သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ ၂ နိုင်ငံကြား နားလည်မှုရဖို့ ဒေါ်စုတိုက်တွန်း


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။

ထိုင်းနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ် ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးရောက်မဆိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့ရည်ရွယ်ပြီး၊ မြန်မာနိုင်ငံသား အများအပြားရှိရာ မဟာချိုင်ဒေသကို သွားရောက်ခဲ့ပါတယ်။

ထိုင်းလေဆိပ်ကို ရောက်ရှိ
ထိုင်းလေဆိပ်ကို ရောက်ရှိ

မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံချိန် မှာတော့ ဒေါ်အောင်ဆန်းစုကြည် က မြန်မာအလုပ်သမားတွေ အတွက် အစိုးရသစ်က ကြိုးပမ်းနေတာ တွေကို လည်း ပြောဆိုသွားခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ကို ရောက်ရောက်ချင်း မှာပဲ ထိုင်းအစိုးရရဲ့စီစဉ်ပေးချက်အရ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ထလေးထိုင်း ငါးပုဇွန်ဈေးခန်းမမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ နဲ့ တွေ့ဆုံခဲ့တာပါ။ ခရီးစဉ်လုံခြုံရေး အကြောင်း ပြချက် နဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့်ခန်းမထဲ ဝင်ရောက်ခွင့်မရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမြောက်အများရှိခဲ့ပါတယ်။

ခမ်းမပြင်က မြန်မာတွေ
ခမ်းမပြင်က မြန်မာတွေ

ထိုင်းနိုင်ငံကို ဘာကြောင့် အခုလို သူလာရောက်ရသလဲ ဆိုတဲ့အကြောင်းနဲ့ ပတ်သက်လို့ ငါးပုဇွန်ဈေးခန်းမထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“အခုကျမတို့ ဒီထိုင်းနိုင်ငံကို လာတယ်ဆိုတာ အဓိကအားဖြင့်တော့ နိုင်ငံ နှစ်နိုင်ငံကြား ထဲမှာ နားလည်မှုပိုပြီးတော့ရှိဖို့ ချစ်ကြည်မှု ပိုပြီးတော့ တိုးတက်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ အဓိကကတော့ နိုင်ငံသူနိုင်ငံသားတွေကြား ထဲမှာ နားလည်မှုရှိရမယ်။ ချစ်ကြည်မှု ရှိရမယ်။ အစိုးရ တွေကြားထဲမှာ လည်း နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။ အဲဒီဟာအတွက်ကို ကျမတို့ကလည်း ကျမတို့ရဲ့ ဒီမှာ လာအလုပ်လုပ်နေကြ တဲ့ နိုင်ငံသူနိုင်ငံသားတွေကိုကူညီသလို ကျမတို့ကို လည်း ပြန်ပြီးတော့ ကူညီနိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဘယ်လို ကျမတို့ အဆင်ပြေ အောင် လုပ်ပေးရမလဲ ဆိုတာဟာ ကာယကံရှင်တွေက ပြောမှ ကျမတို့သိမှာပေါ့။ ကာယကံရှင်တွေရဲ့ အသံကို နားထောင်ပြီးတော့မှ ကျမတို့က ဘာလုပ်ပေးသင့်လဲ။ ဘာလုပ်ရမလဲ။ ဘာလုပ်နိုင်မလဲဆိုတော ဆုံးဖြတ်ရမှာပါ။”

အရှေ့တောင်အာရှဒေသတွင်း အေးချမ်းသာယာ တိုးတက်ဖို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကြား အပြန်အလှန် နားလည်မှုရှိဖို့နဲ့ ပြိုင်ဖက်လို သဘောမထားပဲ လက်တွဲဆောင်ရွက်သွားဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

" ကျမတို့က ကျမတို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်လည်း အဆင်ပြေစေချင်တယ်။ အိမ်ရှင်နိုင်ငံ အတွက်လည်း အဆင်ပြေစေချင်တယ်။ ဒါမှ ကျမတို့ရဲ့ဒေသဟာ ရေရှည်မှာ အေးချမ်းသာယာမှာ တိုးတက်နိုင်မှာဖြစ်ပါတယ်။ တဦးကို တဦး ပြိုင်ဖက်လို မြင်စရာလည်း မလိုဘူး။ ကျမတို့ဟာ အားလုံးအတူ ဖွံ့ဖြိုးတိုးတက်ဖို့ လက်တွဲပြီး လုပ်နေတဲ့ နိုင်ငံတွေလိုမြင်မှ ကျမတို့ တိုးတက်နိုင်မှာပါ။ ကျမတို့ အရှေ့တောင်အာရှ ဆိုတာ နိုင်ငံကြီးတွေ မဟုတ်ပါဘူး။ နိုင်ငံလတ်တွေ နဲ့ နိုင်ငံငယ်တွေ စုပေါင်းထားတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တဦးနဲ့ တဦး ညီညွတ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ တဦးနဲ့ တဦး နားလည်မှုရှိဖို့က အရေးကြီးပါတယ်။"

အလုပ်သမားတွေဘက်ကလဲ ထိုင်းနိုင်ငံတွင်း အလုပ်ခွင်တွေမှာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို တင်ပြကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ် ကြောင်း နဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် CI တွေ ထုတ်ပေးနိုင်ဖို့ ကြိုးစားသွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျမတို့ အခုအချိန်မှာ ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားများဟာ C OF I (Certificate of Identity) မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက် အထားလက်မှတ် ရဖို့အတွက် ကြိုးစားနေပါတယ်။ တကယ်တော့ ကျမတို့က နိုင်ငံကူးလက်မှတ်ရစေချင်တာပါ။ ဒါကိုလည်း အိမ်ရှင်နိုင်ငံဖြစ် တဲ့ ထိုင်းကလည်း ကန့်ကွက်တာမဟုတ်ပါဘူး။ ဒါပေမယ့်အစတုန်းက ကျမတို့နိုင်ငံအစိုးရ C OF I ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီအတိုင်း လိုက်လျောပြီး လုပ်ခွင့်ပေးထားတာပါ။ နောင်ဆိုရင် ကျမတို့ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒါအပြင် နိုင်ငံသူ၊ နိုင်ငံသား အားလုံးဟာ ဒီနိုင်ငံရဲ့ ဥပဒေဘောင် အတွင်းက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် ကြိုးစားနေပါတယ်။”

ထလေးထိုင်းငါးပုဇွန်ဈေးခန်းမထဲ ဝင်ခွင့်မရတဲ့ ပြင်ပက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ပြောကြားဖို့ညှိနှိုင်းခဲ့သော် လည်း မိုးသည်းထန်စွာ ရွာနေတဲ့အတွက် ခန်းမအပြင်ဘက်မှာ တွေ့ဆုံ မိန့်ခွန်းပြောကြားဖို့ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG