သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ သံဆက်ဆံရေး နှစ် ၆၀ နဲ့ ဝန်ကြီးချုပ် ဝမ်ရဲ့ ခရီးစဉ်


၁၉၅၀ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးဟာ အခုဆို နှစ် ၆၀ တင်းတင်း ပြည့်သွားပါပြီ။ နှစ် ၆၀ သံတမန် ဆက်ဆံရေးဟာ အမြဲတမ်း ဖြောင့်ဖြူးခဲ့တာတော့ မဟုတ်ပါဘူး။ တရုတ်၊ မြန်မာ အကြားမှာ ဆက်ဆံရေး အတော်လေး တင်းမာတဲ့ ကာလတခုလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့က အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးကောင်း ရှိနေဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးချန်ထွန်းက ယူဆပါတယ်။ တရုတ်၊ မြန်မာ နှစ် ၆၀ ဆက်ဆံရေး စုံစမ်း မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်၊ မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့်ချိန်ဟာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စွမ်းအင်ကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ နယ်စပ်ကိစ္စတွေအပြင် မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲကိစ္စကိုလည်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပြောကြ ဆိုကြမယ်လို့ ယူဆထားကြပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း တရုတ်၊ မြန်မာ နှစ် ၆၀ ပြည့် သံတမန် ဆက်ဆံရေး အထိမ်းအမှတ် အနေနဲ့ ကျပ် ၁၀၀ တန် တံဆိပ်ခေါင်း ထုတ်ဝေပြီး အခု ဇွန်လ ၈ ရက်နေ့မှာ စတင်ဖြန့်ဖြူး ရောင်းချပေးဖို့ စီစဉ်ထားပါတယ်။

အခုအချိန်မှာ မြန်မာစစ်အစိုးရ အတွက်တော့ တရုတ်နိုင်ငံဟာ အဓိက နိုင်ငံတကာ မဟာမိတ် ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ယူ ကြ ပါတယ်။ မြန်မာအစိုးရအပေါ် နိုင်ငံတကာက ဝေဖန်တာ၊ အရေးယူတာတွေ အပေါ်မှာလည်း တရုတ်နိုင်ငံက အကာအကွယ် ပေးခဲ့ပါတယ်။ ဒါက နိုင်ငံရေးအရ ဆက်နွယ်ပတ်သက်မှုပါ။ စီးပွားရေးမှာဆိုရင်လည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်း တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တရုတ်၊ မြန်မာ ဆက်ဆံရေးဟာ နှစ် ၆၀ လုံးလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉၆၈-၆၉ တရုတ်၊ မြန်မာ အဓိကရုဏ်းကြောင့် တရုတ်၊ မြန်မာ ဆက်ဆံရေးဟာ အတော်လေး တင်းတင်းမာမာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံဘက်က ပြေပြေလည်လည်ဖြစ်အောင် ကြိုးပမ်းယူခဲ့ရတယ်လို့ ၁၉၇၄-၇၆ ခုနှစ်ကာလမှာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး လုပ်ခဲ့တဲ့ သခင်ချန်ထွန်းက ပြောပါတယ်။

“၆၈-၆၉ မှာက တရုတ်၊ မြန်မာ အဓိကရုဏ်း ဖြစ်ခဲ့တာကိုး။ အဲဒီတုန်းက တရုတ်တွေ တော်တော်များများ သေတယ်။ ယူနန်နယ်စပ်မှာဆို မြန်မာစစ်တပ်နဲ့ တရုတ်စစ်တပ်နဲ့ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်။ ဟိုဘက်က လူထုနဲ့ဘာနဲ့ တရုတ် အရပ်သားတွေက ထောင်နဲ့သောင်းနဲ့ချီပြီး တက်တာ။ အဲဒီလိုဖြစ်ခဲ့တာ။ အဲတော့ ဒီက ဦးနေဝင်းက အခြေအနေ မကောင်းဘူးဆိုပြီး သွားပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပြန်ပြီး တည်ဆောက်ဖို့ ပြောတော့ ဆိုတော့ တရုတ်ကလည်း ရှောရှောရှူရှူနဲ့ လက်ခံလိုက်ပြီး အဲဒီကစပြီး ကောင်းလာခဲ့တာ။”

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာ ဆက်ဆံရေးက ပိုပြီးတော့ နီးစပ်သွားတယ်လို့ ပြောနိုင်မလား။

“မြန်မာအစိုးရက ၁၉၈၈ နှိပ်ကွပ်မှုတွေ ဘာတွေ ရှိတာကို တရုတ်အစိုးရက အသိအမှတ် မပြုဘဲနဲ့ မြန်မာအစိုးရနဲ့ ချစ်ကြည်ရေး ဆက်ပြီး ဆောင်ရွက်တာ။ ဆောင်ရွက်တော့ မြန်မာအစိုးရကလည်း အမေရိကန်တို့ EU ဥရောပ သမဂ္ဂတို့က သပိတ်မှောက်ထားတဲ့ အခြေအနေမှာ ဒီလိုတရုတ်က ထောက်ခံတော့ တရုတ်ပဲ ပိုပြီး ရင်းနှီးအောင် ဆက်ဆံတော့တာပေါ့။”

မြန်မာနိုင်ငံလို နိုင်ငံမျိုးအနေနဲ့ တရုတ်နိုင်ငံက Geo politics အရ ဘယ်လောက်ထိ အရေးပါတယ်လို့ အန်ကယ့် အတွေ့အကြုံအရ ဘယ်လိုမြင်ပါသလဲ။

“တရုတ်လူမျိုးတွေကလည်း မြန်မာပြည်ထဲမှာ အများကြီး ရှိနေတယ်လေ။ သိန်းနဲ့သန်းနဲ့ချီ ရှိနေတဲ့ အခါကြတော့ တရုတ်ပြည်နဲ့ မြန်မာပြည် ချစ်ခင်ရင်းနှီးမှု ထူထောင်ဖို့ မြန်မာအစိုးရ အနေနဲ့ လိုအပ်တယ်လို့ ယူဆပါတယ်။ ဒါမှသာလျှင် နှစ်နိုင်ငံ ချစ်ကြည်ရေး ရင်းနှီးပြီးတော့ ယှဉ်တွဲနေထိုင်သွားလို့ ရမယ်လို့ ယူဆပါတယ်။ မြန်မာပြည် အနေနဲ့က အင်အားကြီးတဲ့နိုင်ငံ မဟုတ်ဘူး။ မြန်မာပြည်ဘက်ကနေ တကယ်လို့ အမေရိကန်တို့ ဘာတို့က လိုက်လာရင်လည်း၊ အနောက်အုပ်စုက လိုက်လာရင်လည်း မြန်မာပြည်ဟာ စစ်မြေပြင် သဘောမျိုးပဲ ဖြစ်သွားမှာပဲ။ ပြည်သူလူထု တရပ်လုံး နစ်နာမှာပဲ။”

လက်ရှိ အနေအထားမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေအတွက် ဆိုပြီးတော့၊ နိုင်ငံတကာက တရုတ်က မြန်မာနိုင်ငံကို ဖျောင်းဖျနိုင်မယ်ဆိုပြီး တွန်းအားပေးနေတာတွေ ရှိပါတယ်။ အဲတော့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်နဲ့ ပတ်သက်ပြီးရော အန်ကယ် ဘယ်လိုယူဆပါသလဲ။

“တရုတ်က သူများနိုင်ငံရေး ဝင်မရှုပ်ရဆိုတဲ့ မူဝါဒအရ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုတဲ့ တိုက်တွန်းချက်မျိုးတော့ လုပ်မယ်မထင်ဘူး။ သို့သော် အရိပ်အမြွက်တော့ တိုင်းပြည် ငြိမ်းချမ်း သာယာနေရင် ပိုကောင်းမယ်ဆိုတဲ့ သဘောမျိုးကတော့ ပြောနိုင်ပါတယ်။ ကျန်တာကတော့ ဘာလုပ်ပါ၊ ညာလုပ်ပါလို့ ပြောမယ့်နိုင်ငံ မဟုတ်ပါဘူး။ ထို့အတူပဲ ပြောရင်လည်း မြန်မာအစိုးရ အနေနဲ့ကတော့ လက်ခံမှာ မဟုတ်ပါဘူး။ အမှန်ကတော့ ဘယ်သူကပြောပြော ကမ္ဘာပေါ်မှာ ငါကွဆိုတဲ့ မာန်မာနရှိတဲ့ အစိုးရ၊ မာန်မာနရှိတဲ့ နိုင်ငံ ဖြစ်နေပါတယ်။”

မြန်မာစစ်အစိုးရအနေနဲ့ အခုနောက်ပိုင်း တရုတ်နဲ့ အတော်လေး နီးစပ် အဆင်ပြေခဲ့တယ် ဆိုပေမဲ့ ဒီနှစ်ပိုင်းဖြစ်ခဲ့တဲ့ တရုတ်နယ်စပ်က ဝ၊ ကိုးကန့် ပြဿနာကြောင့် တရုတ်နိုင်ငံအဖို့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ အဓိကကတော့ နယ်စပ်မှာ အပစ်အခတ်တွေဖြစ်ပြီး တရုတ်နိုင်ငံထဲကို ဒုက္ခသည်တွေ အလုံးအရင်း ဝင်ရောက်လာမှာနဲ့ နယ်စပ် မတည်မငြိမ်ဖြစ်လာမှာ၊ ဒီနောက် နယ်စပ်ကုန်သွယ်ရေးတွေပါ ထိခိုက်လာမှာ တရုတ်ဘက်က စိုးရိမ်တယ်လို့ ပြောကြပါတယ်။ အခု တရုတ်ဝန်ကြီးချုပ် ခရီးစဉ်မှာလည်း ဒီအကြောင်းရပ်ကို ဆွေးနွေးဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်ထူထောင်ပြီးချိန်မှာ မြန်မာနိုင်ငံဟာ ပထမဆုံး လက်ခံ အသိအမှတ်ပြုတဲ့ ကမ္ဘာ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ စပြီး တရုတ်၊ မြန်မာ သံတမန် ဆက်သွယ်မှု စခဲ့ပါတယ်။ ၁၉၆၀ မှာတော့ တရုတ်၊ မြန်မာ မိတ်ဆွေနိုင်ငံတွေအဖြစ် အပြန်အလှန် မကျူးကျော်ရေးစာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာမှာပဲ တရုတ်၊ မြန်မာ နယ်စပ်မျဉ်းကို ရေးဆွဲခဲ့ပြီး နှစ်ဘက် နယ်နိမိတ်မျဉ်းကို သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG