သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO ညီလာခံ ဒေါ်စု မိန့်ခွန်း


အခုညနေပိုင်း အသံမလွှင့်ခင် အချိန်ကလေးကပဲ ၁၀၁ ကြိမ်မြောက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ သိနိုင်အောင် ဂျနီဗာမြို့မှာ ကိုယ်တိုင် သတင်း သွားယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး။ ဒီကနေ့ ကျင်းပတဲ့ ILO အစည်းအဝေးကို ပြောပြပေးပါဦးရှင့်။

ဖြေ။ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ ILO နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး အခြေအနေ၊ လူငယ်တွေနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေကို အားလုံး ခြုံငုံပြီးတော့ ပြောသွားတာ ကြားရပါတယ်။ အဲဒီအထဲက စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တွေကို အတတ်နိုင်ဆုံး ကောက်နုတ်ပြီးတော့ အတိုချုံးပြီး ပြောပြပေးချင်ပါတယ်။

သူက ဒီ ILO ကို မလာခင် မြန်မာပြည်တွင်းက အလုပ်သမား အခွင့်အရေးအတွက် အကျိုးဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေက သူ့ကို လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပြပါတယ်။

"အလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးမယ့် ဥပဒေတွေ သေသေ ချာချာ ပြဌာန်းပေးဖို့ အရေးကြီးတယ် ဆိုတာကို သူတို့က မီးမောင်း ထိုးပြခဲ့ကြပါတယ်။ တချို့ တည်ဆဲ ဥပဒေတွေဟာ ဒီခေတ်နဲ့ လုံး၀ ကိုက်ညီမှု မရှိတော့တာတွေ၊ တချို့ဆိုလို့ရှိရင် မြန်မာလိုတောင်မှ ဘာသာပြန်ထားတာ မရှိတဲ့ ဥပဒေတွေ ရှိတယ်။ နောက် အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွေကိုလည်း ပြင်ဆင်တာ၊ အစားထိုးတာတွေ မရှိပါဘူး။ ဒီကြောင်းတွေကို အလုပ်သမားအရေး လှုပ်ရှားသူတွေက ရှင်းလင်း ပြောဆိုသွားပါတယ်" လို့ ပြောကြား သွားတာပါ။

နောက် အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းရေး၊ ဥပဒေတွေ ထဲမှာလည်း ရံပုံငွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေ ရှင်းရှင်း လင်းလင်း ပြသထားတာ မတွေ့ရဘူး၊ နောက်ပြီးတော့ အလုပ်သမားတွေ ဆန္ဒပြကြတဲ့ အခါမှာလည်း အလုပ်ရှင်တွေကို ပစားပေးတဲ့ ဥပဒေ သတ်မှတ်ချက်တွေလည်း ရှိနေတယ် ဆိုတာကိုလည်း သူတို့ ဝေဖန်သွားတာ ကြားရပါတယ်။ အလုပ်သမားနဲ့ အလုပ်မသား အဖွဲ့အစည်းတွေ သမဂ္ဂအဖွဲ့စည်းတဲ့ နေရာမှာ စက်မှုလုပ်ငန်းက အလုပ်သမားတွေတင် မကပဲနဲ့ တခြား နယ်ပယ် အသီးသီးက အလုပ်သမားတွေ အတွက်ကိုလည်း ခံစားခွင့် ပေးဖို့ လိုတယ် ဆိုတာတွေကိုလည်း သူက ပြောပြသွားပါတယ်။

နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က သူအမြဲ ပြောလေ့ရှိတဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ ပြဿနာဟာ အထူးတလည် ကိုင်တွယ်ဖို့ လိုတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြသွားပါတယ်။

"အလုပ်လက်မဲ့ လူငယ်တွေဟာ လူ့ဘောင် အသိုင်းဝိုင်းမှာ သူတို့ လုပ်နိုင် ကိုင်နိုင်တဲ့ အလားအလာတွေ မရှိတော့ဘူးဆိုတဲ့ ယုံကြည်ချက် ပျောက်သွားနိုင်ပါတယ်။ သူတို့ ဘဝမှာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး ဆိုပြီးတော့ မူးယစ်ဆေး စွဲတာတွေက အစ၊ အဲဒီလိုမျိုး လူငယ်တွေမှာ အလုပ်လက်မဲ့ ဖြစ်တာကြောင့်မို့ လူငယ်တေ ပျက်ဆီးရတဲ့ အခြေအနေတွေ" ကို ပြောပြသွားပါတယ်။

တဆက်ထဲမှာပဲ ဒီ လူငယ်တွေရဲ့ အလုပ်လက်မဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံဖို့ ဆိုင်းပြင်းနေကြတဲ့ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှု လုပ်ချင်တဲ့ သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို အကြံပြုပါတယ်။

"လူငယ်တွေအတွက် အသက်မွေးမှုပညာ အရေးကြီးတာကြောင့် ရင်းနှီး မြုပ်နှံဖို့ အလားအလာ ရှိတဲ့သူတွေအနေနဲ့ ကိုယ့်အတွက်ကိုပဲ ကိုယ်မကြည့်ပဲနဲ့ မြန်မာလူငယ်တွေရဲ့ အကျိုးလည်း ရှိအောင်၊ နောက် လုပ်ငန်းက ရရှိလာတဲ့ အကျိုးတွေကိုလည်း ဒီ ရင်းနှီး မြုပ်နှံသူဖက်ကရော၊ မြန်မာ ပြည်သူတွေဖက်ကရော အကျိုးရှိအောင်၊ တာဝန် သိသိနဲ့ ဆောင်ရွက်ဖို့ လိုတယ်" ဆိုပြီးတော့ သူက ပြောပြ သွားပါတယ်။

နောက်ဆုံး တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ ဒီ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီးတော့ ရတက် မအေးရတဲ့ အကြောင်းကိုလည်း အခုလို မှတ်ချက် ချပါတယ်။

"နှစ်နိုင်ငံစလုံးမှာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့၊ စီမံကွပ်ကဲတဲ့ အဖွဲ့အစည်းတွေ သတ်သတ် မှတ်မှတ်၊ တိတိ ကျကျ မရှိပါဘူး။ နောက် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ အာဆီယံအဖွဲ့ကြီးက မူကြမ်း ရေးဆွဲနေတာဟာလည်း ခုထက်ထိ ပြီးပြတ်သေးတာ မတွေ့ရသေးပါဘူး။ အဲဒီ ချမှတ်ထားတဲ့ ဘောင်တွေကိုလည်း နှစ်နိုင်ငံ စလုံးက လိုက်နာတာ မတွေ့ရဘူး၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးဟာ ပြည်တွင်းက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ တန်းတူ ရသင့်တယ်" ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က အကြံပြုပါတယ်။

နောက် သူထိုင်းနိုင်ငံကို သွားခဲ့တုန်းက တွေ့ခဲ့ရတဲ့ ရွှေ့ပြောင်း အလုပ်သမားတိုင်း လိုလိုက အိမ်ပြန်ချင်ကြတယ်လို့ ပြောပါတယ်တဲ့။ သူတို့တတွေ ပြန်လာပြီး နေချင့်စဖွယ်ကောင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ လုံခြုံတဲ့ နိုင်ငံတော်ဖြစ်အောင် ILO အနေနဲ့လည်း ဝိုင်းဝန်း ကူညီပါဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်း အပိတ်မှာ မေတ္တာရပ်ခံ သွားပါတယ်။

XS
SM
MD
LG