သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးနဲ့လုံခြုံရေး တိုးမြှင့်ဖို့ တရုတ်-မြန်မာသဘောတူ


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ သဘောတူစာချုပ်များ ရေးထိုးသည့်အခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ သဘောတူစာချုပ်များ ရေးထိုးသည့်အခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)

တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြောဆိုရာမှာ မြန်မာခေါင်းဆောင်တွေ အနေနဲ့ လူထုရဲ့အကျိုး စီးပွားကိုထိခိုက်အောင် လုပ်ဆောင်မှာမဟုတ်ဘူးလို့ နှစ်နိုင်ငံအရေး လေ့လာစောင့်ကြည့်သူ တွေက ပြောပါတယ်။ တရုတ်-မြန်မာ နိုင်ငံကြား ကုန်သွယ်ရေးပိုအားကောင်းခိုင်မာအောင် လုပ်ဆောင်ဖို့နဲ့ တရား ဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးမှု မြှင့်တင်ရေးတို့ကို အရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူ ခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သြဂုတ်လ (၁၇) ရက်နေ့ကနေ သြဂုတ်လ (၂၁) ရက်နေ့အထိ ငါးရက်တာခရီးစဉ်အဖြစ် သွားရောက်နေချိန်မှာပဲ တရုတ်သမ္မတ Xi Jinping ၊ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့နဲ့တွေ့ဆုံအပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆက်ဆံ ဆောင်ရွက်ကြမယ့်အကြောင်း တရုတ်- မြန်မာနှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တရပ်ကို သြဂုတ်လ (၁၉) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ တရုတ် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေး ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ဖို့အရေး သဘောတူညီခဲ့ကြတဲ့အကြောင်းလည်း ထည့်သွင်း ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ တခုတည်းရပ်ဝန်း၊ တခုတည်းသောလမ်းကြောင်း စီးပွားရေးမူ နဲ့ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားကြမယ်လို့ ဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang (ဒု-ယာ) တို့ သဘောတူညီချက်များ လက်မှတ်ထိုးအခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang (ဒု-ယာ) တို့ သဘောတူညီချက်များ လက်မှတ်ထိုးအခမ်းအနား။ (သြဂုတ် ၁၈၊ ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အကျိုးရလဒ်ကောင်းတွေ ပေါ်ထွန်းလာနိုင်ရေး ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်ခဲ့နိုင်တယ်လို့ တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“တော်တော်အောင်မြင်တဲ့ခရီးစဉ်လို့ ပြောပါတယ်။ ဟိုနေ့က သမ္မတနဲ့တွေ့တော့လည်း သမ္မတက နှစ်နိုင်ငံလုံး တော်တော် အကျိုးရှိမယ့် ကိစ္စတွေ အများကြီး ဆွေးနွေးနိုင်တဲ့အတွက် အတော်ပဲ ဝမ်းသာပါတယ်၊ ဒီခရီး အောင်မြင်လည်း အောင်မြင်စေချင်ပါတယ်- ဒါမျိုးတွေ ပြောတာပဲလေ။ ဝန်ကြီးချုပ်နဲ့ တွေ့တဲ့နေ့တုန်းကတော့ စာချုပ်တွေ လက်မှတ်ထိုးတာ မနည်းဘူး။ တံတားဆောက်လုပ်တာတို့ - တော်တော် များများ လက်မှတ်တွေ ထိုးတာတွေ့တယ်။ မြန်မာပြည်ရဲ့စီးပွားရေးဦးမော့လာဖို့ ၊ တရုတ်အရင်းအနှီးတွေဝင်ဖို့၊ တရုတ်ပြည်က စီမံကိန်းတွေ တော်တော်များများ ဝင်လာဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောနိုင်ခဲ့တယ်လို့ သိရတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အတွင်း အများပြည်သူ စိတ်ဝင်စားတဲ့ မြစ်ဆုံကိစ္စအပါအဝင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံထားတဲ့ လက်ရှိစီမံကိန်းတွေ နဲ့ပတ်သက်ပြီး ပြည်သူအများမျှော်လင့်သလို ဆောင်ရွက်နိုင်ခဲ့ပါသလားဆိုတာကိုတော့ ဒေါက်တာလှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရရဲ့ လုပ်ပိုင်ခွင့် အခြေခံပေါ်မှာ မူတည်တယ်။ သူက စေ့စပ်ပြီးတော့ အာဏာခွဲဝေယူပြီးတော့ တက် လာရတဲ့အစိုးရ။ ဒါကြောင့်မို့လို့ သူလုပ်ချင်သလောက် အကုန် လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ အားလုံးက ပြည်သူလူထုအကျိုးစီးပွားချည့်ပဲလို့ ပြောလို့ရချင်မှရမယ်။ သို့သော်လည်း ဗမာပြည်မှာ အဆက်ဆက် အစိုးရတွေနဲ့စာရင် NLD အစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် အကျိုးတစုံတရာရှိတဲ့ အခြေအနေကို ဖန်တီးနိုင်လိမ့်မယ်၊ ရယူနိုင်လိမ့်မယ်လို့တော့ ကျမ ထင်နေပါတယ်။”

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြမယ့်အထဲ အဓိကကတော့ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေးငြိမ်းချမ်းရေး ခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တရုတ် နိုင်ငံဘက်က ကူညီထောက်ခံအားပေးမယ်လို့ ကတိပေးပြောဆိုတဲ့အပေါ် ကချင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတူးဂျာကလည်း ကြိုဆိုပါတယ်။

“တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံကြီးတနိုင်ငံဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ အဲဒီမှာ တရုတ်နိုင်ငံရဲ့ blessing ပေါ့ဗျာ။ သူ့အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ အားပေးကူညီမှု ရှိလို့ရှိရင်တော့ အများကြီး ပိုကောင်းတာပေါ့။ အဓိက-ကတော့ နှစ်နိုင်ငံချစ်ကြည်ရေး အဓိက ထားမှာပါ။ ဒါကြောင့်မို့လို့ အောင်မြင်တဲ့ခရီးစဉ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ်မှာ ပြော နေတာကလည်း အစိုးရကလည်း အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ဖို့ သူ့ဘက်က၊ တတ်နိုင်တဲ့ဘက်ကပေါ့ဗျာ ဆွေးနွေးလာခဲ့မယ်လို့ ယူဆရပါတယ်ဗျ။”

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး လူနေမှု အဆင့်အတန်းမြင့်တင်ရေးနဲ့ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေး ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုမြင့်တင်ရေးတွေအတွက် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ လက်တွဲ ဆောင်ရွက်သွားကြမယ် ဆိုတာကိုလည်း နှစ်နိုင်ငံ ပူးတွဲကြေညာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်အစိုးရခေါင်းဆောင် ပိုင်းတွေဘက်က လိုလိုလားလားနဲ့ ခမ်းခမ်းနားနား ကြိုဆိုခဲ့သလို တရုတ် သတင်းမီဒီယာတွေဘက်ကလည်း ဒေါ်စုခရီးစဉ်နဲ့ပတ်သက်ပြီး အကောင်းမြင် မျှော်လင့်မှုတွေနဲ့ သုံးသပ်ကြ တယ်လို့လည်း ဒေါ်လှကျော်ဇောကပြောပါတယ်။

“တရုတ်မီဒီယာတွေကတော့ စလာမယ်ဆိုကတည်းက တော်တော့်ကို ကြိုဆိုကြတာ။ သူတို့ သိပ်ကျေနပ်တာက ကျမ လည်း အကြိမ်ကြိမ်တော့ ပြောပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့သိထားတာက အနောက်တိုင်း ဒီမိုကရေစီကို လက်ခံကျင့်သုံးတဲ့ နိုင်ငံရေးသမားလို့ သိထားတာဖြစ်တာကိုး။ အဲဒီနိုင်ငံတွေကို အရင်မသွားဘဲနဲ့ တရုတ်ကို အရင်လာ ခဲ့တာကိုပဲ သူတို့က တော်တော် ကျေးဇူးတင်တယ်။ တော်တော်လေးလည်း သဘောကျတယ်။ ဒါတွေက ဘာကိုပြလဲ ဆိုတော့တဲ့- ဒေါ်အောင်ဆန်းစုကြည်ဟာ သဘောတရားရေးထက် မူဝါဒရေးရာထက် အဓိကအားဖြင့် လက်တွေ့ အကျိုးစီးပွားကိုကြည့်ပြီး ဗမာပြည်ရဲ့အကျိုးစီးပွား၊ ဗမာပြည် စီးပွားရေးနလံထူဖို့အတွက် အဓိက ကူညီနိုင်တဲ့နိုင်ငံကို လာတာပဲဖြစ်တယ်- လို့ အဲလို ရေးထားတာ တွေ့ရပါတယ်။”

တရုတ်သမ္မတကို မြန်မာသမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံကို လာရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့် ဖိတ်ခေါ်ခဲ့သလို တရုတ် ဝန်ကြီးချုပ်ကိုလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရန်ရှီးပြည်နယ်ကို ရောက်ရှိလာစဉ်။
ဒေါ်အောင်ဆန်းစုကြည် ရန်ရှီးပြည်နယ်ကို ရောက်ရှိလာစဉ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စနေနေ့ သြဂုတ်လ ၂၀ ရက်နေ့ မှာတော့ ဘေကျင်းမြို့ကနေ ရှန်ရှီးပြည်နယ်ကို သွားရောက်လေ့လာနေပါတယ်။ သြဂုတ်လ ၂၁ရက်နေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ် အဆုံးသတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG