သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး နဲ့ Jim Webb မြန်မာပြည်ခရီး


မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး၊ နိုင်ငံတကာ လုံခြုံရေးညီလာခံ (Shangri la Dialogue 2010) နဲ့ US အထက်လွှတ်တော်အမတ် Jim Webb မြန်မာပြည်ခရီး ဖျက်သိမ်းမှု စတဲ့အကြောင်းအရာတွေကို နိုင်ငံတကာ မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ ဒေါက်တာမောင်ဇာနီ ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်တင်ပို့မှုတွေကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UN Security Council) ဆုံးဖြတ်ချက် ၁၈၇၄ ကို ဖောက်ဖျက်ပြီး မြန်မာနိုင်ငံက မြောက်ကိုရီးယားက လက်နက်တွေ တင်သွင်းနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲနေသလို မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားတွေ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း ရုပ်သံသတင်းမှတ်တမ်းတခုကို အယ်လ်ဂျဇီယား (Al Jazeera) သတင်းဌာနတခုက ပြသခဲ့လို့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က မြန်မာနိုင်ငံခရီးစဉ်ကို ဇွန်လ (၃) ရက်နေ့က ဖျက်သိမ်းခဲ့ပါတယ်။ အလားတူပဲ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဂရီလ နိုင်ငံတကာ လုံခြုံရေးညီလာခံ (Shangri la Dialogue 2010) တခုကိုလည်း မြန်မာဘက်က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ အထက်ကပြောခဲ့တဲ့ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုကြပါတယ်။ ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီး စင်္ကာပူမှာရောက်ရှိနေတဲ့ နိုင်ငံတကာ မဟာဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ ဒေါက်တာမောင်ဇာနီ ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါက်တာမောင်ဇာနီ ။ ။ ဒီနှစ်တော့ အစိုးရရဲ့ ကိုယ်စားလှယ်ဆိုပြီး ဗိုလ်ချုပ်အေးမြင့် နဲ့ ဒီနိုင်ငံမှာရှိတဲ့ နအဖသံအမတ်ကြီး ဦးဝင်းမြင့် (ဗိုလ်မှုးချုပ်ဟောင်း) - စစ်တပ်အစိုးရနဲ့ ပတ်သက်ရင် သူတို့နှစ်ယောက် နံမည်တော့ တွေ့တယ်။ ဒါပေမယ် ဦးဝင်းမြင့်နဲ့ နှုတ်ဆက်လိုက်ပြီးမေးကြည့်တဲ့အခါ ‘နေကောင်းလား၊ ဘာညာ မေးကြည့်ပြီးတော့ ဗိုလ်ချုပ်အေးမြင့် နံမည်တွေ့တယ် လာမလား ကျနော်မတွေ့လို့ဆိုတော့၊ သူက မလာဘူးတဲ့။ သူက လာခါနီးလေးမှာ သူ့ခရီးစဉ်က ဖျက်လိုက်တယ်။’ ကျနော်ထင်တာက Al Jazeera က ထုတ်လိုက်တဲ့ ဗမာပြည်နဲ့ North Korea နဲ့ ပူးပေါင်းပြီး Missile ဒုံးကျည်းလုပ်တဲ့ကိစ္စတွေ၊ နျူကလီးယား လက်နက်ကိုထုတ်ဖို့ ဗမာစစ်တပ်ကိုထုတ်ဖို့ အကြီးအကျယ်ကြံနေတယ်ဆိုတာ သတင်းပေါက်သွားတဲ့အခါမှာ ကျနော်ထင်တယ် ဗိုလ်ချုပ်အေးမြင့် က ဒီကို လာမယ်ဆိုရင် သူကို ဝိုင်းပြီးတော့ မေးကြပြုကြမယ့် အခြေအနေရှိလို့ မလာဘူးလို့ ကျနော်ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ် တခြားထူးခြားတဲ့ အကြောင်းအရာတွေ ဘာတွေရှိသေးသလဲ။ ကျနော်တို့ သိရသလောက်ကတော့ တောင်ကိုရီးယား သမ္မတက မိန့်ခွန်းပြောတယ်။ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား အရေးကိစ္စတွေကို အလေးပေးပြောသွားတယ်လို့ ကြားရပါတယ်။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကိစ္စတွေကိုရော တစုံတရာ ထည့်သွင်းပြောဆိုသွားတာ ရှိပါသလား။

ဒေါက်တာမောင်ဇာနီ ။ ။ အဲဒီကိစ္စကိုတော့ သူက လုံးဝထည့်မပြောသွားဘူး။ အာရှတိုက်မှာ အာရှတိုက်ရဲ့ လုံခြုံရေးကို အဓိက စိုရိမ်မှုဖြစ်စေတာက မြောက်ကိုရီးယား ဖြစ်တယ်။ မြောက်ကိုရီးယား က တောင်ကိုရီးယားရဲ့ ရန်သူ။ သူတို့ တဘက်နဲ့တဘက် လောလောဆယ်အနေအထားမှာ သတ်မှတ်ထားပြီး တော်တော်လေး ပြင်းပြင်းထန်ထန် စကားစစ်ထိုးနေတဲ့ အနေအထားမှာ ရောက်လာတယ်။ ဗမာပြည်ကိစ္စမှာတော့ သူက ဗမာပြည်နယ် ပတ်သက်လို့ ၁၉၈၃ ခုနှစ် မဆလ ဦးနေဝင်းခေတ်မှာ သမ္မတ ချန်ဒူးဝမ် (Chun Doo-hwan) လာတဲ့အချိန် အာဇာနီဗိမာန်မှာ ဗုံးဖောက်ခွဲပြီး တောင်ကိုရီးယားက (၁၇) ယောက် ဒုတိယ ဝန်ကြီးချုပ်အပါအဝင် သတ်ခံလိုက်ရတယ်။ မြောက်ကိုရီးယား ဝင်သတ်တဲ့ကိစ္စ။ အဲဒီကိစ္စကိုတော့ သူက ထည့်ပြောဆိုသွားတယ်။ အဲဒီကိစ္စ ၁၉၈၃ ခုနှစ်ကစပြီး မြောက်ကိုရီးယား က တောင်ကိုရီးယားနိုင်ငံကို ရန်လိုပြီး အမျိုးမျိုးလုပ်လာတာတွေကို ပြောတယ်။ တခြား ပြောသွားတာကတော့ နျူကလီးယား လက်နက်တွေ၊ အကြမ်းဖက်အဖွဲ့တွေ လက်ထဲမရောက်ဖို့ဆိုတာကို အဓိကပြောသွားတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ထူးဆန်နေတာတခုက မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတကာရဲ့ စောင့်ကြည့်နေတဲ့ ကိစ္စတွေ၊ စွပ်စွဲခံနေရတဲ့ကိစ္စတွေအရဆိုရင် မြန်မာနိုင်ငံကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကိစ္စ၊ နျူကလီးယားကိစ္စတွေမှာ စစ်ရေးကိစ္စတွေမှာ ကူညီနေတယ်။ တဖက်ကလည်း တောင်ကိုရီးယားနိုင်ငံကြတော့ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီမြုပ်နှံမှုတွေ ရှိနေတော့ ဒီ ကိုရီးယား နှစ်နိုင်ငံလုံးနဲ့ မြန်မာနိုင်ငံအရေး ပတ်သက်နေမှုက စိတ်ဝင်စားစရာ ဖြစ်မနေဘူးလား။

ဒေါက်တာမောင်ဇာနီ ။ ။ တောင်ကိုရီးယားက ဗမာပြည်မှာ သဘာဝဓါတ်ငွေ့တွေ ဝယ်ပြီးတော့၊ ဒါမှမဟုတ် သဘာဝဓါတ်ငွေ့မှာ ရင်းနှီမြုပ်နှံပြီးတော့ အမြတ်ထုတ်ဖို့ ကြံနေတာ မဟုတ်ဘူး။ သူက ၁၉၉၃-၉၄ လောက်ကတည်းက တောင်ကိုရီးယားနိုင်ငံရဲ့ ဒေဝူး (Daewoo) ကုမ္မဏီ က မြန်မာနိုင်ငံမှာ လက်နက်ငယ် နဲ့ လက်နက်လတ်တွေ ထုတ်တာကို ကပစ မှာ အကြီးအကျယ် ဗမာတပ်မတော်ရဲ့ လက်နက်ထုတ် လုပ်ငန်းတွေကို သူတို့ကိုယ်တိုင် ကြီးကြပ်လုပ်ပေးနေတယ်။ ဒါကြောင့်မို့ ရေနံသဘာဝဓါတ်ငွေ့ ကိစ္စတွေမှာ ဒေဝူး အနေနဲ့ တော်တော်လေး အကျိုးအမြတ် ရနေတယ်။ အဲဒီတော့ စိတ်ဝင်စားစရာ ကောင်းနေတာက ဒေဝူး က ရလာတဲ့ ပိုက်ဆံတွေက မြန်မာပြည်အတွင်းမှာ ရင်းနှီမြုပ်နှံတဲ့ ပိုက်ဆံတွေက မြောက်ကိုရီးယား နဲ့ ပတ်သက်ပြီး လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ နျူကလီးယားတို့၊ ဒုံးကျည်းတို့ထဲမှာ အဲဒီ ပိုက်ဆံတွေ ပြန်ဝင်သွားတယ်။ နောက် တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားတို့က ကိုရီးယားချင်း ဖြစ်ပေမယ့် စစ်ဖြစ်မယ့် အနေအထားမျိုး ဖြစ်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံမှာ ဒီနှစ်နိုင်ငံစလုံး ဝင်ပြီးတော့ အလွန်ဆိုးဝါးတဲ့ တပ်မတော်အစိုးရကို ငွေရေးကြေးရေး နဲ့ နည်းပညာအရပါ ကူညီနေတယ်။ အဲဒီကိစ္စကိုတော့ အနှေးနဲ့အမြန် ကမ္ဘာ့အစိုးရတွေနဲ့ ကျနော်တို့ လူသားပြုန်းတီးမယ့် လက်နက်တွေ မပြန့်ပွားရေးဆိုတဲ့ အဖွဲ့အစည်းတွေ သိလာမယ့် အနေအထားမှာ ရှိမယ်လို့ ကျနော်ထင်တယ်။ အထူးသဖြင့်တော့ ဗမာတပ်မတော်ထဲကနေ ခေါင်းဆောင်ပိုင်းက လုပ်တာတွေကို လုံးဝကို သည်းမခံနိုင်လို့ ထွက်ပြေးလာတဲ့ ပညာရှင်အရာရှိ တပ်မတော်သား အဆင့်အမျိုးမျိုးရှိနေတယ်။ အဲဒီလူတွေက ကျနော်ထင်တယ် အနှေးနဲ့အမြန် ဒီကိစ္စကို ကမ္ဘာကို တင်ပြလိမ့်မယ်လို့ ကျနော်ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ တောင်ကိုရီးယား က လက်နက်ထုတ်ပေးနေတဲ့ကိစ္စကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ချိုးဖောက်တာတော့ မဟုတ်ဘူးပေါ့။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတယ့် စည်းကမ်းချက်၊ သတ်မှတ်ချက် ၁၈၇၄ မှာ ဆိုရင်တော့ မြောက်ကိုရီးယား အစိုးရက လက်နက်တင်ပို့မှုတွေ၊ ဝယ်ယူမှုတွေကို လုံးဝကန့်သတ်ထားတယ်။ အဲဒီတော့ တောင်ကိုရီးယားနဲ့စာရင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်မှုတွေက လုံခြုံရေးကောင်စီ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်ဆိုပြီး စွပ်စွဲချက်တွေ ရှိနေတယ် မဟုတ်လား။ ဒါကြောင့်ပဲ တနေ့က မြန်မာနိုင်ငံကို အလည်အပတ်သွားမယ့် အထက်လွှတ်တော် ဂျင်မ်ဝက်ဘ် က သူ့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာ။ အဲဒီတော့ အဲဒီခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ကိုဇာနီ သွားပြီးတော့ တက်ရောက်ခဲ့တယ်လို့ ကြားပါတယ်။ ကိုဇာနီ အနေနဲ့ အဲဒီနေ့က အတွေ့အကြုံအချို့ကို ပြန်ပြောပေးပါ။ သူရဲ့ အကြောင်းရင်း အဓိကက ဘာပါလဲ။

ဒေါက်တာမောင်ဇာနီ ။ ။ ဂျင်မ်ဝက်ဘ် က သူပြောတာကတော့ အဓိက နှစ်ခု ပြောတယ်။ သူက သွားမယ် ဒီဟာသွားမယ်ဆိုတာက သူရဲ့ ဗမာပြည်နယ် အနီးကပ် ဆက်ဆံရေး engagement အဲဒါကို သူက ဆက်လုပ်ရမယ်။ ဒီလို ဗမာပြည်နယ် ဆက်ဆံရေး အထူးသဖြင့် စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံတဲ့အခါမှာ ရေရှည်ဆက်ဆံမှ ဖြစ်မယ်။ နောက်တခု ဗမာပြည်သူပြည်သားတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေ၊ civil society အဖွဲ့တွေနဲ့လည်း တွေ့ချင်တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ Al Jazeera က ဗမာပြည်ကို နျူကလီးယား ပရိုဂရမ်နဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းမှတ်ရနဲ့ လွှင့်ပြီဆိုတော့ အဲဒါလွှင့်မယ်ဆိုတဲ့ သတင်းထွက်လာတဲ့ တချက်ရယ် အဲဒါကို သူထဲ့ပြောတယ်။ အဲဒါကြောင့်လည်း ပါတယ်။ နောက်တခါကြတော့ သူက ဒီ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဗမာပြည်က လက်ရှိဗမာအစိုးရ ချိုးဖောက်နေတယ်လို့ အမေရိကန်ဘက်က သုံးသပ်တာရယ်။ အခုက နျူကလီးယားကိစ္စကို တကမ္ဘာလုံးက သိတဲ့အနေအထားကို ရောက်လာတော့ ကျနော်ထင်တယ် ဂျင်မ်ဝက်ဘ် က အဲဒီနှစ်ချက်ကို စဉ်းစားပြီး သွားဖို့အချိန် မသင့်သေးဘူးလို့ ဆိုပြီး သူက မသွားဘူး။ ဒါပေမဲ့ ကျနော် ဘာသွားတွေ့လည်းဆိုရင် ဂျင်မ်ဝက်ဘ် က ဗမာပြည်ကို ဗီယက်နမ် လို တိုးတက်လာမယ်၊ ဒီမိုကရေစီ အပြည့်အဝတော့ မရှိဘူး၊ ပါတီစုံမဟုတ်တဲ့ ဗီယက်နမ် က အခုဆိုရင် ပြည်သူပြည်သားတွေကို ထမင်းဝအောင် ကျွေးနိုင်ပြီ၊ စီးပွားရေးလည်း မတ်လာတယ်၊ ရှု့ထောင့်အမျိုးစုံက ကြည့်မယ်ဆိုရင် အတော်လေး တက်လာတယ်။ အဲဒီလိုမျိုး ဗမာပြည်က ဖြစ်လာမယ်လို့ သူဘက်က ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလိုမျိုး ဂျင်မ်ဝက်ဘ် မြန်မာပြည်ကို မသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တချို့က မေးတဲ့အထဲမှာ မြန်မာနိုင်ငံအတွင်းမှာ အတိုက်အခံပါတီတချို့ က ဂျင်မ်ဝက်ဘ် ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရေးအတွက် အကျိုးမရှိလို့ သူတို့အနေနဲ့ မတွေ့ချင်ဘူး၊ နောက်ပြီး ဂျင်မ်ဝက်ဘ် အနေနဲ့ သူတွေ့ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့နဲ့ တွေ့ခွင့်ရဖို့အရေး မသေချာသေးဘူး။ ဒါကြောင့်မို့ သူ မသွားဖို့ ဆုံးဖြတ်တာဆိုတာမျိုး အရိပ်အရောင်ပြ မေးခွန်းတွေ ထုတ်လာတာကို တွေ့ရတယ်။ ကိုဇာနီ အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဒေါက်တာမောင်ဇာနီ ။ ။ ဂျင်မ်ဝက်ဘ် က ပြောတာကတော့ မေးတဲ့မေးခွန်းက ဘာလည်းဆိုတော့ ဗိုလ်သန်းရွှေ တို့နဲ့ တွေ့မလား၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့မလားဆိုတော့ သူက တွေ့မယ် မတွေ့မယ်ဆိုတာကို သူက တွေ့ချင်တယ်ဆိုတာကို သူဘက်က တွေ့ခွင့်တောင်းထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ဟိုဘက်က ဘာမှ တွေ့ခွင့်ပေးမယ်၊ တွေ့ခွင့်မပေးဘူးဆိုတာကို ဟိုဘက်က သူကို သတင်းပြန်တဲ့အနေအထားမှာ မရှိဘူး။ ဟိုဘက်က သတင်းမပြန်ဘူးလို့ မပြောဘူး။ ကျနော်တခု သတိထားမိလည်းဆိုရင် ဂျင်မ်ဝက်ဘ် က လက်ရှိ အစိုးရကို သူဘက်က ဖေးဖေးမမ ုလုပ်ပြီးတော့ ပြောသွားတယ်။ ဥပမာဆိုရင် အမေရိကန်နိုင်ငံ နဲ့ မြန်မာအစိုးရ ဆက်ဆံဖို့ ကြိုးစားတာက မရိုးသားတဲ့စိတ်တော့ မရှိဘူးလို့ သူအနေနဲ့ ယူဆတယ်။ အားလုံးက ဗိုလ်သန်းရွှေက တရုတ်၊ ကုလား၊ ရုရှား နဲ့ အာဆီယံ နဲ့ လည်ပတ်ပြီး ကစားနေတယ်ဆိုတာကို ကျနော်နိုင်ငံမှာ အကုန်သိတယ်။ ဗမာပြည်ကိစ္စကို လေ့လာနေသူအားလုံးလည်း သိကြတယ်။ ဆီနိတ်လွှတ်တော်အမတ် တယောက်လုပ်ပြီးတော့ အလွန်ဆိုးဝါးတဲ့ ဗိုလ်သန်းရွှေ လုပ်ရပ်တွေကို သူက ဝင်ပြီး cover လုပ်ပေးတယ်ဆိုတာကတော့ အတော်လေး အရုပ်ဆိုးတယ်လို့ ကျနော်ထင်တယ်။ နောက်တခုက ဘာလည်းဆိုတော့ အန်အယ်လ်ဒီ ကိစ္စကို မေးတယ်၊ မေးတဲ့အခါကြတော့ အန်အယ်လ်ဒီ က ဗမာပြည်မှာ နိုင်ငံရေးပါတီတခုအနေနဲ့ မဟုတ်တော့ဘူး၊ အန်အယ်လ်ဒီ က ပါတီ မဟုတ်တော့ဘူးဆိုတာတွေ ပြောလာတာတွေရှိတယ်။ စိတ်ဝင်စားစရာကောင်းတာက နအဖ ကိုယ်တိုင်က အန်အယ်လ်ဒီ ကို မတရားအသင်း ကြေညာတာ မရှိသေးဘူး။ အန်အယ်လ်ဒီကိုလည်း အန်အယ်လ်ဒီ လိုဘဲ အများစုက ပြောနေကြတုန်း။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အန်အယ်လ်ဒီ ကို ဖျက်လိုက်ပြီလို့ မပြောဘူး။ ဒါပေမဲ့ ဂျင်မ်ဝက်ဘ် ကိုယ်တိုင်က အန်အယ်လ်ဒီကြီးကို ပျက်သွားစေချင်တဲ့ အနေအထားမျိုးလား။ ဒါက ကျနော်တို့က အန်အယ်လ်ဒီရဲ့ စီးပွားရေးပိတ်ဆို့မှုဝါဒကို ကျနော်က တရားဝင် ဝေဖန်လာတဲ့ လူတယောက်အနေနဲ့ ကျနော်ကပြောတာ။ ကျနော်လို လူမျိုးတောင်မှ အတော်နားကြားပျင်း ကပ်တယ်ဆိုလိုရှိရင် အန်အယ်လ်ဒီ ကို လုံးဝဥသုံ ထောက်ခံနေသူတွေဆိုရင် ဂျင်မ်ဝက်ဘ် ကို သူတို့ မိတ်ဆွေလို့ သတ်မှတ်ဖို့ အတော်ခက်မယ်လို့ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရအနေနဲ့ အခု ဂျင်မ်ဝက်ဘ် မြန်မာပြည်ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ ဘယ်လို တုံ့ပြန်မှုတွေ ရှိလာလိမ့်မယ်လို့ ယူဆပါသလဲ။

ဒေါက်တာမောင်ဇာနီ ။ ။ နောက်တခု သူ ဘာပြောသွားသလည်းဆိုရင် နျူကလီးယားကိစ္စကို ထွက်လာတဲ့ ဗိုလ်မှုးစိုင်းသိန်းဝင်း က ကိုယ်တိုင် ဓါတ်ပုံတွေ၊ သက်သေအထောက်အထားတွေကို သူကိုယ်တိုင် ဒီလုပ်ငန်းတွေကို လုပ်ခဲ့လို့ သိပါတယ်လို့ ပြောတာကိုတော့ သူက ထွက်ပြေးလာတဲ့ တပ်မတော်အရာရှိ တယောက်တည်းနဲ့ ဘာမှ လက်ခံလို့ မရသေးဘူး။ ဒါပေမဲ့ ဟိုဘက်က အနှစ် (၂၀) လုံးလုံး ပြည်သူနဲ့ တကမ္ဘာလုံး လှည့်စားပြီး ညာလာတဲ့ လက်ရှိအစိုးရကိုတော့ သာသာထိုးထိုးလေး ပြောပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန က ဗမာပြည်မှာ နျူကလီးယားလက်နက် ပရိုဂရမ် မရှိပါဘူးလို့ ငြင်းလိုက်တာကို သူက ဒါကို ဟုတ်ပါတယ်ဆိုတဲ့ သဘောမျိုးပြောတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဆီနိတ်တာ ဂျင်မ်ဝက်ဘ် က သူမှာ တခြားဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။

XS
SM
MD
LG