သုံးရလွယ်ကူစေသည့် Link များ

ဘုန်းတော်ကြီး ဒလိုင်းလားမား အသက် ၇၅ နှစ်ပြည့် မွေးနေ့


တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အသက် ၇၅ နှစ်ပြည့် မွေးနေ့ပွဲကို ကမ္ဘာတ၀န်းမှာရှိနေကြတဲ့ တိဘက်လူမျိုးတွေ ကျင်းပနေကြပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ သူ လက်ရှိ အခြေချ နေထိုင်နေတဲ့ အိန္ဒိယနိုင်ငံမှာလဲ မွေးနေ့ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကပြီး မွေးနေ့ဆုတောင်းဖို့လာကြတဲ့ သူ့ကို ကိုးကွယ်သူတွေကို ဘုန်းတော်ကြီး ဒလိုင်းလားမားက တရားဟောကြားခဲ့ပါတယ်။

သူ့ဘ၀ဇာတ်ကြောင်းကို သရုပ်ဖော်ထားတဲ့ ရုပ်ပုံကားတွေကို တွေ့ရတဲ့အခါ သူဖြတ်သန်းခဲ့တဲ့ဘ၀ဟာ အလဟဿ မဖြစ်ခဲ့ဘူးဆိုတာ သူသဘောပေါက်တယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

အိမ်နီးချင်း နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့အပြင်မှာရှိတဲ့ တိဘက် ဒုက္ခသည်စခန်းထဲမှာလည်း မွေးနေ့ပွဲကို ကျင်းပနေကြပါတယ်။ နီပေါကလာတဲ့သတင်းတွေအရကတော့ နီပေါနိုင်ငံအတွင်းနဲ့ နယ်စပ်ဒေသတလျှောက်မှာ တိဘက်လူမျိုးအများအပြား အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးရဲ့မွေးနေ့ပွဲကျင်းပခွင့်ပြုပေမယ့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အခုလို ဖမ်းဆီးရတာလို့ နီပေါရဲက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်ပြည်ကနေ ၁၉၅၉ ခုနှစ်က ထွက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျင်ဂန်းက ဒလိုင်းလားမားရဲ့ မွေးနေ့နဲ့ပတ်သက်လို့ တစုံတရာပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

XS
SM
MD
LG