သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နဲ့ ရခိုင်ပြည်နယ် ပြဿနာ


မလေးရှားနိုင်ငံ အထောက်အပံ့သင်္ဘော ရခိုင်ပြည်နယ် ရောက်ရှိလာစဉ်။
မလေးရှားနိုင်ငံ အထောက်အပံ့သင်္ဘော ရခိုင်ပြည်နယ် ရောက်ရှိလာစဉ်။
အာဆီယံ နဲ့ ရခိုင်ပြည်နယ် ပြဿနာ
please wait

No media source currently available

0:00 0:05:08 0:00
တိုက်ရိုက် လင့်ခ်

နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဘင်္ဂလီရိုဟင်ဂျာ ပြဿနာကို ဒေသဆိုင်ရာကိစ္စအဖြစ် အဖြေရှာဖို့လိုကြောင်း ၂၀၁၄ ဖေဖေါ်ဝါရီလထုတ် ဘင်္ဂလားဒေ့ရှ်အစိုးရက မဟာဗျူဟာစာတမ်းမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂ နဲ့ OIC အစ္စလာမ်အဖွဲ့လို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ဒီပြဿနာကို တင်ပြပြီး ဗမာအစိုးရကို ဖိအားပေးဖို့ စာတမ်းမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံလက်တွဲဖြေရှင်းတာ အဆင်မပြေပုံကို ဖော်ပြရာရောက်ပါတယ်။ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှားအထိ ဘင်္ဂလီရိုဟင်ဂျာတို့ ရောက်နေတာကြောင့် ဒေသဆိုင်ရာပြဿနာအဖြစ် ပြောဆိုလာကြတာ ဖြစ်ပုံရပါတယ်။

ဒါပေမဲ့ အာဆီယံမှာ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို လက်ကိုင်ထားတဲ့အတွက် ဆွေးနွေးတဲ့အဆင့်အထိ ရောက်မလာပါဘူး။ မြန်မာဥက္ကဋ္ဌလုပ်တဲ့ နှစ်မှာတောင် ရခိုင်ပြည်နယ်ပြဿနာကို အာဆီယံအစည်းအဝေးမှာမပါအောင် ဘေးဖယ်ထားနိုင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ ထူးခြားတာကတော့ မလေးရှားဝန်ကြီးချုပ် Najib Razak ကိုယ်တိုင် ဘင်္ဂလီရိုဟင်ဂျာအရေးကို အတိအလင်း ထောထက်ခံလာတာပါ။ မလေးမွတ်စလင်တွေရဲ့ ထောက်ခံမှုရအောင် ရခိုင်ပြည်နယ်ပြဿနာကို ခုတုံးလုပ်တာလို့ ပြောကြပေမယ့် မလေးရှားကြောင့် ရခိုင်ပြည်နယ်ပြဿနာကို ပထမဆုံးအကြိမ် အာဆီယံမှာ ဆွေးနွေးလာရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာကို ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက (၂၀၁၆) နိုဝင်ဘာလ (၂၇) ရက်နေ့က တင်ပြခဲ့တာကို မြန်မာက ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဝိုင်းဝန်းတိုက်တွန်းကြတဲ့အတွက် အစည်းအဝေးကို ဒီဇင်ဘာ (၁၉) ရက်မှာ ကျင်းပဖို့ သဘောတူတယ်လို့ မလေးရှားနိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အခြေအနေကို ဒေါ်စုက ရှင်းလင်းပြောကြားပါတယ်။ မြန်မာအစိုးရ လုပ်ကိုင်ပုံဟာ နှေးကွေးကြောင်း မလေးရှားဝန်ကြီးက ဝေဖန်ပြီး သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူအဖွဲ့ကို စုံစမ်းစစ်ဆေးခိုင်းဖို့ အကြံပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရလဒ်ကောင်းရရှိဖို့အတွက် အချိန်ယူဖို့လိုအပ်ကြောင်း ဖြေကြားလိုက်ပါတယ်။

နောက်တော့ စားသုံးကုန်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ မလေးရှားထောက်ပံ့ရေး သင်္ဘောကို လာခွင့်ပြုလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွက် ရည်ရွယ်တဲ့ မလေးရှားထောက်ပံ့ရေးပစ္စည်းတွေကို မြန်မာဘက်မှာရော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာရော ဖြန့်ဝေနိုင်တာ တွေ့ရပါတယ်။ အာဆီယံဒေသမှာ မွတ်စလင်က (၆၀) ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ (၁၈) ရာခိုင်နှုန်း၊ ခရစ်ယာန်က (၁၇) ရာခိုင်နှုန်းရှိပေမယ့် ဘင်္ဂလီရိုဟင်ဂျာ ပြဿနာကို အရင်က သိပ်စိတ်ဝင်စားတာ မဟုတ်ပါဘူး။ လှေစီးဘင်္ဂလီတွေကို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားက လက်မခံတဲ့ အချိန်အခါတွေ ရှိပါတယ်။ အဂတိလိုက်စားမှု ဖြစ်နေတဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak က မြန်မာအစိုးရကို ဝေဖန်ရှုတ်ချလာတော့မှ ဟိုလေးတကျော် ပြန်ဖြစ်လာတာပါ။ ဘင်္ဂလီရိုဟင်ဂျာအရေးကိုပြပြီး Najib Razak က မြန်မာအစိုးရကို ဝေဖန်ရှုတ်ချလာတော့မှ ဟိုးလေးတကျော်ပြန် ဖြစ်လာတာပါ။ ဘင်္ဂလီရိုဟင်ဂျာအရေးကိုပြပြီး Najib Razak ဟာ ပြည်တွင်းနိုင်ငံရေးမှာ အမြတ်ထုတ်ဖို့ ကြိုးစားနေပုံရပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ ရန်ကုန်အလွတ်ဆွေးနွေးပွဲအပြီး တလအကြာမှာ မလေးရှားမှာ OIC အစ္စလာမ် (၅၃) နိုင်ငံအဖွဲ့ အစည်းအဝေးကျင်းပပါတယ်။ ရခိုင်ပြည်နယ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် အပြုသဘောနဲ့ မြန်မာကိုကူညီကြဖို့ အင်ဒိုနီးရှားက တင်ပြပါတယ်။ မလေးရှားဝန်ကြီးချုပ် Najib Razak ကတော့ မြန်မာကို ပြစ်တင်ရှုတ်ချ ဝေဖန်တိုက်ခိုက်ပါတယ်။ မွတ်စလင်တရားလွန်ဝါဒီတွေ ဝင်ရောက်တိုက်ခိုက်တာကိုတော့ OIC အစ္စလာမ်အဖွဲ့က လစ်လျှုရှု့တယ်လို့ မြန်မာဘက်က ဆိုပါတယ်။ အဂတိလိုက်စားမှုကြောင့် နာမည်ပျက်လာတဲ့ Najib Razak ဟာ ရခိုင်ပြည်နယ်ပြဿနာမှာ နာမည်ကောင်းရဖို့ ကြိုးစားနေတယ်လို့ မြန်မာဘက်က ခြေပပါတယ်။ ဒေါ်လာသန်း (၇၀၀) စားထားတာကို မျက်ခြေပျက်အောင်လုပ်တာသာဖြစ်တယ်လို့ ဥပဒေကထိက Melissa Crouch က ဆိုပါတယ်။

ကမ္ဘာဒီယာတာကတော့ အာဆီယံရဲ့ မစွက်ဖက်ရေး မူအတိုင်း မြန်မာပြည်တွင်းရေးကိစ္စကို မဝေဖန်ဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ပြဿနာဟာ ဗမာစစ်အစိုးရခေတ်မှာ ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်ခဲ့ပေမယ့် အာဆီယံအသင်းဟာ ဝေဖန်ရှုတ်ချတာမျိုး မလုပ်ပါဘူး။ အခုမှ မလေးရှားဝန်ကြီးချုပ်က ရေးကြီးခွင်ကျယ် လုပ်နေလို့ အသံသာမြည်တဲ့ Loud Speaker လို ာဖြစ်နေတယ်လို့ အင်ဒိုနီးရှားက ဆိုပါတယ်။ တရားလွန်ဝါဒီ မွတ်စလင်လက်နက်ကိုင်တွေ ရခိုင်ပြဿနာမှာ ပါဝင်လာမှာကို စိုးရိမ်ရတယ်လို့ ပြောကြပေမယ့် အာဆီယံဟာ စားသုံးကုန် ထောက်ပံ့တာလောက်သာ လုပ်နိုင်မှာ ဖြစ်ပါတယ်။

မလေးရှားမှာ ဘင်္ဂလီရိုဟင်ဂျာ ငါးသောင်ကျော်ရှိပြီး မြန်မာပြည်သား သိန်းချီရှိနေတာကြောင့် ရခိုင်ပြည်နယ် ပြဿနာကို စိုးရိမ်ပူပန်တာ သဘာဝကျပေမယ့် Najib Razak ရဲ့ အပြုအမှုကြောင့် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်မှာ IS – Islamic State အကြမ်းဖက်သမားနဲ့ နီးစပ်သူတွေ လှုပ်ရှားလာပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း အခြေအနေ ဆိုးဝါးလာပါတယ်။ ဒါပေမဲ့ အာဆီယံမှာ အကြမ်းဖက်သမား ပူးတွဲနှိမ်နင်းရေးအစီအစဉ် မရှိပါဘူး။ မွတ်စလင်အကြမ်းဖက်သမား ဆူပူလာရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ရှေ့လ မနီလာမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ရခိုင်ပြည်နယ် ပြဿနာ ဆွေးနွေးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG