သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့ရွေးကောက်ပွဲ ပြောဆိုချက်အပေါ် စစ်အစိုးရသတိပေး


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

မဲမပေးဘဲနေနိုင်တာဟာလည်း နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတရပ်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောပြချက်ကို
သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက အပြင်မှာ ပြန်ပြောပြခဲ့တာနဲ့ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေက ဦးဉာဏ်ဝင်းကို
ဒီကနေ့မှာ ခေါ်ယူပြီး သတိပေးခဲ့ပါတယ်။ ဒီလို သတိပေးတာဟာ တရားနည်းလမ်းမကျဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောလိုက်ပါတယ်။

နေအိမ်မှာ အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခွင့်ရတဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က
ဆက်သွယ်မေးမြန်းတော့ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။

“ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအရ မဲဆန္ဒရှင်က မဲပေးခွင့်ကို ဒါ သူရဲ့ ရိုက်စ် (အခွင့်အရေး)ပဲ။ အလားတူပဲ မဲမပေးတာလည်း သူ့ရဲ့ ရိုက် (အခွင့်အရေး) ပဲလို့ ပြောခဲ့တယ်။ ကျနော်လည်း ဒီအတိုင်းပဲ ပြန်ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီနေ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူက ကျနော့်ကို ခေါ်ယူ သတိပေး ပါတယ်။ သူတို့ခွင့်ပြုတာက ကျနော်တို့အမှုကိစ္စ၊ ဒါတွေ မပါဘူးပေါ့။ ဒီလိုပြောတာတွေကိုလည်း သတိပေးတယ်လို့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း ဒီနေ့ရောက်သွားတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ဒါကို ပြောပြတယ်။ ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က ဟာ-ဒီဥစ္စာက တရားနည်းလမ်း မကျဘူး၊ ဒီဥစ္စာဟာ ဥပဒေပညာပေးတဲ့အလုပ်၊ ဥပဒေပညာမှာ ဘယ်လိုရှိတယ်ဆိုတာကို ကျမ ပြောတာပဲ တဲ့။ ဒီအလုပ်ဟာ အစိုးရမှာတောင် ပိုပြီးတော့ တာဝန်ရှိတယ် တဲ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာတွေကို တရားဥပဒေအရ ဥပဒေအချက်အလက် ရှာပြီးတော့ ပြန်ပြီးတော့ စာနဲ့ ရေးသားတင်ပြနိုင်ဖို့ စာတမ်းပြုစုပါ ဆိုပြီးတော့ ကျနော့်ကို ခိုင်းလိုက်ပါတယ်။”

“အာဏာပိုင်က ဆရာ့ကို သတိပေးတယ်ဆိုတာက ရွေးကောက်ပွဲမှာ မဲမပေးခွင့် ဆိုတာဟာလည်း ကိုယ့်ရဲ့အခွင့်အရေးပဲဆိုတဲ့ ကိစ္စကို ပြောလို့ သတိပေးတာလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စမဟုတ်တာတွေပြောလို့ သတိပေးတာလား။ ဘာကို သတိပေးတာလည်း ခင်ဗျ။”

“နှစ်ချက်စလုံးပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အထဲမှာ ဘာပါလည်းဆိုတော့ ရှေ့နေနဲ့ အမှုသည်နဲ့ တွေ့ဆုံ စကားပြောတဲ့နေရာမှာ ဘယ်စကားကို မပြောရဘူးဆိုတာမျိုး ဘယ်ဥပဒေမှာမှ မရှိဘူးတဲ့။ ဒါတွေကို သေသေချာချာ လေ့လာပြီး စာတမ်း ပြုစုဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။”

“ဆရာ့ကို သတိပေးလိုက်တယ်ဆိုတာ တားမြစ်ချက်ထုတ်တာလား၊ ဘယ်လိုသဘောပါလည်း ခင်ဗျ။”

“တားမြစ်ချက် ထုတ်တယ်လို့ ပြောရင်လည်း ရတယ်။ တားမြစ်တယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။ ယူဆရင်တော့ ရပါတယ်။”

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်းတို့ သွားတွေ့တာက ဘာကိစ္စပါလည်း ခင်ဗျ။”

“ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိရော သူတို့အတွက်
အထူးအယူခံဝင်ခွင့် ကျနော်တို့ လျှောက်ထားခဲ့တယ်လေ။ အဲဒီလျှောက်ထားတဲ့ဟာ ရက်တွေရလာတော့ မကြာခင်
ပေါ်လာနိုင်တယ်ပေါ့။ အဲဒါကြောင့် အဲဒီအမှုအတွက် လျှောက်လဲချက် မူကြမ်းကို အတည်ပြုဖို့ ကျနော်တို့ သွားကြတာပါ။
အခု အတည်လည်း ပြုခဲ့ပြီးပါပြီ”


“ဒီအမှုကိစ္စအတွက်လည်း ထူးခြားတဲ့ တိုးတက်မှုတွေ ရှိမလာဘူး။ အဆင့်တခုတခု သွားရဖို့အတွက် အချိန်တော်တော်ယူရတယ်။
ဒါဟာ ပုံမှန်ပဲလား၊ ပုံမှန်ထက်ပိုပြီးတော့ ကြာနေတာလားခင်ဗျ။”

“ကျနော့်အတွေ့အကြုံအရ ဒီလို အချိန်ကြာနေတာဟာ ပုံမှန်မဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲ ယူဆတယ်။
ဒိပြင်အမှုတွေဆိုရင် ဒီလောက်ဆိုရင် အမှုရက်ချိန်းပေါ်လောက်ပြီ။ အခုတော့ ကြန့်ကြာနေတယ်လို့ ကျနော်တော့
အဲသလိုမြင်ပါတယ်။”


“ဟုတ်ကဲ့။ အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမှုအတွက် အထူးအယူခံတင်ဖို့ကို အတည်ပြုချက်ပေးလိုက်ပြီ။
ဆိုတော့ နောက်တဆင့်က ဘာပါလဲခင်ဗျ”

“အထူးအယူခံဆိုတာ နောက်ဆုံးအဆင့်ပေါ့ဗျာ။ တရားဥပဒေလမ်းကြောင်းကတော့၊ နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့
လက်ခံရေး လက်မခံရေး၊ လက်မခံဘူးဆိုရင် ကျနော်တို့ ရှုံးတယ်ပေါ့ဗျာ၊ လက်ခံခဲ့လို့ရှိရင် ful bench စုံညီခုံရုံး ကျနော်တို့
ရှိပါတယ်။ စုံညီခုံရုံးက နေပြည်တော်မှာပဲ ထိုင်ပါတယ်။ လက်ခံလိုက်ရင် ကျနော်တို့ စုံညီခုံရုံးအထိ သွားပြီး
လျှောက်လဲချက်ပေးရမှာပါ။”


“ဆိုတော့ အဲဒီခုံရုံးမှာ သွားပြီး လျှောက်လဲချက်ပေးတယ် ဆိုတာက ဆုံးဖြတ်ချက်ချဖို့အတွက်လားခင်ဗျ။”

“ဟုတ်ပါတယ်။”

“အဲဒီဆုံးဖြတ်ချက်က ဆက်ဖမ်းထားမယ်၊ လွှတ်ပေးမယ် အဲလို အဖြေလားခင်ဗျ။”

“များသောအားဖြင့် အဲဒီအဖြေပဲ။ ဒါပေမဲ့ အကြမ်းဖျဉ်း ဒီလို သိပ်ပြောလို့တော့ မရဘူး။ အမျိုးမျိုးဖြစ်နိုင်တယ်။
သို့သော် များသောအားဖြင့် ၉၉ ရာခိုင်နှုန်းကတော့ ရက်စ် အော် နိုး ပါပဲ။”

“ဟုတ်ကဲ့ ခင်ဗျ၊ ဒါဆိုရင်တော့ နောက်ဆုံးအဆင့်နဲ့ နီးလာပြီဆိုတဲ့သဘောပေါ့။”

“ဒီလို ပြောရင် ရပါတယ်။”

XS
SM
MD
LG