သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး အခြေအနေ ကန်လွှတ်တော်အမတ်တွေ စိုးရိမ်နေဆဲ


မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း - မြန်မာနိုင်ငံ အရေး အမေရိကန်အောက်လွှတ်တော်အမတ်များအဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ New York ပြည်နယ် ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် Joe Crowley နဲ့ Ohio ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီ အောက်လွှတ်တော်အမတ် Steve Chabot တို့က ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တဦးအနေနဲ့ ဒီအချိန် အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အပေါ် ဝမ်းသာမိကြောင်း၊ ဒီသီတင်းပတ်ထဲ သူမရဲ့ အမေရိကန်ခရီးစဉ်ဟာ - အထူးသဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက နိုင်ငံတဝှမ်း အနိုင်ရခဲ့ပြီးနောက် - မြန်မာနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ တိုးတက်မှုတွေကို ရောင်ပြန်ထင်ဟပ်နေ တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်မှုတခုပဲလို့လည်း ဆိုထားပါတယ်။

တိုးတက်မှုတွေ ရှိလာတဲ့အတွက် ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးလိုက်ပေမဲ့၊ ဒါဟာ မြန်မာနိုင်ငံမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေမျိုး ဖြစ်နေတာကို ထောက်ခံအားပေးမယ့် သဘောမျိုး မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ ၂၅% နေရာယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကနေ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဗီတိုသုံး ပယ်ချနိုင်စွမ်း ရှိနေတဲ့ အချက် အပါအဝင် မြန်မာနိုင်ငံ အဓိကကျတဲ့ ဝန်ကြီးဌာနတွေမှာ စစ်တပ်ရဲ့ ချုပ်ကိုင်ထားတာနဲ့ ပတ်သက်လို့လည်း သိပ်ကို စိုးရိမ်နေဆဲဖြစ်ပါတယ်။ ကချင်နဲ့ ရှမ်းပြည်မှာလို တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ဆက်လက် တိုက်ခိုက်နေတာတွေကိုလည်း အတော်လေး စိုးရိမ်မိပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်စေဖို့နဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေ အဆုံးသတ်စေဖို့ မြန်မာစစ်တပ်အပေါ် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဖိအားပေးရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်-မြန်မာ စစ်ဘက် ဆက်ဆံရေးတွေကို ပုံမှန်ပြန်လုပ်ဖို့ အချိန်မတန်သေးဘူးလို့လည်း အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Crowley နဲ့ Chabot တို့က ကြေညာချက် မှာ ပြောဆိုခဲ့ပါတယ်။

အလားတူ - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကက အဒ် ရိုက်စ်ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာလည်း - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်တွေကို အသိအမှတ်ပြု လေးစားကြောင်း ပြောဆိုခဲ့ပါတယ်။ NLD အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းနိုင်တယ်ဆိုပေမဲ့လည်း ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေဆဲပဲလို့လည်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကေ်ာမတီဥက္ကဌ အဒ် ရိုက်စ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ - မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရိပ်လိုဖြစ်နေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ လူကုန်ကူးမှုပြဿနာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပုံကို သူ့အနေနဲ့ အံ့အားသင့်စရာ ဖြစ်ခဲ့ရတယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Bob Corker က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အထက်လွှတ်တော်အမတ်တွေနဲ့ မနက်စာ အတူစားသုံးစဉ် အထက်လွှတ်တော် နို်င်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ Bob Corker က - မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ပြဿနာတွေနဲ့ ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မကင်းဖြစ်မှုကို လွှတ်တော်အမတ်က ထုတ်ဖော်ပြောကြားရာမှာ - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စကို အလေးမထားတဲ့ပုံစံမျိုး တုံ့ပြန်ခဲ့တဲ့အတွက် သူ့အနေနဲ့ အံ့အားသင့်ခဲ့ရကြောင်း - အထက်လွှတ်တော်အမတ် Bob Corker က ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာတော့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် နှစ်ရပ်စလုံးတို့ရဲ့ အထင်ကရ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG