သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ တွေ့ဆုံ


တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဝက်ဘ်ဆိုက် မှာ ဖေါ်ပြထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဝန်ကြီး Mr. Song Tao တို့ တွေ့ဆုံနေပုံ။
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဝက်ဘ်ဆိုက် မှာ ဖေါ်ပြထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဝန်ကြီး Mr. Song Tao တို့ တွေ့ဆုံနေပုံ။

မြန်မာနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဝန်ကြီးက စစ်အစိုးရခေါင်းဆောင်းဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက်တွေ့ဆုံခဲ့တာဟာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသေးတယ်ဆိုတာကို တရုတ်ကွန်မြူနစ်ပါတီက အသိအမှတ်ပြုရာရောက်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

လက်ရှိမြန်မာ နိုင်ငံရဲ့ အသွင် ကူးပြောင်းရေး အခြေအနေ တိုးတက်မှုဟာ အရေးကြီးဆုံးအဆင့်မှာ ရောက်ရှိနေကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှု အတွေ့ အကြုံတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် လေ့လာဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း တွေဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံကို သြဂုတ်လ (၁၁)ရက်နေ့ကနေ (၁၄)ရက်နေ့အထိ လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီရဲ့ နိုင်ငံ တကာရေးရာဌာန ဝန်ကြီး Mr. Song Tao ဟာ သြဂုတ်လ (၁၁)ရက်နေ့ က နေပြည်တော်မှာ စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက်တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်ဖွံ့ဖြိုးအောင် တရုတ်နိုင်ငံဟာ နှစ်ပေါင်း များစွာ ကူညီပံပိုးပေးခဲ့တဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ တရုတ်ကွန်မြူနစ် ပါတီရဲ့ နိုင်ငံ တကာရေးရာဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။ ကဏ္ဍပေါင်းစုံမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာဖို့နဲ့ တရုတ်ရဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ တွေကိုလည်း မြန်မာအနေနဲ့ နောက်ထပ် လေ့လာဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါအပြင်မြန်မာနိုင်ငံမှာ လက်ရှိအသွင်ကူးပြောင်းရေးအခြေအနေ တိုးတက်မှုဟာ အရေးကြီးတဲ့ အဆင့်မှာ ရောက်နေကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ နိုင်ငံရေး အင်အားစု အသီးသီးနဲ့ ဆက်လက်ပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံတဲ့အပေါ်မှာ သူ့အနေ နဲ့လေးစား မိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီတွေ့ဆုံမှု ဟာ မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အရေး ပါမှုကို တရုတ်ဘက်က တရားဝင်အသိအမှတ် ပြုလိုက်တဲ့သဘောဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ အခုလို သုံးသပ်ခဲ့ပါတယ်။

“ အဓိကတော့ပေါ့လေ တရုတ်နိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ် နိုင်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ အခန်းကဏ္ဍ ဟာ တော်တော် အရေးပါတဲ့ အနေအထားမှာ ရှိတယ်ဆိုတာကို တရုတ်ကွန်မြူနစ် ပါတီအနေနဲ့ တရားဝင် အသိမှတ်ပြုလိုက်တဲ့ သဘောမျိုးလည်း သက်ရောက်နေ တယ် လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ အယ် နောက်ပြီးတော့ အခုနောက် ပိုင်းမှာ ဒီတရုတ် ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင် တဦးကို ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေက တွေ့ဆုံတာဟာ ဒါသူ့အတွက်လဲပဲ ဒါ ပထမဆုံးပေါ့လေ ၊ နိုင်ငံခြား ဧည့်သည်တဦးကို လက်ခံတွေ့ဆုံတာပဲ။ အဲဒီ အပြင် အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက် ပြီးတော့၊ တရုတ်ကွန်မြူနစ်ပါတီကရော တရုတ်သတင်း မီဒီယာတွေကရော နေ့ မကူးခင် အလျှင်မြန် သတင်း ထုတ်ပြန်တာတွကို ကြည့်မယ်ဆိုရင် အဲဒီနောက် ကွယ်မှာ အကျိုးစီးပွားတွေ အများကြီး ဆက်စပ်နေမယ်လို့တော့ ကျနော် သုံးသပ် ပါတယ်ဗျ ”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ စတင်အကောင်အထည်ဖေါ်ခဲ့တဲ့ မြစ်ဆုံဆည် စီမံကိန်းလို တရုတ်အလိုကျ ဆောင်ရွက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားကို လာပြီး မေးမြန်းတာဖြစ်နိုင်ကြောင်း စစ်ဖက်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်လည်း ကနေ့ထိဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ သိရသလောက်တော့၊ ဒီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာ အရိပ်အောက်မှာပဲ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဆိုတော့ ဗိုလ်ချုပ် မင်းအောင်လှိုင်သည် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာတွေကို ဖျက်ဖို့အတွက် သူ့အနေနဲ့ လုပ်ခွင့် မရှိပါဘူး။ လုပ်လို့လဲ ရမယ့်အနေထားမျိုး မရှိတဲ့ အတွက်ကြောင့်မို့လို့၊ တရုတ် ဖက်က မက်ဆေ့ချ် ပေးချင်တာကတော့ ဒီတပ်မတော်နဲ့ ပတ်သက်ပြီးတော့မှ ဒီငြိမ်းချမ်းရေးကိစ္စတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ အတွက်ကို ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဘက်ကနေပြီးတော့မှ .. ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောမှ၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က လုပ်မှာကိုးဗျ၊ အဲဒီတော့ ငြိမ်းချမ်းရေးကိစ္စ ကိုလည်း ပြော နိုင်ပါတယ်။ အလားတူပဲ ဒီမြစ်ဆုံကိစ္စက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် သဘော တူခဲ့တဲ့ ကိစ္စ၊ နောက် ဂက်စ်ပိုက်လိုင်း၊ ရထားလမ်း ကိစ္စတွေဟာ ဒါတွေကို ဗိုလ်ချုပ် မှူးကြီး သန်းရွှေအနေနဲ့ ဘယ်လို သဘောထား မလဲဆိုတဲ့ ဥစ္စာကိုလည်း တရုတ် ဘက်က လာပြီးတော့မှ တီးခေါက်တဲ့ အနေထားမျိုး ရှိတယ်လို့ ကျနော်ထင်တယ်။ ”

ဒီတွေဆုံမှုနဲ့ ပတ်သက်လို့ တရုတ်-မြန်မာဆက်ဆံရေးကျွမ်းကျင်သူ တရုတ်နိုင်ငံ အခြေစိုက် ဒေါက်တာလှကျော်ဇောက သူရဲ့ အမြင်ကို တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ အခုလိုပြောဆိုခဲ့ပါတယ်။

“ အစပိုင်းကတည်းက သူတို့က ကြည့်ရတာ ဟို .. ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော ဦးသိန်းစိန်နဲ့ရော သူတို့က တော်တော်ရင်းနှီး ကြတာဖြစ် တာကိုး နော်။ စီးပွားရေး လုပ်ငန်းတွေ ဘာတွေလည်း တောက်လျှောက် လုပ်နေတာဖြစ်တော့ အဲဒီအတွက် ၊ နောက် ခင်ဗျားတို့အားလုံး အသိ ပဲလေ နဝတခေတ်တို့ နအဖခေတ်တို့မှာ တကမ္ဘာ လုံးက ဝိုင်းပိတ်ဆို့နေတဲ့ အခါမှာ တရုတ်ကပဲ သူတို့ကို အကာကွယ်ပေးထား သလို ဖြစ်တာကိုး၊ အဲဒီတော့ အဲဒီဟာကို အခု အပြန်အလှန် သွားပြီးနှုတ်ဆက်တဲ့ သဘောလောက်ပဲ ရှိမယ်ထင်ပါတယ် ”

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံ တကာရေးရာဌာနဝန်ကြီး Mr. Song Tao ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကြံခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေး (အင်ကြင်းနိုင်)
please wait

No media source currently available

0:00 0:04:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG