သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာယန်းမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်


SSA မြောက်ပိုင်းတပ် ရှေ့တန်းတပ်သားတဦး
SSA မြောက်ပိုင်းတပ် ရှေ့တန်းတပ်သားတဦး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မစတင်မီ ၂ရက်အလိုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တာယန်းမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ ရှမ်းတပ်ဖွဲ့ရဲ့ တပ်စခန်းကို တနင်္ဂနွေနေ့ညနေပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အခြေအနေက ငြိမ်သက်သွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲဟာ တနင်္ဂနွေနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားတဲ့အခြေအနေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းဆုအခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ မနေ့က ညနေပိုင်း ၄ နာရီ ၂၀ ကနေစဖြစ်ပြီးတော့ ညနေ မိုးချုပ်တဲ့အထိပေါ့နော်။ လက်နက်ကြီးတို့ ၊ 81 တို့နဲ့ ပစ်ပါတယ်။ ခမရ ၃၃ ရယ၊် ခမရ ၅၂၃ ရယ် ၊ ပြီးတော့ ခမရ ၁၄၇ တပ်ရင်း ၃ ရင်း သူတို့ပူးပေါင်းပြီးတော့ စစ်ဆင်တာပဲ။ တိုက်တယ်ဆိုတာကတော့ သူတို့က လွယ်လမ်တပ်စခန်းကို တိုက်တာပါခင်ဗျ။”

ဒီကနေ့တော့ တိုက်ပွဲဆက်လက်ဖြစ်ပွားတာမရှိကြောင်းပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရးညီလာခံကျင်းပဖို့ ပြင်ဆင်နေချိန်ဖြစ်တာကြောင့် အခြေအနေတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း ဗိုလ်မှုးစိုင်းဆုက ဆက်ပြောပါတယ်။

“ ကျနော်တို့ က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ငြိမ်းချမ်းရေးကိုအပြုသဘောနဲ့ ဦးတည်ပြီးတော့သွားမှာပါ။ ကျနော်တို့ က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်သွားမှာပါ။ ကျနော်တို့တပ်တွေကလည်းလုံး၀ စစ် ဆက်မဖြစ်စေရဘူးလို့ ကျနော်တို့ အမိန့်ချထားတာလေ။”

SSA မြောက်ပိုင်းက အစိုးရတပ်မတော်ဖက်က တာဝန်ရှိသူတွေကို အကြောင်းကြားပြီး တိုက်ခိုက်တာတွေ ရပ်ဆိုင်းနိုင်ဖို့ အကူအညီတောင်းခံခဲ့တဲ့နောက် အစိုးရတပ်တွေ ပြန်လည်ရုတ်သိမ်းသွားပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

လောလောဆည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကိုတက်ရောက်ဖို့အတွက် SSPP/SSA မြောက်ပိုင်းအဖွဲ့ရဲ့ ဒုဥက္ကဌ စပ်ခွန်ဆိုင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

တန့်ယန်းမြို့နယ်အပါအဝင်အဖြစ်တဲ့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၃ရဲ့ ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းကလက်ရှိဖြစ်ပွားတဲ့တိုက်ပွဲအပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“တိုက်ပွဲတွေကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ အခုကတော့ ငြိမ်းချမ်းရေးတောင်ဆွေးနွေးတော့မယ့် ဟာကိုလေနော်။ အဓိတော့ ပြည်သူလူထုတွေပေါ့ဗျာ ကျနော်တို့ ကိုယ်စားလှယ်တွေအနေနဲ့က ပြည်သူလူထုတွေ ဒုက္ခရောက်မှာကို စိုးရိမ်တယ်။ ပြီးတော့ ဒီစားပွဲဝိုင်းမှာပဲ တွေ့နေကြတဲ့ဟာလေနော် ဘာတွေဖြစ်စေချင်သလဲ၊ ဘယ်လိုဖြစ်စေချင်သလဲ ၂ ဦး ၂ ဘက် တွေ့ဆုံလို့ ရတဲ့ ကိစ္စရှိရဲ့သားနဲ့ အခုလိုထိုးစစ်ဆင်မှုတွေလှုပ်တော့ ဒုက္ခရောက်တာ ပြည်သူလူထုတွေပဲလေ ကျနော်တို့ကတော့ ဒါလုံးဝမဖြစ်သင့်ပါဘူး။ မလုပ်စေချင်ပါဘူးပေါ့။ ဒီလိုညီလာခံကြီးမစခင်မှာ ဖြစ်တော့ သံသရတွေ ဝင်ကုန်တာပေါ့လေနော်။ အဲဒါ မဖြစ်သင့်တဲ့ ကိစ္စပေါ့။”

တနင်္ဂနွေနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းတပ်ဖွဲ့ရဲ့ စစ်စခန်းတွေ ဆုတ်ခွာပေးဖို့ အစိုးတပ်မတော်က တောင်းဆိုခဲ့ဖူးပြီး နှစ်ဖက်အကြား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG