သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ယွန်ငွေ တန်ဘိုး အပြောင်းအလဲနဲ့ စီးပွားရေး အလားအလာ


အမေရိကန် ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ယွန်ငွေ တန်ဘိုး ထိန်းချုပ်မှုကို တရုတ်အစိုးရက ဇွန်လထဲမှာပဲ လျှော့ပေါ့ လိုက်ပါတယ်။

တရုတ်အစိုးရက သူ့ရဲ့ ယွန်ငွေကြေး တန်ဘိုး ထိန်းချုပ်မှုကို ဒီလထဲမှာပဲ လျှော့ပေါ့ လိုက်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနေတာနဲ့အမျှ ကမ္ဘာ့ကုန်သွယ်မှုတွေမှာ အရေးပါလာတဲ့ တရုတ်ယွန်ငွေ တန်ဘိုးကို အစိုးရက ဒီလိုထိန်းချုပ်တာတွေ လျှော့ပေါ့လိုက်တဲ့အတွက် ဒေသတွင်းနိုင်ငံတွေပါ အကျိုးခံစားရလိမ့်မယ်လို့ စီးပွားရေး အကဲခတ်တွေကတော့ မျှော်လင့် နေကြတာပါ။

ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Ron Corben ရဲ့ သတင်းပေးပို့ချက်နဲ့အတူ တရုတ်နိုင်ငံရဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေ ပြုပြင်ပြောင်းလဲမှုက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေ ဘယ်လိုရှိနိုင်မလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့ဈေးကွက်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ အရိပ်အယောင်တွေ ပြသတဲ့အနေနဲ့ RMB လို့ခေါ်တဲ့ တရုတ်ယွန်ငွေ တန်ဘိုး ထိန်းချုပ်မှုကို ဇွန်လထဲမှာ အရင်ကထက် လျှော့ပေါ့လာတဲ့အတွက် ပထမဆုံး အကျိုးရှိလာနိုင်တဲ့အထဲ အရှေ့တောင်အာရှ နိုင်ငံတွေ ပါဝင်လာစရာ ရှိတယ်လို့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေက မျှော်လင့်နေကြပါတယ်။ ဒေသတွင်းက ပြည်ပကုန် တင်ပို့မှုတွေဟာ အာရှတိုက်နဲ့ တရုတ်နိုင်ငံတွေကို ကျော်လွန်ပြီး တင်ပို့နိုင်တဲ့အထိ ကြီးထွားလာလိမ့်မယ် လို့လည်း တွက်ဆနေကြတာပါ။ တကယ်တော့ ယွန်ငွေကို ရှိသင့်တာထက် တန်ဘိုးလျှော့ချပြီး ထိန်းချုပ် ထားတာမို့ နိုင်ငံတကာ ဈေးကွက်မှာ တရုတ်ထုတ်ကုန်တွေ ဈေးချိုချိုနဲ့ ရောင်းနိုင်ပြီး၊ တရုတ်နိုင်ငံကို ပြည်ပက တင်ပို့ကုန်တွေ ကတော့ ဈေးမြင့်နေတာမို့ စီးပွားရေးပညာရှင်တွေ၊ ကမ္ဘာတဝန်းက စီးပွားရေးသမားတွေက စောဒက တက်နေခဲ့ကြတာပါ။

ယွန်ငွေ တန်ဘိုးကို ထိန်းချုပ်မှုတွေ လျှော့ချမယ်လို့ ကြေညာလိုက်တဲ့နောက် ရက်ပိုင်းအတွင်းမှာတော့ ၅ နှစ်အတွင်း အမြင့်ဆုံးအဖြစ် အမေရိကန် ၁ ဒေါ်လာကို ၆ ဒဿမ ၈ ယွန် နှုန်းအထိ ဈေးတက်သွားခဲ့သလို၊ အာရှနဲ့ ဥရောပတလွှားက စတော့ခ် ဈေးကွက်တွေမှာလည်း အစုရှယ်ယာဈေးတွေ မြင့်တက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေ တိုးမြှင့်လုပ်ကိုင်လာနေတဲ့ မြန်မာနိုင်ငံမှာတော့ အရောင်းအဝယ် ကုန်သွယ်မှုတွေမှာ သိသိသာသာ အပြောင်းအလဲတွေ မတွေ့ရပေမဲ့ မြန်မာကျပ်ငွေနဲ့ တရုတ်ယွန်ငွေ လဲလှယ်နှုန်းဟာ အရင်ထက်စာရင် အနည်းငယ် မြင့်နေတယ်လို့ တရုတ်-မြန်မာ နယ်စပ်က ကုန်သည်တယောက်က ပြောပါတယ်။
“၁,၀၀၀ မှာ ဆိုလို့ရှိရင် ခါတိုင်းနှစ်က ၅-၆ ယွန်လောက် ဖြစ်သွားတာ၊ မြန်မာငွေ ၁,၀၀၀ ကိုပေါ့။ အခုကတော့ တရုတ်ငွေ ၇ ယွန် ပတ်ဝန်းကျင်မှာ ဖြစ်နေတာ။ ၆ ဒဿမ ၉၊ ၆ ဒဿမ ၈၊ ကနေ ၇ ယွန်လောက်မှာ ဖြစ်နေတယ်။ မြန်မာငွေဈေးက ကျနေတာပေါ့၊ တရုတ်ငွေဈေးက တက်နေတယ်။”

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကမ္ဘာနဲ့အဝန်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံလာရစဉ်ကစလို့ ယွန်ငွေကြေးကို အမေရိကန်ဒေါ်လာနဲ့ ချိတ်ဆက်ပြီး၊ တန်ဘိုးကိုလည်း ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံတွေက ငွေကြေးတွေကတော့ ဒေါ်လာနဲ့ တခြားနိုင်ငံတကာ ငွေကြေးတွေနဲ့ လဲလှယ်နှုန်းမှာ မြင့်တက်လာခဲ့တာ ဖြစ်တာမို့ ပြည်ပပို့ကုန်တွေ တင်ပို့ရာမှာ ယှဉ်ပြိုင်မှု အားနည်းလာခဲ့တာပါ။ ဒီလို အခြေအနေမှာ ကမ္ဘာ့ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာတဲ့ တရုတ်နိုင်ငံကို အာဆီယံ နိုင်ငံတွေက စီးပွားပြိုင်ဘက်အဖြစ် ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအခါ တရုတ်နိုင်ငံက ကုန်သွယ်မှုတွေမှာ အခရာကျတဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အတွက် ယွန်ငွေ တန်ဘိုး မြင့်လာမယ်ဆိုရင် အာဆီယံ အနေနဲ့ အကျိုးခံစားရဖွယ် ရှိနေတယ်လို့ စီးပွားရေး အကဲခတ်တွေက မျှော်လင့်နေကြတာပါ။

ယွန်ငွေ တန်ဘိုးသာ တဖြည်းဖြည်းချင်း အားကောင်းလာမယ်ဆိုရင် အရှေ့တောင် အာရှနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတွေမှာ အပြန်အလှန် အကျိုးရှိမယ်လို့ ခန့်မှန်းရတဲ့အကြောင်း ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး၊နဲ့ လူမှုရေးရာ ကော်မရှင် က အကြီးတန်း စီးပွားရေးပညာရှင် တီဇီယာနာ ဘိုနာပေ့စ် (Tiziana Bonapace) က ဆိုပါတယ်။
“အရှေ့တောင်အာရှ နိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေဟာ တရုတ်ကုန်တွေရဲ့ တန်ဘိုးနဲ့ အခြေခံအားဖြင့် ယှဉ်ပြိုင်နေရတာပါ။ အခုယွန်ငွေတန်ဘိုးကို မြှင့်လိုက်တဲ့အတွက် သူ့တို့ရဲ့ ကုန်ပစ္စည်းတွေ အတော်အသင့် ဈေးချိုလာမှာ ဖြစ်တာကြောင့် မကြာခင် ကာလမှာ ဈေးနှုန်းအားဖြင့် အသာရလာမှာ ဖြစ်ပါတယ်။ ဒီနောက်မှာလည်း တရုတ်နိုင်ငံက ပြည်ပကသွင်းကုန်တွေ ဝယ်လိုအားတွေ တိုးလာတာက အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းတွေက တင်ပို့ကုန်တွေ တိုးလာနိုင်တဲ့ အကျိုးဆက်တွေ ထွက်ပေါ်လာမှာပါ။”

ဒါပေမဲ့လည်း နိုင်ငံတကာ ငွေကြေးဈေးကွက်က ကျွမ်းကျင်သူတွေကတော့ တရုတ်ယွန်ငွေတန်ဘိုး တက်လာဖို့ဟာ တဖြည်းဖြည်းခြင်းသာ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ငွေကြေးဈေးကွက်က အပြောင်းအလဲတွေ နဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ချဲ့ထွင်မှုတွေဟာဖြင့် ဒေသတွင်း နိုင်ငံတွေအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်မယ်လို့လည်း ထိုင်းကုန်သွယ်မှု ကိုယ်စားလှယ်ရုံးရဲ့ ဥက္ကဋ္ဌ ခီရက် စီသီယာမွန် Kiat Sittheeamorn က ယူဆပါတယ်။
“ငွေကြေးစနစ်တွေဟာ စီးပွားရေးရဲ့ အခြေခံတွေအပေါ် ရောင်ပြန်ဟပ်တဲ့ သဘောရှိပါတယ်။ ယွန်ငွေတန်ဘိုး တောင့်တင်းခိုင်မာ လာတာနဲ့အတူ၊ ထိုင်းနိုင်ငံက ပြည်ပပို့ကုန် လုပ်ငန်းတွေနဲ့ အာဆီယံ (၁၀) နိုင်ငံမှာလည်း ပြည်ပပို့ကုန်တွေ တိုးလာတဲ့ အကျိုးကျေးဇူးတွေ ခံစားရမယ့် ကုန်သွယ်မှု သဘောတူညီချက်တွေ ရှိနေတာမို့၊ အာဆီယံနိုင်ငံတွေမှာ အကျိုးခံစားခွင့်တွေ ရှိလာမယ်လို့ ပြောရမှာပါ။”

အာဆီယံ အနေနဲ့ ဒီလို အကျိုးကျေးဇူးတွေ ရမယ်လို့ တွက်ဆနေပေမဲ့ အသင်းဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက ကုန်သည်တွေ ကတော့ မျှော်လင့်ချက် ကြီးကြီးမားမား ထားကြပုံတော့ မရှိပါဘူး။ မြန်မာနိုင်ငံနဲ့ တရုတ်တို့ကြား ကုန်သွယ်မှုတွေဟာဆိုရင်လည်း တနေ့တခြား ကြီးထွား လာနေပေမဲ့ ကုန်သွယ်မှုတွေမှာ တဖက်စောင်းနေ အခြေအနေတွေ ရှိနေဆဲ ဖြစ်တာမို့ ထူးခြားတဲ့ အကျိုးအမြတ်တွေ မရှိနိုင်ဘူးလို့ မြန်မာကုန်သည် အသိုင်းအဝန်းက ယူဆနေကြတာပါ။ ဒါဟာလည်း ကုန်သွယ်မှုတွေမှာ မြန်မာနိုင်ငံက ကုန်ကြမ်း အဆင့်သာ တင်ပို့နိုင်ပြီး တရုတ်နိုင်ငံဘက်ကတော့ ကုန်ချောအဆင့် တင်ပို့နေတဲ့ အခြေအနေမှာပဲ ရှိနေသေးတာကြောင့် ဖြစ်တယ်လို့ တရုတ်-မြန်မာ နယ်စပ် ကုန်သည်က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ၂ နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိဆိုရင် ဒေါ်လာသန်းပေါင်း ၁,၇၃၀ အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံတခုအဖြစ် ရပ်တည်နေတဲ့အထိ ဖြစ်ပါတယ်။ ဒီလို အဓိက ကုန်သွယ်ဖက် နိုင်ငံတနိုင်ငံအဖြစ်သာမက၊ ရင်းနှီးမြုပ်နှံမှု စတုတ္ထအများဆုံး နိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံက ဝန်ကြီးချုပ် ဝန်ကျားပေါင် ဟာလည်း ၂ နိုင်ငံ သံတမန်ဆက်ဆံမှု အနှစ် ၆၀ ပြည့်အဖြစ် ဇွန်လဆန်းထဲမှာပဲ မြန်မာနိုင်ငံကို ရောက်လာပြီး၊ ရေအားလျှပ်စစ်၊ စွမ်းအင်နဲ့ သတ္ထုတူးဖော်ရေး စတာတွေ အပါအဝင်စီးပွားရေး သဘောတူညီချက် ၁၅ ခုကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တာပါ။

ဒါပေမဲ့လို့ ကုန်သွယ်မှုတွေမှာ တရုတ်နိုင်ငံက အသာစီးရနေတာ၊ မြန်မာနိုင်ငံက လတ်တလော အဓိက နိုင်ငံခြားငွေဝင်ပေါက်ဖြစ်တဲ့ စွမ်းအင်ကဏ္ဍလို လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာတာလို ချဲ့ထွင်မှုတွေဟာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် ရေရှည်မှာ အထောက်အကူ မဖြစ်နိုင်ဘူးလို့လည်း စီးပွားရေး အကဲခတ် တွေက ဆိုနေကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG