သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေမဲ့ ဖိနှိပ်မှုများ ဥပဒေစိုးမိုးရေးကို ထိခိုက်


ဥပဒေပြဋ္ဌာန်းချက်နဲ့ ညီညွတ်ခြင်းမရှိဘဲ NLD ပါတီၤအပေါ် အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်နေမှုတွေဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်နေတာ ဖြစ်တယ်လို့ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာစစ်အစိုးရအပေါ် တရားစွဲဆိုမယ့် ကိစ္စကို ဆက်လက် ဆောင်ရွက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင် ရှေ့နေတွေ တွေ့ဆုံဆွေးနွေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က စစ်အစိုးရဆီကို NLD ပါတီက တရားစွဲဆိုကြောင်း နို့တစ်စာ ပေးပို့ထားတာ မနက်ဖြန်ဆိုရင် ၂ လ ပြည်တော့မှာမို့ ဥပဒေကြောင်းအရ ရက်ပေါင်း ၆၀ ပြည့်ရင် တရားစွဲဆိုခွင့်ရှိပြီ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အကျိုးဆောင် ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့ဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ အမှုကိစ္စအတွက် ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ NLD ပါတီဟာ တရားဝင် ရပ်တည်မှုကို ပယ်ပျက်တယ်ဆိုတဲ့အပေါ် NLD ပါတီက မြန်မာစစ်အစိုးရကို ဧပြီလ ၂၉ ရက်နေ့က စတင် တရားစွဲဆိုထားတာ ဖြစ်ပြီးတော့ ဒီစွဲဆိုမှုကို ရန်ကုန်တိုင်း တရားရုံးက မေလ ၅ ရက်နေ့က ပယ်ချထားတာပါ။

ဥပဒေကြောင်းအရ မဟုတ်ပါဘဲနဲ့ NLD ပါတီအပေါ် ခြိမ်းခြောက်နေမှုတွေဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်နေတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အဓိကပြောတာက ၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက အဖွဲ့ချုပ်အပေါ်မှာ အာဏာပိုင်တွေက အမျိုးမျိုး ဖိနှိပ်တယ်။ ဖိနှိပ်တယ်ဆိုတဲ့ နေရာမှာ ဥပဒေ ပြဋ္ဌာန်းချက်နဲ့ မညီမညွတ်၊ ဥပဒေ ပြဋ္ဌာန်းချက်မှာ မရှိဘဲနဲ့ ဖိနှိပ်တာတွေ အချက်အလက်တွေ အများကြီးရှိတယ်၊ အဲဒါကို ဆွေးနွေးတယ်။

“ပြီးတော့ တဆက်တည်းပြောတာက အဲဒီလို ဥပဒေ ပြဋ္ဌာန်းချက်နဲ့ မညီဘဲနဲ့ ဥပဒေက မပေးထားတဲ့ အာဏာတွေကို ကျင့်သုံးတာမျိုးဟာ ဒါ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ နယ်မြေအသီးသီးကို သွားတဲ့အခါမှာ ကိုယ့်ရဲဘော် ရဲဘက်၊ ဒါမှမဟုတ်ရင်လည်း အပြင်ပပုဂ္ဂိုလ် ဘယ်လိုလူနဲ့ပဲတွေ့တွေ့ တရားဥပဒေ စိုးမိုးရေးရဲ့ အရေးကြီးပုံကို ဆွေးနွေးပြောကြားဖို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ တိုင်းပြည်မှာ ဘယ်စနစ်ကိုပဲ ကျင့်သုံး ကျင့်သုံး တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့ ဘယ်စနစ်မှ မအောင်မြင်ဘူး။ တရားဥပဒေ စိုးမိုးမှုရဲ့ အကျိုးခံစားခွင့်ကိုလည်း တပါတီအတွက်၊ တဖွဲ့အတွက် မဟုတ်ဘူး၊ တပြည်လုံး အတိုင်းအတာနဲ့ ပြည်သူလူထုအားလုံး၊ အဖွဲ့အစည်းအားလုံး အကျိုးရှိမယ့်ကိစ္စ၊ ဒါကြောင့် ဒီဟာကို ပြည်သူလူထု နားလည်အောင်၊ လူအများ နားလည်အောင် ကြိုးစားဆောင်ရွက်ဖို့ သူက ဆွေးနွေးသွားပါတယ်။”

အခုလို NLD ပါတီရဲ့ တရားဝင်ရပ်တည်နိုင်ခွင့်အတွက် တရားရေးဆိုင်ရာကိစ္စရပ် တွေကို ဆက်လုပ်သွားဖို့လည်း ဆွေးနွေးခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူး အယူခံကိစ္စအတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့ ဆွေးနွေးပါတယ်၊ ကျနော်က ပြောပြတယ်။ အခု တရားရုံးချုပ်ရဲ့ အမှု စာရင်းမှာဆိုရင် အမှုနံပါတ်တွေက ၇၀ ကျော်၊ ၈၀ ကျော် ရောက်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနံပါတ်က ၆၃၊ ဆိုတော့ နံပါတ်တွေက အများကြီး ကျော် သွားပြီ။ အဲဒီတော့ ကျော်သွားတဲ့အတွက် မကြာမီ ဒီအမှုဟာ ပေါ်လာလိမ့်မယ်လို့တော့ ဒီလိုမှန်းဆလို့တော့ ရတယ်လို့ ကျနော် တင်ပြခဲ့ပါတယ်။”

အခုလို အမှုအကြောင်းတွေ ပြောဆိုဆွေးနွေးကြစဉ် အတွင်းမှာ ဒီနှစ်ထဲ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ လုပ်ငန်းစဉ်တွေ လွဲချော်နေတယ်ဆိုတာ တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲရက်လည်း မရှိသေးဘူး။ အဲဒီတော့ ပါတီတွေကလည်း မှတ်ပုံတင်နေသေးတယ်တဲ့။ ဥပဒေ ပြဋ္ဌာန်းချက်အရ ဆိုလို့ရှိရင် မှတ်ပုံတင်ခွင့် ပေးလိုက်တဲ့ ပါတီတွေဟာ ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား စာရင်းကို ၅၀၀ သို့မဟုတ် ၁,၀၀၀ ပြရမှာပေါ့။ အဲဒီတော့ ရက်ပေါင်း ၉၀ ပြောရင်တောင်မှ နှစ်ကုန်ခါနီး ဖြစ်နေပြီတဲ့။ အဲဒါ ဘာဖြစ်နေသလဲဆိုတာ သူတော့ မသိပါဘူးတဲ့။ ဒါပေမဲ့လို့ ဒီဥစ္စာ တစုံတရာတော့ အခက်အခဲတော့ ရှိမယ်လို့ ဒီလိုမှတ်ယူလို့ရမယ် ထင်ပါတယ်တဲ့။ အဲဒီလို ဆွေးနွေးပါတယ်။”

ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

တခါ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက သူတို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင် ရပ်တည်ခွင့် ရှိကြောင်းအတွက် NLD ပါတီက မြန်မာစစ်အစိုးရကို အက်ဥပဒေပုဒ်မ ၄၂ အရ ဧပြီလ ၂၉ ရက်နေ့မှာ နောက်ထပ် တရားစွဲဆိုထားတဲ့ အမှုတခုရှိပြီးတော့ ဒီအမှုကိုလည်း တရားရုံးက လက်ခံဖို့ ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG