိုင်ငံရဲ့ အလုပ်သမားဈေးကွက် အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး ဖြစ်တာနဲ့အမျှ လုပ်သားအင်အား ပေါများလှတဲ့ တရုတ်နိုင်ငံမှာ လုပ်ခလစာ တိုးရဖို့၊ လုပ်ငန်းခွင် အခြေအနေတွေ တိုးတက်စေဖို့ ဇွန်လနှောင်းပိုင်းမှာ တရုတ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ တိုယိုတာ မော်တော်ကား စက်ရုံက အလုပ်သမားတွေ လစာပိုရရေး အလုပ်မလုပ်ပဲ ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါဟာဆိုရင် ဟွန်ဒါ မော်တော်ကား စက်ရုံမှာ အလုပ်သမားတွေ သီတင်း ၂ ပတ်ကြာ ဆန္ဒပြခဲ့ကြလို့ နောက်ဆုံး လစာတွေ ၂၄ ရာခိုင်နှုန်းကနေ ၃၄ ရာခိုင်နှုန်းအထိ တိုးပေးခဲ့ရပြီး ကြုံခဲ့ရတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တခုပါ။

ဒီလို တရုတ်နိုင်ငံက စက်မှုလုပ်ငန်းတွေမှာ မတည်မငြိမ် ဖြစ်ရတဲ့ အခြေအနေတွေဟာ အလုပ်သမား ဆန္ဒပြပွဲတွေနဲ့ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုတွေ ခေါင်းထောင်ထလာတဲ့ ခေတ်တခေတ်ကို ရောက်လာတာလား၊ ဒါမှမဟုတ်ရင်လည်း တရုတ်နိုင်ငံက ဈေးပေါတဲ့ အလုပ်သမားဈေးကွက် အဆုံးသတ်ချိန် ရောက်ပြီလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

တရုတ်နိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ကို တားမြစ်ထားတာတော့ ကြာလှပါပြီ။ ဒီလို အလုပ်သမား သပိတ်တွေမှာ ကြားဝင်စေ့စပ် ဖြန်ဖျေဖို့ အတွက်ကိုတော့ တရုတ်အစိုးရကွန်မြူနစ်ပါတီက ထိန်းချုပ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို စေလွှတ်ဖြေရှင်းလေ့ရှိပါတယ်။ အလုပ်သမားအများစုကတော့ ဒီအလုပ်သမား သမဂ္ဂဟာ အားကိုးလောက်တယ်လို့ မထင်ကြပါဘူး။ တချို့ကဆိုရင်လည်း အစိုးရ အလုပ်သမား သမဂ္ဂ တာဝန်ရှိသူတွေက အကြမ်းပတမ်းနည်းတွေသုံး၊ ခြိမ်းခြောက်မှုတွေလုပ်ပြီး လုပ်ငန်းခွင်တွေကို ပြန်ဝင်ခိုင်းတယ်လို့ ပြောဆိုတာတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမားတွေဟာ အရင်ကထက် ပိုပြီး စနစ်တကျစုစည်းလာတာ၊ အခြေအနေတွေ တိုးတက်အောင် စည်းစည်းရုံးရုံး ပါးပါးနပ်နပ် လုပ်ဆောင်လာတဲ့ လက္ခဏာတွေကို ပိုပြီး တွေ့လာရပေမဲ့ အစိုးရကတော့ ထိန်းမနိုင် သိမ်းမရဖြစ်လောက်အောင်တော့ ခွင့်ပြုမယ့် အလားအလာတွေ မရှိပါဘူး။ ဟောင်ကောင် အခြေစိုက် အလုပ်သမားရေးရာ စာစောင်က ဂျက်ဖရီ ခရော့သဲလ် (Geoffrey Crothall) ကတော့ လတ်တလော ဆန္ဒပြပွဲတွေဟာ စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား အချေအတင် ကိစ္စတွေသာ ဖြစ်တာမို့ ဒါတွေကို သည်းညည်းခံနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အလုပ်သမားတွေရဲ့ မကျေနပ်မှုတွေဟာ စီမံခန့်ခွဲသူတွေနဲ့ အလုပ်သမားတွေကြား အချေအတင် ဖြစ်ကြတဲ့ ကိစ္စတွေအဖြစ် သဘောပေါက် ထားတာမို့ အစိုးရက အကျိုးသင့်အကြောင်းသင့် သည်းညည်းခံနေတာပါ။ ဒါတွေဟာ နိုင်ငံရေးအရ ခြိမ်းခြောက်မှုတွေ မဟုတ်သလို၊ သီးခြားစီ ကိုင်တွယ်ရမယ့် ကိစ္စတွေအဖြစ် သဘောထားတာ ဖြစ်ပါတယ်။”

ပုံတူကူး ပေါ်ပေါက်လာနေတဲ့ ဆန္ဒပြပွဲတွေဟာ အဓိကအားဖြင့် နိုင်ငံခြားပိုင် ကုမ္ပဏီတွေမှာ ဖြစ်ပွားနေတာပါ။ ဒီအတွက် လုပ်အားခ ဈေးပေါပြီး၊ ဝယ်လိုအားတွေ ရှိနိုင်တဲ့ တရုတ်နိုင်ငံရဲ့ အလုပ်သမားဈေးကွက် အလားအလာတွေအပေါ် အခွင့်ကောင်းယူပြီး ကုန်ထုတ်လုပ်ငန်းတွေကို ရွှေ့ပြောင်းလာတဲ့ လုပ်ငန်းရှင်တွေအဖို့ ပြဿနာတွေ ဖြစ်လာနေရပါတယ်။ အလုပ်သမား ဆန္ဒပြမှုတွေကို ဖြေရှင်းရာမှာ၊ စက်ရုံပိုင်ရှင်တွေ လစာတိုးပေးရမယ် ဆိုရင်တော့ ကုန်ထုတ်လုပ်မှု စားရိတ်တိုးလာပြီး ကမ္ဘာ့ဈေးကွက်မှာ တိုးဖို့ အခက်ကြုံ လာစရာတွေ ရှိနေတာပါ။

တကယ်တော့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေရေး အနောက်နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ ဈေးပေါတဲ့ ကုန်တွေအပေါ် အားထားနေခဲ့တာ ဆယ်စုနှစ် ၂ စုလောက် ရှိပါပြီ။ အခုဆိုရင်လည်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထစေဖို့နဲ့ ဝယ်ယူစားသုံးမှု အလေ့အထတွေ ကြီးထွားလာစေဖို့နဲ့ တရုတ်နိုင်ငံက ဈေးပေါတဲ့ အလုပ်သမားဈေးကွက်အပေါ်မှာ မှီခိုနေရဆဲပါ။

အခုအခါ အလုပ်သမားတွေ လုပ်ခလစာ တိုးတောင်းလာတာမို့ အရင်ကလို ဈေးပေါတဲ့ အလုပ်သမားတွေကို မျှော်လင့်နိုင်ပါတော့မလား တွက်ဆမှုတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံ အတွင်းပိုင်းထဲက အလုပ်သမား ဈေးကွက်တွေ ရှိနေဆဲ ဖြစ်တာမို့ ပြဿနာဟာ စိုးရိမ်ရလောက်အောင် မဟုတ်ဘူးလို့လည်း တွက်ဆနေကြတာပါ။ တရုတ်လူမှုသိပ္ပံပညာ ပါမောက္ခ တဦးဖြစ်တဲ့ ရီရှောင်ရောင်း (Yi Xianrong) ကတော့ တရုတ်နိုင်ငံက ဈေးပေါတဲ့ အလုပ်သမားဈေးကွက် ရုတ်တရက် ခန်းခြောက် မသွားနိုင်သေးဘူးလို့ ဆိုပါတယ်။
“လုပ်ခနည်းနည်းပဲ ပေးရတဲ့ လုပ်အားတွေကို အကန့်အသတ်မရှိ နှစ်ပေါင်းများစွာ ဘယ်လိုများ ရနေတာလည်း ဆိုတာကို တချို့က အံ့သြကြပြီး ဒီအရင်းအမြစ်တွေဟာလည်း သက္ကရာဇ် ၂၀၁၅ ခုနှစ်မှာ တဖြည်းဖြည်း ကုန်ခမ်းလာမယ်လို့ ဆိုကြပါတယ်။ ကျနော်ကတော့ ဒါကို သဘောမတူပါဘူး။ ဘာလို့လည်းဆိုတော့ ကျေးလက်နေ လူဦးရေက သိပ်ကို ကြီးမားလွန်းလို့ပါ။ တနိုင်ငံလုံး လူဦးရေရဲ့ ၃ ပုံ ၂ ပုံ ရှိနေတာပါ။”

တရုတ်အလုပ်သမားတွေ လုပ်ခလစား တိုးရဖို့ တောင်းဆို ဆန္ဒပြမှုတွေနဲ့ မရှေးမနှောင်းဆိုသလို၊ ထုတ်လုပ်မှုစားရိတ် မြင့်မားမှာကို စိုးရိမ်မကင်း ဖြစ်မှုတွေနဲ့အတူ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေ အခုကိုပဲ အလုပ်သမားတွေ ဈေးပေါပေါ ရနိုင်တဲ့ တရုတ်နိုင်ငံ အတွင်းပိုင်းထဲက ကျေးလက်ဒေသတွေကို ပြောင်းရွှေ့လုပ်ကိုင်စ ပြုနေကြပါပြီ။ အလုပ်သမားရဖို့နဲ့ ထုတ်လုပ်မှုစားရိတ် လျှော့ချဖို့အတွက်သာ မက၊ တရုတ်ပြည်မကြီးရဲ့ ဈေးကွက်ကို ဖွံ့ဖြိုးလာစေဖို့နဲ့ ပြည်တွင်း ဝယ်လိုအားတွေကနေ အကျိုးအမြတ် ရစေဖို့ စီးပွားရေးသမားတွေ လုပ်ငန်းတွေကို တိုးချဲ့လာကြတာလို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

တရုတ်အစိုးရရဲ့ လူဦးရေနဲ့ မိသားစုစီမံကိန်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်ထဲမှာ နိုင်ငံတဝန်း ရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ၂၁၁ သန်းရှိနေပြီး လက်ရှိမူဝါဒအတိုင်း ဆက်သွားမယ်ဆိုရင် ဒီရာစုနှစ်လယ်ပိုင်းလောက် ရောက်တဲ့အခါ သန်း ၃၅၀ လောက်အထိ ရှိနိုင်တယ်လို့လည်း တွက်ဆထားတာပါ။

ဒီလို အရင်းအမြစ်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုပေမဲ့ အစိုးရ အနေနဲ့ အဓိက ပြဿနာအဖြစ် နိုင်ငံရဲ့ စီးပွားရေး အောင်မြင်မှုအတွက် ကျောရိုးလို့ ဆိုရမယ့် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နောက်မျိုးဆက်တခုက မျှော်လင့်လာမယ့် အခြေအနေတွေကို စီမံခန့်ခွဲသွားဖို့ ဖြစ်လိမ့်မယ်လို့ ဟောင်ကောင် အခြေစိုက် Credit Suisse ဘဏ်ကြီးက စီးပွားရေးပညာရှင် ဗင်းဆင့် ချန်း (Vincent Chan) က ပြောပါတယ်။
“လူတွေရဲ့ မျှော်လင့်ချက်တွေက ပြောင်းလဲသွားပါပြီ။ ပထမမျိုးဆက် ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မြို့ပေါ်မှာ နေရတာကို ဘယ်လိုမှ သဘောမထားကြပါဘူး။ သူတို့ရွာသူတို့ ပြန်ပြီး အိမ်ဆောက်နိုင်ဖို့ အချိန်ပို အလုပ်လုပ် ရမှာကိုလည်း စိတ်ထဲမှာ ဘယ်လိုမှ မရှိကြပါဘူး။ ဒါပေမဲ့ အခု အလုပ်သမား မျိုးဆက်သစ်မှာ ဒါမျိုး ဘယ်လိုမှ မရတော့ပါဘူး။ ဒါကြောင့်မို့လို့လည်း ဒီလို ကွဲပြားတဲ့ မျှော်လင့်ချက်တွေရဲ့ ဖြစ်နိုင်စရာရှိတဲ့ အဓိပ္ပါယ်ကတော့ အစိုးရ၊ အထူးသဖြင့်ကတော့ ဒေသဆိုင်ရာ အဆင့်မှာ ဒီလူတွေအတွက် မြို့နေလူတန်းစားတွေ ဖြစ်လာအောင် ဝန်ဆောင်မှုတွေ ပိုပေးလာရမှာပါ။”

အလုပ်သမား ဆန္ဒပြပွဲတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဇွန်လလယ်မှာပဲ၊ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် က လူ့အသိုင်းအဝန်း အနေနဲ့ အလုပ်သမားတွေကို သားသမီးတွေလို ပြုမူဆက်ဆံဖို့ လိုတယ်လို့ တိုက်တွန်းခဲ့တာပါ။ လတ်တလော အခြေအနေမှာတော့ တရုတ်နိုင်ငံရဲ့ အလုပ်သမားဈေးကွက် တခုလုံးအနေနဲ့ နေ့ချင်းညချင်း အပြောင်းအလဲတွေ ဖြစ်လာဖို့ မမြင်ရသေးပါဘူး။ ဒါပေမဲ့လည်း အခုနောက်ဆုံး တွေ့လာရတဲ့ အလုပ်သမား လှုပ်ရှားမှုတွေဟာဖြင့် တချိန်က ဈေးပေါပေါနဲ့ရတဲ့ အနှိမ်ခံ အလုပ်သမားတွေ အဖြစ်ရပ်တည်နေခဲ့ရတဲ့ အခြေအနေတွေကနေ ပြောင်းလဲလာတော့မယ့် အစလက္ခဏာ တခုလို့တော့ ဆိုနိုင်မှာဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG