သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်တပ် ကြီးထွားချိန် ထိုင်ဝမ် စစ်အင်အားဖြည့်ဖို့ ကြိုးပမ်း


တရုတ်နိုင်ငံက သူ့ရဲ့ စစ်ရေးအင်အားကို တိုးမြှင့်နေတယ်ဆိုတဲ့ အမေရိကန် ကာကွယ်ရေးဌာနရဲ့ အစီရင်စာသစ်တခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာ လက်နက်တွေ ပိုရောင်းပေးဖို့ ထိုင်ဝမ်က အမေရိကန်ကို ပြောလိုက်ပါတယ်။

အမေရိကန်လုပ် F-16 အမျိုးအစား တိုက်လေယာဉ်တွေ၊ ဒီဇယ်ဆီနဲ့ မောင်းတဲ့ ရေငုပ်သင်္ဘောတွေနဲ့ တခြား စစ်သုံး ကိရိယာတွေကို အမေရိကန် အစိုးရ ဆီကနေ ဝယ်ယူလိုတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Yu Sy tue က ပြောပါတယ်။

ဒေါ်လာ ၆.၄ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ထိုင်ဝမ်ကို ရောင်းချပေးဖို့အတွက် အမေရိကန်က ဇန်နဝါရီလမှာ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တရုတ်အစိုးရက စိတ်ဆိုးပြီး အမေရိကန်နဲ့ စစ်ရေးဆိုင်ရာ အဆက်အဆံကို ဖြတ်လိုက်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ ခွဲထွက်နယ်မြေ တခုအဖြစ် တရုတ်အစိုးရက သဘောထားတာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်ရဲ့ စစ်ရေးချဲ့ထွင်မှုဟာ အဓိက ထိုင်ဝမ်ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ တရုတ်နိုင်ငံဟာ အဆင့်မြင့် ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေနဲ့ အကွာအဝေးမျိုးစုံ ပစ်နိုင်တဲ့ ဒုံးလက်နက်တွေကို ပိုပြီး ထုတ်လုပ်နေတယ်လို့ အစီရင်ခံစာမှာ ပါပါတယ်။

ထိုင်ဝမ် ရေလက်ကြားထဲက စစ်ရေး အားပြိုင်မှုတွေမှာ တရုတ်စစ်တပ်ရဲ့ အင်အား ဆက်လက်ပြီး အသာစီး အနေအထားမှာ ရှိနေဖို့အတွက် တရုတ်က ဆောင်ရွက်နေတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာ တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်က ဒေါ်လာ ၁၅၀ ဘီလီယံလောက် ခန့်မှန်းချေ ရှိခဲ့တယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ ဒီပမာဏဟာ တရုတ်အစိုးရ တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းထက် ၂ ဆ များပါတယ်။

XS
SM
MD
LG