သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တရုတ်ခရီးစဉ် လူထုဆန္ဒထင်ဟပ်မည့်ကိစ္စများ အဓိကဆွေးနွေးမည်


၁၁ ဇွန်လ ၂၀၁၅ တရုတ်ပြည်ခရီးစဉ်က။
၁၁ ဇွန်လ ၂၀၁၅ တရုတ်ပြည်ခရီးစဉ်က။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မကြာခင်သွားရောက်မယ့် တရုတ်နိုင်ငံခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကိစ္စ အပါအဝင် မြန်မာလူထုရဲ့ သဘောထားတွေကို ထင်ဟပ်နိုင်မယ့် ကိစ္စတွေကို အဓိက ဆွေးနွေးသွားဖို့ရှိတာမို့ ထူးခြား တဲ့ ခရီးစဉ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရသစ်ရဲ့ ခေါင်းဆောင် တယောက်အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါ တယ်။

တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သြဂုတ်လ ၁၇ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တရုတ်နိုင်ငံကို ၄ရက်တာ ခရီးစဉ်သွားရောက်မှာ ဖြစ်ပါ တယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့နှစ် ဇွန်လက NLD ပါတီရဲ့ ဥက္ကဌ အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲကနေ ပြည်သူတရပ်လုံး ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရတရပ် အနေ နဲ့ သွားရောက်မယ့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး မြစ်ဆုံစီမံကိန်းကိစ္စ အပါအဝင် ပြည်သူလူထုရဲ့ ဆန္ဒ သဘောထားတွေ ကို ထင်ဟပ်နိုင်မယ့် အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲပြုလုပ် ပြီးတော့ ပြည်သူတွေအားလုံးကို ကိုယ်စားပြုတဲ့ အစိုးရရဲ့ကိုယ်စား တရုတ်ပြည်ကို သွားရောက်တဲ့အတွက်ကြောင့် ဒီခရီးစဉ်ဟာဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို ဖော်ထုတ်နိုင်မယ့် ၊ ထင်ဟပ်နိုင်မယ့် ကိစ္စတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင်တွေကို ကျနော်တို့ခေါင်းဆောင်ကနေပြောကြားဖို့ရှိပါမယ်။ ရှိတဲ့အတွက်ကြောင့် ကျနော်တို့က ဒီခရီးစဉ်ဟာ ထူးခြားတဲ့ခရီးစဉ် လို့ ကျနော်တို့ မှတ်ယူပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ ဒီမြစ်ဆုံကိစ္စကို ဆွေးနွေးလာတဲ့အခါကျရင်လည်း ကျနော်တို့ရဲ့ ရပ်တည်ချက်ကိုလည်း တရုတ်ဘက်ကိုပြောကြားဖို့ရှိပါတယ်။ ကျနော်တို့ရပ်တည်ချက်ကတော့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားပါတယ်ဆိုတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။”

(၂၁) ရာစု ပင်လုံညီလာခံမတိုင်ခင် သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ် အစိုး ရဘက်က တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး ကိစ္စတွေ ဆွေးနွေးလာမယ် ဆိုရင် လည်း မြန်မာဘက်က ပြန်လည်ဆွေးနွေးဖို့ ရှိမယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီဖို့ ဆန္ဒရှိသလို ဒီလုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ သုံးသန်း ကူညီမယ်လို့ တရုတ်ရဲ့ အာရှ ရေးရာ အထူးကိုယ်စားလှယ်က ဇူလိုင်လ ကုန်ပိုင်း လောက်က ပြောဆိုထားတာလည်းရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာခင် တရုတ်နိုင်ငံခရီးစဉ်မှာ မြန်မာနဲ့ တရုတ် နှစ်နိုင်ကြား နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ တန်းတူရည်တူရှိတဲ့ ဆက်ဆံရေးတခုတည်ဆောက်နိုင်ဖို့ မျှော်လင့်ပြီး တရုတ်နိုင်ငံရဲ့ မြန်မာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာ ပြည်သူ့ သဘောထားတွေကို ဆွေးနွေး သင့်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“ဒီနိုင်ငံရေးအပိုင်းမှာပေါ့လေ ၂ နိုင်ငံ ဆက်ဆံရေးအပိုင်းမှာ နိုင်ငံရေးအရ ပိုပြီးတော့ တန်းတူရည်တူရှိတဲ့ ပုံစံမျိုးကို ဒီ ခရီးစဉ်မှာ ဖော်ပြနိုင်မယ်လို့ မြင်တယ်။ တဘက်က စီးပွားရေးအပိုင်းနဲ့ ပတ်သက်လို့ရှိရင်လည်း လက်ရှိပြည်သူလူထုကြားမှာ အငြင်းပွားနေတဲ့ ဒီ မြစ်ဆုံ၊ လက်ပံတောင်း၊ ကျောက်ဖြူ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ အဖြေထုတ်နိုင်မယ့် လမ်းစတခုကို ရလာနိုင်လိမ့်မယ်လို့ မြင်တယ်။ နောက်တဘက်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ စက်တင်ဘာလ အမေရိကန်ပြည်ထောင်စုခရီးစဉ်မတိုင်ခင်မှာသွားတဲ့ခရီးစဉ်ဖြစ်တဲ့အတွက် ကျနော်တို့ဒေသအတွင်းမှာ တရုတ်-အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးမှာ အရေးကြီးတဲ့ ခရီးစဉ်တခုလို့ ကျနော်သုံးသပ်ပါတယ်။”

သြဂုတ်လ ၁၇ရက်နေ့မှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့် ပင်း အပါအဝင် တရုတ် နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG