သုံးရလွယ်ကူစေသည့် Link များ

Conson မုန်တိုင်းကြောင့် အာရှတလွှား သေဆုံးသူ ၇၀ ကျော်ရှိ

  • ဗွီအိုအေ (မြန်မာဌာန)

ဗီယက်နမ်နိုင်ငံ ထိုကင်ပင်လယ်ကွေ့ ဒေသတလျှောက် ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားကြီးတဲ့ အပူပိုင်း ကွန်ဆွန် (Conson) တိုင်ဖွန်း မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမှာ လူတဦး သေဆုံးခဲ့ရတယ်လို့ ဗီယက်နမ် အစိုးရ အရာရှိတဦးက ပြောပါတယ်။ ဒါကြောင့် ဗီယက်နမ် မတိုင်မီ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဒီမုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၇၀ ကျော်သွားပြီ ဖြစ်ပါတယ်။

မနေ့ စနေနေ့ညကစလို့ ဒီမုန်တိုင်း ဗီယက်နမ်နိုင်ငံကို ၀င်ရောက် တိုက်ခတ်ပြီးကတည်းက လူ ၁ ဒါဇင်လောက် ပျောက်ဆုံးနေတယ်လို့ ဗီယက်နမ် အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲမှာ ငါးဖမ်းသမားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပင်လယ်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ သူတွေကို မုန်တိုင်း မ၀င်ခင်ကတည်းက ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ဗီယက်နမ် စစ်တပ်က ကူညီပေးခဲ့ပါတယ်။ ဒီ ကွန်ဆွန်မုန်တိုင်းကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဖိလစ်ပိုင်နိုင်ငံမှာ အရင်ပတ်တွင်း ဒီမုန်တိုင်းကြောင့် လူ ၆၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၈၄ ဦးကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ လူ ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG