သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးခြားပါတီထောင်တာ ဒီမိုကရေစီ နည်းလမ်းမကျ


NLD အမျိုးးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ခွဲထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီထူထောင်လိုက်တာဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောပါ တယ်၊ ဒီကနေ့ နေ့လည်ပိုင်း နေအိမ်မှာသွားတွေ့ကြတဲ့ အကျိုးဆောင်ရှေ့နေတွေကို အခုလို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သဘောထား ပြောပြလိုက်တာပါ။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုအတွက် လိုက်ပါအကျိူးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့နဲ့ နေအိမ်မှာတွေ့ဆုံစဉ် NLD ပါတီခေါင်းဆောင်တချို့ ပါတီခွဲထောင်တဲ့ကိစ္စအပေါ် သူ့ရဲ့သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြလိုက်တာဖြစ်တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကပြောပါတယ်၊

“NLD ရဲ့ အများစုဆုံးဖြတ်ချက်ကို အနည်းစုက မလိုက်နာတာ၊ အဲဒါကတော့ Undemocratic လို့ ပြောတာ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မကိုက် ညီဘူးလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တာက ဒီမိုကရေစီစနစ်မှာ အများဆန္ဒကို အနည်းကလဲ လိုက်နာရမယ်၊ အဲဒီတော့ အနည်းက မိမိဖာသာကိုင်စွဲပြီးတော့ အများဆန္ဒကို ဆန့်ကျင်ဆောင်ရွက်တယ်ဆိုရင် ဒါ ဒီမိုကရေစီကျင့်စဉ်မဟုတ်ဘူးလို့ သူ အဲဒါပြော တာ။”

တခါ ပြီးခဲ့တဲ့အပတ်ကပဲ မြန်မာနိုင်ငံကို နှစ်ရက်ကြာလာသွားတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Kurt Campbell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးမှု အတွင်းမှာလည်း သဘောထားတော်တော်များများ တိုက်ဆိုင်မှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပြတယ်လို့လည်း ဆိုပါတယ်၊

“အဓိကကတော့ တွေ့ဆုံဆွေးနွေးရတာ သဘောထားချင်းတိုက်ဆိုင်တာတွေ အတော်များတယ်ဆိုတဲ့သဘောကိုလည်း သူ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကိစ္စ ဒီရွေးကောက်ပွဲနဲ့ မလုံလောက်ဘူး၊ ဒီမိုကရေစီဖြစ်စဉ်တွေ ရှိဖို့လိုတယ်၊ ဒါမျိုးတွေနဲ့ ပတ်သက်ရင် သဘောထားချင်း တူတယ်လို့ ဆိုပါတယ်။”

NLD ပါတီဟာ မြန်မာစစ်အစိုးရပြူလုပ်ပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာပြီးတဲ့နောက် ဒါဟာ တရားမျှတမှု မရှိလို့ ဆိုပြီး နိုင်ငံရေးပါတီအဖြစ်မှတ်ပုံမတင်ဘဲ လူမှုရေးလုပ်ငန်းတွေနဲ့ လူထုအတွက် ဆက်လက် ရပ်တည်သွားဖို့ ဆုံးဖြတ်ချက်ချထားတာ လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် NLD ရုံးချုပ်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ ကိစ္စတချို့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာတွေရှိသလို အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ၁၉၉၀ ရလဒ်အရ ဆက်လက်ရပ်တည်ဖို့ တိုက်တွန်းတယ်လို့လည်း ပြောပါတယ်။

“အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသားဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းတို့ မလုပ်ပါနဲ့။ နောက်တခုကတော့ အဖွဲ့ချုပ်ရုံးမှာ နိုင်ငံရေးအစည်းအဝေး များ မလုပ်ပါနဲ့၊ အဲဒီနှစ်ခု မှာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိ တည်ဆဲဥပဒေများအရ အသင်းအဖွဲ့ ဆောင်ရွက်တဲ့သဘောမျိုး၊ NLD ဟာ အသင်းအဖွဲ့အနေနဲ့ ဆောင်ရွက်နေတယ်ဆိုရင် အဲဒါဟာ ရာဇဝတ်ပြစ်မှု ဖြစ်ပါတယ်။ ဥပဒေနဲ့အညီလိုက်နာနိုင်တဲ့ စည်းကမ်း နည်းလမ်းတွေကို ပြောတာသာ ဖြစ်ပါတယ်။

“NLD ဟာ ၉၀ ပြည့်နှစ်မှာ အနိုင်ရထားတယ်၊ အဲဒီတုန်းက မှတ်ပုံတင်ထားပြီးပြီ၊ ဒီရပ်တည်ချက်တွေဟာ နိုင်ငံရေးအရရော၊ ဥပဒေအရ ရော သူ ရိုးရိုးသားသား ယုံကြည်တဲ့အတိုင်း ရပ်တည်တာ၊ အဲတော့ ဒီလိုရပ်တည်တဲ့အတွက် အဖွဲ့ချုပ် အဖွဲ့ဝင်များ အချင်းချင်းမှာလည်း ဒီလိုပဲ ရပ်တည်တာသိရလို့ သူ ကျေနပ်ကြောင်းလည်း ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့အမှုအတွက် ဗဟိုတရားရုံးချုပ်ကို အထူးအယူခံဝင်ဖို့ တင်ထားတဲ့ ကိစ္စနဲ့ပတ်သက် ပြီး ဒီကနေ့ ရှေ့နေဦးဉာဏ်ဝင်း၊ ရှေ့နေဦးကြည်ဝင်းတို့နှစ်ဦးနဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျနော်တို့တင်လိုက်တဲ့ အယူခံပေါ့နော်၊ အယူခံကိစ္စ လျှောက်လဲချက်အတွက် ဥပဒေအချက်အလက်တွေ ညှိနှိုင်းပါ တယ်။ ဒီနေ့ ညှိနှိုင်းလို့ပြီးပါပြီ၊ ပြီးရင် ကျနော်တို့ လျှောက်လဲချက် ရေးရုံပါပဲ။ ရုံးချိန်း မရှိသေးဘူး။ ကျနော်တို့ တရားရုံးချုပ်ရဲ့ Notice Board ကို ကျနော်တို့ ကြည့်ရပါမယ်၊ အဲဒီမှာ ပေါ်တဲ့ရက်ကို ကျနော်တို့ လျှောက်လဲချက် ပေးရမယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီးဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

XS
SM
MD
LG