သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ်လက်ထက် အမေရိကန်ဆက်လက်ကူညီမည်


(Credit: VOA-Burmese)
(Credit: VOA-Burmese)

အမေရိကန်နိုင်ငံခြားရေးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ကူညီသွားမှာဖြစ်တဲ့အကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာမယ့် အရပ်သားအစိုးရကို ကြိုဆိုတဲ့အကြောင်း ဝါရှင်တန်မြို့တော် မြန်မာသံအမတ်ကြီးနေအိမ်မှာ မတ်လ (၈) ရက်နေ့က ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

ပုံမှန်အားဖြင့် ဇန္နဝါရီလမှာကျင်းပလေ့ရှိတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရှင်တန်ရဲ့ ရာသီဥတုနဲ့ နှင်းမုန်တိုင်းတွေကြောင်း မတ်လမှ ကျင်းပတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို လှမ်းနေပြီဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာတဲ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ပြင်ဆင်နေတာကြောင့် ဒီအပေါ်မှာ ဝမ်းသာ ဂုဏ်ယူချီးကျုးပါကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က ပြောဆိုသွားပါတယ်။

သူ့ရဲ့ လက်ရှိနဲ့ အရင်က ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေအရ မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ဘူးပြီး သွားရောက်ခဲ့တဲ့ ခရီးစဉ်တိုင်းမှာလည်း မြန်မာပြည်သူတွေရဲ့ သံနိဠာန် ခိုင်မာမှုနဲ့ ရဲရင့်မှုအပေါ် အံအားသင့် ဂုဏ်ယူ မိပါကြောင်းနဲ့ သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ ဖေါ်ဆောင်ခဲ့တဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေအတွက် ချီးကျုးပါကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ဖွဲ့စည်းမယ့် အစိုးရသစ်အပေါ် ကြိုဆိုတဲ့အကြောင်း အလေးအနက်ပြောကြားသွားပြီး ငြိမ်းချမ်းစွာ အာဏာလွဲပြောင်ရေးဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်လိုက်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုတွေအပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ ထဲထဲဝင်ဝင်ကူညီသွားမှဖြစ်ပြီး မြန်မာပြည်အနေနဲ့ ဒီမိုကရေစီရေးအတွက် ပိုပြီး ပွင့်လင်းလာလေလေ၊ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေနဲ့ အစိုးရ ခေါင်းဆောင်တွေကို ပံ့ပိုးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေဟာ မြန်မာပြည်ရဲ့ အပြောင်းအလဲတွေ နက်နက်ရှိုင်းရှိုင်းပေါ်ပေါက်လာရေး အတွက် ဖြစ်တယ်ဆိုတာကိုလည်း ထပ်လောင်း ကတိပေးပြောဆိုသွားပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေက ရလာတဲ့ အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့ ပညာရေး၊ အခွင့်အလမ်း အတွက် ဖြစ်တဲ့အကြောင်းနဲ့ ပဋပက္ခတွေ ချုပ်ငြိမ်းဖို့ ဖြစ်တဲ့အကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Daniel Russel က မြန်မာသံအမတ်ကြီးနေအိမ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG