သုံးရလွယ်ကူစေသည့် Link များ

ခရိုနီတွေ အရင်လိုမကျင့်ကြံဖို့ ဒေါ်စု သတိပေး


(Credit: MOI)
(Credit: MOI)

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အရင် ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ပါဝင်ခွင့်ပြုမှာဖြစ်ပြီး သူတို့အနေနဲ့ ဖြောင့်မတ်မှန်ကန်စွာ အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

NLD အစိုးရလက်ထက် ပြည်သူလူထုအတွက် အခွင့်အလမ်းသစ်တွေ ရဖို့ ဆောင် ရွက်နေချိန်မှာ ခရိုနီ လုပ်ငန်းရှင်တွေဘက်ကလည်း အရင်လိုမဟုတ်ဘဲ စီးပွားရေး နယ်ပယ်မှာ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် လုပ်သွားဖို့ မနေ့ စနေနေ့ က နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဘက် များ တွေ့ဆုံပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလို နာမည်ကြီးနေတဲ့ Max ဦးဇော်ဇော်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ဦးတေဇကိုယ်စား သူရဲ့သားနှစ်ဦး၊ ဧဒင်ဦးချစ်ခိုင်၊ ပတ္တမြားနဂါး ဦးနေဝင်းထွန်း၊ Dagon International ဦးဝင်းအောင် တို့အပြင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်တို့ လည်း ဒီတွေ့ဆုံပွဲအ ခမ်းအ နားကို တက်ရောက်တာ တွေ့ရပါတယ်။

NLD အစိုးရသစ်လက်ထက်မှာ အရင် ခရိုနီလုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက်လို့ သဘောထား ဘယ်လိုရှိသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ အခမ်းအနား အဖွင့်မိန့်ခွန်းမှာ အခုလို ပြောသွားပါတယ်။

“အရင်တုန်းက လုပ်နေတဲ့ စီးပွားရေးသမားတွေအတွက် နေရာမှ ရှိပါ့မလားဆိုတဲ့ ပူပင်သောကတွေလည်း ရှိပါတယ်။ ကျမတို့ကတော့ အားလုံးကို ကြိုဆိုပါတယ်။ ကျမတို့ရဲ့ နိုင်ငံသူနိုင်ငံသားများအားလုံးဟာ ကျမတို့ စီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးမှုမှာ ပါဝင် ဆောင်ရွက်စေချင်ပါတယ်။ အရင်တုန်းက အတိတ်ကို ပြန်ကြည့်တာ မဟုတ်ဘဲ အနာဂတ်ကို မျှော်တဲ့ မူဝါဒမျိုးနဲ့ ကျမတို့က ဆက်ပြီးတော့ သွားစေချင်တာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ကတော့ ကျမတို့ ပြည် သူပြည်သားထဲကနေပြီးတော့ ချမ်းသာကြွယ်ဝတာကို ကျမ သဘောကျပါတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝပြီးတော့ မှန်ဖို့တော့ လိုတာပေါ့။ အရင်တုန်းက မှန်တာ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ အခု ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် ဆက်ပြီးတော့ လုပ်သွားပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”

ပြည်သူအများ စိတ်ထဲမှာရှိနေတဲ့ ခရိုနီလုပ်ငန်းရှင် ဆိုတဲ့အပေါ်မှာ နာကြည်းပြီး၊ မယုံကြည်တဲ့ စိတ်တွေ ပယ်ဖျောက်နိုင်ဖို့ အများအကျိုးအတွက် မိမိရဲ့ကြွယ်ဝချမ်းသာမှုတွေကို အသုံးချဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားပါတယ်။

“အရင် ဒီအစိုးရမတက်ခင် ကတည်းက အားလုံးသိနေတဲ့ အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ရင်တောင်မှ သိနေတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ Crony ဆိုတဲ့ အသုံးအနှုန်း။ ဒါက ကျမတို့ တနိုင်ငံလုံးမှာ ပြန့်ပွားနေပါတယ်။ ခရိုနီတွေ စီးပွားရေးအောင်မြင်နေတဲ့သူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုရင် အစိုးရနဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ပင်းပြီးတော့ မိမိတို့ရဲ့ အောင်မြင်မှုအတွက် လုပ်တာ။ တရားဥပဒေ ဘောင်အတွင်းက လုပ်တာ မဟုတ်ဘူး၊ ဒါ အများပြည်သူအတွက် လုပ်တာမဟုတ်ဘူးဆိုပြီး ဒီလို ဝေဖန်ချက်တွေ ရှိပါတယ်။ ဒီဝေဖန်ချက်တွေ ကြားရတဲ့အခါ ကျမ စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာက - ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အချင်းချင်း ဘာလို့ ဒီလောက် စိတ်ဝမ်းကွဲနေကြလဲ။ တကယ်ပဲ ဒီလိုပဲ ကိုယ့်အတွက်ပဲ လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ကျမတို့နိုင်ငံမှာ များနေလား။ ကိုယ်ကျိုးအတွက်ပဲ ကြည့်နေတဲ့ ပုဂ္ဂိုလ်တွေ ကျမတို့နိုင်ငံမှာ များနေလား။ ဒီလိုဟာမျိုးတွေ ရှိနေတယ်ဆိုရင် နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမ ယုံကြည်ချက်တခုက အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာ ယူပြီးတော့ ရှေ့ကို ကျမတို့ ဆက်သွားနိုင်ရမယ်။ တချိန်တခါတုန်းက ကိုယ့်အတွက်ပဲ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ နောင်တချိန်တခါမှာ အများအတွက် မလုပ်နိုင်ဘူးလား။ အများအတွက် လုပ်နိုင်တဲ့ အရည်အချင်းတွေ သူတို့မှာ မရှိဘူးလား။ ကိုယ့် အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တတိုင်းပြည်လုံးအတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းမျိုး မမွေးမြူနိုင်ဘူးလားဆိုတာကို ကျမ စဉ်းစားခဲ့ပါတယ်။ ကျမကတော့ ဒါ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ ဖြစ်နိုင်ဖို့အတွက်လည်း ကျမတို့ ဖြစ်နိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ ပေးပါမယ်။”

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ NLD အစိုးရသစ်လက်ထက်မှာ အခွန်ကို ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ပေးဆောင်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သလို ဒီတွေ့ဆုံပွဲကို ဖိတ်ကြားရာမှာလည်း အကောက်ခွန်အများဆုံးပေးတဲ့ လုပ်ငန်းရှင် ၁၅၈ ဦးကို ရွေးချယ်ဖိတ်ကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးမင်းခင်ကတော့ ခရိုနီလုပ်ငန်း ရှင်ကြီးတွေအနေနဲ့ အရင်လိုမဟုတ် ဘဲ ဖြောင့်မတ် မှန်ကန်စွာ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် က ရည်ရွယ်ပြီး သတိပေးလိုက် တာ ဖြစ်တယ်လို့ မြင်ကြောင်း သူက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ခရိုနီ ဆိုပါတော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို သတင်းစကားပေးသွားတာဗျ။ သူပေးသွားတဲ့ သတင်းစကားကို ကျနော် နားလည်လိုက်တာကတော့ စီးပွားရေးစနစ်ပြောင်းပြီး ထူထောင်သွားတာမှာ သူတို့အားလုံး ပါဝင်ခွင့်ရှိတယ်။ ပါဝင်နိုင်တယ်။ သို့သော် ဥပဒေအတိုင်း တရားဥပဒေလမ်းကြောင်းအတိုင်း လုပ်ရမယ်။ နောက် ပြီးတော့ ဆောင် သင့် ဆောင်ထိုက်တဲ့ အခွန်တွေကို အပြည့်အ၀ ဆောင်ရမယ်။ နောက် သူ ပြောသွားတာ ရှင်းပါတယ်။ လမ်းသစ်ကို လျှောက်ကြပါ။ မှန်မှန်ကန်ကန် လုပ်ကြပါ။ အဓိပ္ပါယ်ကတော့ ပြောင်းလဲပါ၊ အရင်လို မလုပ်ပါနဲ့တော့၊ အဂတိကင်းရှင်းပါစေ။ အများအတွက် တိုင်းပြည်အတွက် ကြည့်ဖို့ အချိန်ရောက်ပြီ။ ဒါ သူပေးလိုက်တဲ့ သတင်းစကားပါပဲ။”

ဒါပေမဲ့ အရင် စစ်အစိုးရအဆက်ဆက်နဲ့ ပေါင်းပြီး စီးပွားလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ခဲ့တဲ့ ခရိုနီလုပ်ငန်ရှင်းတွေအနေနဲ့ ဆက်ပြီး အဂတိလိုက်စားတာ၊ အခွန်ရှောင်တာမျိုးတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်မှသာ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တဲ့ နိုင်ငံဖွံ့ဖြိုးရေးမှာ သူတို့ ဘက်က မှန်မှန်ကန်ကန်နဲ့ ပူးပေါင်းပါဝင်မယ့် အခြေအနေမျိုး ရောက် မှာဖြစ်တယ်လို့ ဝေဖန် ထောက်ပြတာတွေ ရှိနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ အဂတိ လိုက်စားမှုကင်းစင်ရေးကို NLD အစိုးရအနေနဲ့ ဦးစားပေးဆောင် ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူရဲ့မိန့်ခွန်းမှာ NLD အစိုးရတက်လာပြီး (၆) လအတွင်း စီးပွားရေးတိုးတက်မှု အရှိန်နှေးကွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရရဲ့ စီးပွားရေးမူဝါဒတွေ ကို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ အဓိက လူသားအရင်းအမြစ်ကို အားကိုးတဲ့ စီးပွားရေးမူဝါဒကို ချမှတ်ကျင့်သုံးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG