သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခက်ခက်ခဲခဲ ပြည်ပရောက် ကြိုတင်မဲ


မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံ သားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ချ်
မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံ သားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ချ်

မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင် မဲ ပေးနေကြရာမှာ အခက်အခဲ မျိုးစုံ နဲ့ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူ နဲ့ တောင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ စင်္ကာပူနဲ့ တောင် ကိုရီးယား နိုင်ငံတွေမှာ အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အထိ ကြိုတင်မဲ ပေးခွင့်ပြု ထားပေမယ့် အချိန်လုံလောက်မှု မရှိဘူးလို့ ပြောကြ ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်း အောင်က တင်ပြပါမယ်။

တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတွေမှာ အောက်တိုဘာ ၁၅ ရက် ကြာသပတေးနေ့က စလို့ တနင်္ဂနွေနေ့ထိ ကြိုတင် မဲပေးခွင့် ရနေကြပါပြီ။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မြန်မာသံရုံးမှာတော့ မဲစာရင်းမှာ ပါပေမယ့် လက်တွေ့မှာ မဲပေးခွင့် မရဘူးဆိုတဲ့ပြသနာနဲ့ ရင်ဆိုင်နေရတယ်လို့ ပူချွန်းမှာ နေထိုင်သူ ကြိုတင်မဲ စစ်တမ်း ကောက်ယူရေးအဖွဲ့က ကိုဝင်းလှိုင် က ပြောပါတယ်။

"ကိုရီးယားကနေ ကြိုတင်မဲပေးပိုင်ခွင့် စာရင်းထုတ်ပြန်လိုက်တဲ့အချိန်မှာ ကျနော် စာရင်းပါမလာဘူးပေါ့နော်။ ဘာကြောင့် ကျနော်တို့စာရင်း မပါလာရတာလဲ ကျနော်တို့က ပုံစံ(၁၅)လည်း တင်လိုက်တယ်။ ပြည်တွင်းက ထုတ်ပြန်တဲ့ မဲစာရင်းမှာလည်း ပါတယ်။ ပြီးလို့ရှိရင် စင်ကာပူကနေ ထုတ်ပြန်လိုက်တဲ့ တကမ္ဘာလုံးမှာရှိတဲ့ ပြည်ပရောက် မဲဆန္ဒရှင်စာရင်းထဲမှာလည်း ပါပြီးတော့ ဘယ်လိုကြောင့်မို့ ကိုရီးယားက ထုတ်ပြန်တဲ့ မဲစာရင်းထဲမှာ ဘာကြောင့်မို့ မပါကြတာလဲ ဆိုတဲ့ ပြသနာ က အခုအချိန်မှာ ကိုရီးယားမှာ တော်တော်လေးကို ကျယ်ကျယ်လောင်လောင် ဖြစ်တယ်ပေါ့လေ။ "

စင်္ကာပူနိုင်ငံမှာလည်း အလားတူ ပြသနာမျိုး ကြုံနေရတယ်လို့ စင်္ကာပူမြန်မာသံရုံးမှာ မဲသွားပေးခဲ့တဲ့ မမေကျော်စိုးညွန့်က ပြောပါတယ်။

" အန်တီကြီး တယောက် သူကကျတော့ မဲပေးချင်တယ်။ စာရင်းက အကုန်ပါတယ်။ စာရင်းပါတော့ အထဲကို ဝင်သွားပေးတော့ သူ့အတွက် မဲမပါဘူး။ သူ့ကို ဒီကို စင်ကာပူကို ပို့တဲ့အထဲမှာ မပါဘူး။ သူ့မဲစာရင်းက တခြားနိုင်ငံ ပါသွားတဲ့သဘောပေါ့။ ပါသွားတော့ သူသည် ဒီမှာ မဲပေးလို့မရတော့ဘူး။ နောက်တချက် က ရွေးကောက်ပွဲကော်မရှင်က ပြန်ပို့လိုက်တဲ့ မဲစာရင်းတွေ အကုန်လုံးက ကျမတို့ တကမ္ဘာလုံးက သူတွေရဲ့ မဲစာရင်းတွေကို ပြန်ပို့လိုက်တာ။ စင်ကာပူတင်မဟုတ်ဘူး။ ကိုရီးယားလည်း ဒီမဲစာရင်းပဲ UK လည်း ဒီမဲစာရင်းပဲ ပို့တာ။ အလွဲလွဲအချော်ချော်တွေနဲ့ ရောက်လာတာ။"

ဒီလို မဲပေးခွင့် မရတဲ့ အခက်အခဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးက ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးလို့ ကိုဝင်းလှိုင်က ပြောပါတယ်။

" ဆိုးလ်မြို့ကိုမေးတော့ သူတို့က ပထမတော့ ပြည်တွင်းရွေးကောက်ပွဲ ကော်မရှင် အပေါ်မှာပဲ လွှဲချတယ်။ သူတို့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို သူတို့ မသိပါဘူး။ ပြည်တွင်း ရွေးကောက်ပွဲကော်မရှင်ကိုပဲ မေးကြပါဆိုပြီး ထုတ်ပြန်လိုက်တဲ့အချိန်မှာ ဘာပဲပြောပြော မဲပေးခွင့်မရှိတဲ့ ညီအကိုတွေ အားလုံးက ဝေါ ဝေါ ဆိုပြီး ဆူညံပွက်လောရိုက် သံရုံးက တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကော်မန့်တွေ အကုန် ဝိုင်းရေးကြတယ်။ အဲ့တာကြောင့်မို့လဲ သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်က ပြုတ်ကျသွားပြီးတော့ ကျနော်တို့ ကိုရီးယားမှာ ကြိုတင်မဲပေးပိုင်ခွင့်မရှိတဲ့သူတွေကို စာရင်းပြုစုပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို သူတို့ တင်ပြပါမယ်။ ဒါပေမဲ့လည်း မဲပေးပိုင်ခွင့် ရခြင်း မရခြင်းက ရွေးကောက်ပွဲ အပေါ်မှာပဲ မူတည်ပါတယ် ဆိုပြီးတော့ ကျနော်တို့ကို အဲ့လိုမျိုး ပြောထားတယ်။ ဒါပေမဲ့ အဲ့တာက တရားဝင် ထုတ်ပြန်ထားတာမဟုတ်ပါဘူး။ "

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာတော့ အချိန် မလုံလောက်တဲ့ အခက်အခဲရှိသလို မဲပြား အမျိုးအစား အစုံအလင် မပါတဲ့ပြသနာတွေလဲရှိတယ်လို့ မမေကျော် စိုးညွန့် က ပြောပါတယ်။

" မိုးမလင်းခင်ကတည်းက သွားစောင့်တာတောင် လူတွေက တစ်ရာ၊ နှစ်ရာ အရှေ့မှာ အများကြီးရှိနေပြီးသား။ ၉နာရီမှ ရုံးခန်းဖွင့်တာကိုး။ တကယ် အထဲကို ဝင်ရပြန်တော့လဲ မဲစာရွက် အရမ်းများတဲ့အတွက် သူတို့လည်း ရှာရတာ အဆင်မပြေဘူး။ တော်တော်လေး ကြာတယ်။ အဲ့မှာ တော်တော်လေး စောင့်လိုက်ရ တယ်။ အားလုံး ၄နာရီလောက် စောင့်လိုက်ရတယ်။ စောင့်လိုက်ရတဲ့အခါကျတော့ ကိုယ့်ရှေ့မှာ ရှိတဲ့သူတယောက်က ဘာဖြစ်လဲဆိုတော့ အလုံမြို့နယ်က ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် တွေ့ပြီ။ တိုင်းဒေသကြီးလွှတ်တော် ရှာမတွေ့ဘူး။ ရှာမတွေ့တော့ သူတို့က ဘာပြောလဲဆိုတော့ ဒီတိုင်းဒေသကြီးလွှတ်တော်ကို မတွေ့ရင် မထည့်ပါနဲ့တော့တဲ့ ဒီနှစ်ခုပဲ ထည့်လိုက်ပါတော့လို့ ပြောတယ်။ ကိုယ်မဲပေးခွင့်ရရက်သားနဲ့ မပေးရဘူးဆိုရင် ဒါ ကိုယ့်အခွင့်အရေးကို ကိုယ်ပိတ်ပင်တာလို့။ "

တောင်ကိုရီးယား နိုင်ငံမှာလဲ အလုပ်ကခွင့်ယူရတဲ့ အခက်အခဲ ဝေးလံတဲ့နေရာကနေ သံရုံးကို လာရတဲ့ အခက်အခဲတွေကြားကနေ မဲလာပေး ကြပေမယ့် မဲပြားအမျိုးအစား မစုံလင်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ကိုဝင်းလှိုင်က ပြောပါတယ်။

"မနေ့တုန်းက ကြိုတင်မဲ လာပေးတဲ့သူ အယောက် ၄၀ နီးပါး ရှိတယ်ပေါ့နော်။ အဲ့ဒီ့အထဲမှာမှ ကျနော်တို့ကို လာပြီးတော့ သတင်းပို့တဲ့ ညီအကို တယောက်ရှိတယ်။ သူက မဲပြား နှစ်ပြား ပဲ ပေးခဲ့ရတဲ့အတွက်ကြောင့်မို့လို့ ဆိုးလ်မြန်မာသံရုံးထဲမှာ ရှိတဲ့ တာဝန်ရှိသူတယောက်ကို ပြောလိုက်တဲ့အတွက်ကြောင့်မို့လို့ သူတို့က အဲ့ဒီ့တယောက်ရဲ့ နာမည်ရယ် စာရင်းရယ်ကို ယူထားလိုက်တယ်ပေါ့။ ယူထားလိုက်ပြီးတော့ တကယ်လို့ အဲ့ဒီ့ကြိုတင်မဲပြားက ပြန်ရောက်လာတယ်ဆိုရင် ဆက်သွယ်ပြီးတော့ ပေးခိုင်းမယ်ဆိုပြီး အဲ့လိုပြောပါတယ်။

နောက်တခုက ကျနော့်အမျိုးသမီးက ကရင်တိုင်းရင်းသူဖြစ်တယ်။ ဒီနေ့ သူမဲသွားပေးပါတယ်။ မဲသွားပေးပေမဲ့လည်း အမျိုးသား လွှတ်တော် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ပဲ ပေးခဲ့ရပါတယ်။ ကရင်တိုင်းရင်းသားနဲ့ဆိုင်တဲ့ လွှတ်တော်အတွက် သူ မဲမပေးခဲ့ရပါဘူး။ အဲ့ဒီ့အတွက်ကိုလည်း ဘာပဲပြောပြော အားလုံးက နစ်နာဆုံးရှုံးနေရတယ်ပေါ့လေ။"

စင်္ကာပူမှာ မဲပေးခွင့်ရဖို့ ပုံစံ(၁၅)လျှောက် ထားခဲ့သူ နှစ်သောင်းခွဲကျော် ရှိပြီး၊ တောင်ကိုရီးယား နိုင်ငံမှာတော့ မဲပေးခွင့်ရှိသူ ၃ ထောင့် ရှစ်ရာ နီးပါးရှိပါတယ်။ သူတို့အားလုံး မဲပေးခွင့်ရဖို့ အခက်အခဲရှိနေတာကြောင့် မဲပေးနိုင်မယ့်ရက် တိုးပေးဖို့ သံရုံးကို အကြံပြု တိုက်တွန်းနေကြပါတယ်။

ကိုဉာဏ်ဝင်းအောင် တင်ပြခဲ့တာပါ။

မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ချ်
မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ချ်

အခုလို စင်္ကာပူနိုင်ငံရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ မြန်မာသံရုံးရှေ့ မှာ သောကြာနေ့ ညဦးကတည်းက သွားရောက်ပြီး ညလုံးပေါက် တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းကြီး ဟာ ထောင်ကဏန်းလောက်ရှိနေပါတယ်။

ကြိုတင်မဲ ပေးမယ့် မြန်မာနိုင်ငံသားလူဦးရေ နှစ်သောင်းကျော်ရှိနေတာကြောင့် သတ်မှတ်ထားတဲ့ အောက်တိုဘာလ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အတွင်း ကြိုတင်မဲတွေ အမှီပေးနိုင်ရေး အခုလို လူတွေထောင်နဲ့ချီ တန်းစီစောင့်ဆိုင်းနေကြ တာဖြစ်တယ်လို့ ကိုယ်တိုင်မဲပေးဖို့ စောင့်ဆိုင်းနေသူ မအိသက်မွန်ကပြောပါတယ်။

ညလုံးပေါက်တန်းစီစောင့်နေကြတဲ့အခြေအနေကို VOA မြန်မာပိုင်းက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ မအိသက်မွန်က အခုလိုစပြောပါတယ်။

" သမီးတို့ ဒီကို ရောက်တာ စင်ကာပူအချိန်ည ၁၂နာရီလောက်ရှိပြီ။ ဒါပေမဲ့ အရှေ့မှာ လူ ၄၊ ၅၀၀ လောက် ရှိနေပြီ။ တခြားသူတွေမေးကြည့်တော့ သူတို့က ၉နာရီလောက်ကတည်းက တန်းစီနေကြတာတဲ့။ အခုတန်းစီနေတာ လူအယောက် တစ်ထောင်ကျော်နေပြီရှင့်။ အကုန်လုံးက အိပ်နေကြတယ်။ ရာသီဥတုကလည်း အရမ်းပူတယ် စင်ကာပူက။ ဒါပေမဲ့ ရေတွေ လာဝေတဲ့ စေတနာ့ရှင်တွေတော့ ရှိတယ်ရှင့်။ "

မေး။ ။ ဟုတ်ကဲ့။ အခု တစ်ထောင်ကျော်နေပြီဆိုတော့ ဘာကြောင့် အခု အဲ့လောက်ကြီး တကူးတက လာမဲပေးကြတာလဲရှင့်။

" ဘာဖြစ်လို့လဲဆိုတော့ စင်ကာပူမှာ မြန်မာတွေ အရမ်းများလို့။ တစ်ရက်ကို အများဆုံး အယောက် ငါးထောင်လောက်ပဲ Vote လို့ရတာရှင့် လူက နှစ်သောင်း၊ နှစ်သောင်းခွဲလောက်ရှိမယ်။ စင်ကာပူမှာက အဲ့တာ မလောက်မှာစိုးလို့ ကိုယ် မVote ရမှာစိုးလို့ လာတန်းစီနေကြတာရှင့်။

မေး။ ။ အခု ညတန်းစီစောင့်ပြီး အိပ်နေကြတော့ စင်ကာပူ ရဲတွေဘက်က ဘာတွေ လုပ်ပေးတာရှိပါလဲရှင့်။

" သံရုံးက ရဲတွေ၊ စင်ကာပူက ရဲတွေကို Permission တော့ တောင်းထားတယ်။ ညလုံးပေါက် တန်းစီဖို့ကို ပြောထားတယ်။ အဲ့တာကြောင့် ခုနတုန်းကတောင် ရဲတွေ လာသေးတယ်။ သူတို့ကို ကိုယ်စားလှယ်က ပြောလိုက်တဲ့အချိန်မှာ သူတို့က နားလည်ပြီးတော့မှာ ထွက်သွားပေးလိုက်တယ်။"

မေး။ ။ အဲ့တော့ သံရုံးဘက်ကရော မဲလာပေးတဲ့သူတွေ အပေါ်မှာ ဆောင်ရွက် ချက်တွေ ဘယ်လိုကြားရလဲ။ ဘယ်လိုမြင်ရလဲရှင့်။

"အခုလောလောဆယ်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်ရှင့်။ အစီအစဉ်ကျကျပေါ့။ ဘယ်နေရာကို ဘယ်ကောင်တာကိုသွားပေါ့။ ဘယ်မဲကို ယူ ပြီးလို့ရှိရင် လျှိ့ဝှက်အခန်းထဲ သွားပြီး အမှန်ခြစ်ရတာ။ ပြီးတော့မှ သက်ဆိုင်ရာ ပုံးတွေထဲကို ထည့်ရတာ။ အဆင်တော့ပြေပါတယ်။ စနစ်တကျရှိပါတယ်။"

အခုလိုမြန်မာသံရုံးမှာ ကြိုတင်မဲတွေပေးနေ တာကို စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ၊ သတင်းထောက်တွေအနေနဲ့ အနီးကပ်စောင့်ကြည့်လေ့လာခွင့်မရဘူးလို့ မအိသက်မွန်ကပြောပါတယ်။

XS
SM
MD
LG