သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ်က ဒေါ်စုကို နိုင်ငံ့အကြီးအကဲအနေနဲ့ တရားဝင်ဖိတ်ကြား


၂၀၁၅ ဇွန်လတုန်းက ဒေါ်စုရဲ့ တရုတ်ခရီးစဉ်
၂၀၁၅ ဇွန်လတုန်းက ဒေါ်စုရဲ့ တရုတ်ခရီးစဉ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် ရက်ပိုင်း အတွင်း တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်သွားရောက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးသစ်ကို အဘက်ဘက်က သုံးသပ်ပြီး တရုတ် ဝန်ကြီးချုပ်ကနေ နိုင်ငံတော် ခရီးစဉ် အဖြစ် ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း အငြင်းပွားဖွယ် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကိုလည်း မျှော်လင့်နေကြတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ကတော့ သြဂုတ်လ ၁၇ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ၂၁ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရသစ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ရာထူးနေရာ ရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးသစ်ကို အဘက်ဘက်က သုံးသပ်ပြီး တရုတ် ဝန်ကြီးချုပ် အဆင့်က နိုင်ငံတော် ဧည့်သည် အဖြစ် ဖိတ်ကြားတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကို တယ်လီဖုန်းကနေ တဆင့် ဒီကနေ့ အခုလို ပြောဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာထူးက သမ္မတရဲ့ လက်အောက်မှာ ဆိုပေမယ့် တခြား ခေါင်းဆောင်တွေထက် အဆင့်မြင့်ပါတယ်။ ဒီအချက်နဲ့ သံတမန် လုပ်ထုံးလုပ်နည်းတွေ အရရော ဒေါ်အောင်ဆန်းစုကြည် တခြားနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်တွေကိုရော ထည့်သွင်း စဉ်းစားပြီး တရုတ် ဝန်ကြီးချုပ် လီခချန်းက ဖိတ်ကြားပြီး တွေ့ဆုံမှုတွေမှာ ဦးဆောင်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သတ်ပြီး မကျေနပ်မှုတွေ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တရုတ် ခရီးစဉ်ကနေ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့၊ နောက် ပြည်သူချင်း ချစ်ကြည်မှု တိုးလာဖို့ တရုတ်ဘက်က မျှော်လင့်ထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က ပြောပါတယ်။

“လက်ရှိမှာ တရုတ် - မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးက ကောင်းပါတယ်။ အခု ခရီးစဉ်ကတော့ အစိုးရသစ် တခု ဖွဲ့စည်းပြီးနောက် ပထမဆုံးသော မြန်မာ ခေါင်းဆောင်ရဲ့ တရုတ်ပြည် ခရီးစဉ် ဖြစ်ပြီး ကျနော်တို့ နှစ်နိုင်ငံ အတွက် မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး အတွက် သိပ်ကို ထူးခြားမှု ရှိပါတယ်။ အခု ခရီးစဉ်ကနေ တရုတ် - မြန်မာ နှစ်နိုင်ငံကြား ဗျူဟာမြောက် ဆက်ဆံရေးနဲ့ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာမယ်၊ နောက် ပြည်သူချင်း ပိုပြီး ရင်းနှီးချစ်ခင်လာစေမယ်လို့ တရုတ် အစိုးရဘက်က ယုံကြည်ထားပါတယ်။ ဒီခရီးစဉ်က ကျနော်တို့ရဲ့ ဆက်ဆံရေးကို မြှင့်တင်နိုင်ပြီး ပြည်သူတွေ အတွက် အကျိုးစီးပွားတွေ ပိုပြီး ရရှိလာစေမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် မတိုင်ခင်မှာဘဲ သမ္မတ ဦးထင်ကျော်က ဧရာဝတီ - မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အစီရင်ခံ တင်ပြဖို့ ညွှန်ကြားထားပါတယ်။ ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်က ကိုစာဂျီးကတော့ မြစ်ဆုံဆည် အပါအဝင် မြန်မာနိုင်ငံတွင်းက အငြင်းပွားဖွယ် ဖြစ်နေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရသစ် ဘယ်လောက် ကိုင်တွယ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ့် ခရီးစဉ် ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ဒါပြည်သူလူထုနဲ့ တခြားတိုင်းရင်းသားဒေသတွေမှာ ဒီလိုမျိုးရင်းနှီးမြုပ်နှံမှုတွေ ၊ သဘာ၀ သံယံဇာတတွေ ၊ သဘာဝပတ်ဝန်းကျင်တွေနဲ့ ပတ်သက်ပြီးတော့မှ သိပ်အလေးထားပြီးတော့မှ စဉ်းစားဆွေးနွေးတဲ့အပိုင်း ဒါကအမျိုးသားရင်ကြားစေ့ရေးမှာ ပဋိပက္ခတွေမှာ အများကြီး ဆက်စပ်တဲ့စီမံကိန်းတွေဖြစ်တယ်။ ဒီဟာတွေအပိုင်းကို သိပ်ပြီး ဦးစားပေးဆွေးနွေးတာမတွေ့ဘူး။ ဒါကြောင့်မို့ ဒီဟာတွေကတော့ သူရဲ့အာဏာ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်အထိစွမ်းဆောင်နိုင်မလဲဆိုတာ အစိုးရသစ်အပေါ်မှာဆုံးဖြတ်ချက်ချတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း မူတည်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူလူထူတွေ လိုလားတောင့်တတဲ့၊ လိုချင်တောင့်တတဲ့ဘက်ကို ဆုံးဖြတ်ချက်ချရင်တော့ သူ့ဆီမှာ people power ဆိုတဲ့ လူထုအင်အားကတော့ အမြဲတမ်းရပ်တည်နေမှာပဲ ဒီအပိုင်းကတော့နော်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ် အတွင်းမှာတော့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမြင်ဖလှယ်ကြမှာ ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ နှစ်ဦး နှစ်ဘက် အကျိုးစီးပွားအတွက်လည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောခွင့်ရ Lu Kang က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘေဂျင်းမြို့တော် အပြင် တခြား တရုတ် မြို့ကြီးတွေကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG