သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DKBA အတိုက်ခံရရင် KNU ကူညီမည်


DKBA တပ်ဖွဲ့ဝင်အချို့။
DKBA တပ်ဖွဲ့ဝင်အချို့။

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက ဖိအားပေးထားချိန်မှာ နယ်ခြားစောင့်တပ် အသွင်မပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ DKBA တပ်မဟာ ၅ နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်လာရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီ တိုက်ပေးမယ်လို့ ပြောလိုက်ပါတယ်။

KNU ကနေ ခွဲထွက်သွားတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုလည်း အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်လာရင် KNU နယ်မြေထဲမှာ လာရောက်ခိုလှုံကြဖို့ KNU က ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ တပ်မဟာ ၅ ကို အစိုးရတပ်တွေနဲ့ ပေါင်းတိုက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ DKBA တပ်မဟာ ၉၉၉ က တပ်သားတယောက်ကလည်း တိုက်ပွဲပြင်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ခုရက်ပိုင်းတွေအတွင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ DKBA တပ်မဟာ ၅ နဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ သိသိသာသာ များလာပါတယ်။ အကယ်၍ စစ်အစိုးရနဲ့ တပ်မဟာ ၅ အကြား တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီတိုက်ခိုက်မယ်လို့ ဆိုပါတယ်။

KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါက ကူညီဖို့ အဆင်သင့်ရှိတယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ကူတိုက်ရမှာပေါ့ဗျာ၊ ကူတိုက်တာလား၊ သူတို့ကပဲ ကူတိုက်တာလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ ပြန်ပြီးတော့ များလာမှာပေါ့။ ကျနော်တို့ကတော့ အမြဲတမ်း တိုက်နေတာပဲ။ တိုက်ပွဲတွေက ဖြစ်နေတယ်။ သူတို့အနေအထားကို ကြည့်ရတာတော့ သူတို့လာတိုက်ရင် သူတို့တိုက်မှာပဲ။ သူတို့ကတော့ သွားတိုက်မယ့်ပုံ မဟုတ်ဘူးပေါ့ဗျာ။ မြောက်ပိုင်းက KIO တို့၊ ဝတို့ အနေအထားမျိုးနဲ့ တူတယ်။”

မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို ဗိုလ်မှူးကြီး စောလားပွယ်ရဲ့ တပ်မဟာ ၅ ကလွဲလို့ ကျန်တဲ့ DKBA ခေါင်းဆောင်ပိုင်းတွေက ပြီးခဲ့တဲ့ ဧပြီလက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းဆန်စဉ်ကတည်းက KNU ဟာ တပ်မဟာ၅ ကို ဆက်သွယ်ခဲ့တယ်လို့ ဒေးဗစ်သာကပေါက ဆိုပါတယ်။

“နအဖ အစီအစဉ်ကို လက်မခံဘူးပေါ့ဗျာ။ လက်မခံတဲ့ အခါကျတော့ ကျနော်တို့ကလည်း ဆက်သွယ်ပါတယ်။ နအဖကတော့ စစ်အာဏာရှင်စနစ် တည်မြဲရေးနဲ့ ရွေးကောက်ပွဲတို့ ဘာတို့လုပ်မယ်၊ Constitution ကလည်း မူမမှန်ဘူး၊ သဘောတရားရေးရာ ရှင်းပြတာပေါ့၊ အဲဒါတွေ ရှိပါတယ်။ မင်းတို့ နအဖ လက်အောက်ခံ မလုပ်နိုင်ရင်လည်း တို့နယ်မြေမှာ လာပြီး ခိုလှုံလို့ရတယ်၊ အဲဒီသဘောထားတွေတော့ ရှိပါတယ်။”

တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ၉၉၉ တပ်မဟာ ပေါင်းပြီး တပ်မဟာ ၅ ကို တိုက်ခိုက်လာနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ၉၉၉ တပ်မဟာ အရာရှိ တယောက်ကတော့ ဒီသတင်းကို ငြင်းဆိုလိုက်ပါတယ်။

“အဲဒီသတင်းတွေက အမှားတွေ ဖြစ်နေတယ်။ အခုချိန်မှာတော့ အားလုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ အားလုံး လုပ်စရာရှိတာတွေ အကုန် ပုံမှန်ပဲ ဆက်လုပ်နေပါတယ်။ သူတို့ဘက်က တင်းမာတယ်လို့တော့ မရှိပါဘူး။ လက်ရှိ အခြေအနေကတော့ အားလုံး အေးဆေးပါပဲ။”

DKBA ဟာ ၁၉၉၄ ခုနှစ်မှာKNU က ခွဲထွက်ပြီး စစ်အစိုးရနဲ့ ပူးပေါင်းခဲ့ပါတယ်။ အဲဒီနောက် မရှေးမနှောင်းမှာပဲ စစ်အစိုးရ တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာကြောင့် KNU ဟာ ဌာနချုပ် မာနယ်ပလောကို ၁၉၉၆ မှာ လက်လွှတ်ခဲ့ရပါတယ်။

စစ်အစိုးရဟာ DKBA နဲ့ အပစ်ရပ်စဉ်တုန်းက ကတိကဝတ်တွေကိုလည်း ဖောက်ဖျက်တယ်လို့ ဒေးဗစ်သာကပေါက ဝေဖန်လိုက်ပါတယ်။

“အရင်က အပစ်အခတ် ရပ်စဲရေး လုပ်တုန်းက သူတို့က မာနယ်ပလောကျပြီးရင် DKBA ဟာ ကရင်ပြည်နယ်ရဲ့ အစိုးရ ဖြစ်လာမယ်ဆိုတဲ့ ကတိပေးထားတာ ရှိတယ်။ အဲဒါ ဖြစ်မလာဘူး။ နောက် BGF လုပ်တဲ့အခါမှာ နအဖရဲ့ အရာရှိတွေက လာပြီး အုပ်ထိန်းမယ်၊ နောက်တချက်က သူတို့ DKBA ၅၀ အထက် ခေါင်းဆောင်တွေကို ဖယ်ရှားပစ်မယ်၊ စစ်ထဲမှာ မလုပ်ရတော့ဘူး ဆိုတဲ့အခါကျတော့ သူတို့မှာ ခြေလွတ်လက်လွတ် ဖြစ်ကုန်တာပေါ့ဗျာ။ အဲဒီလို ခြေလွတ်လက်လွတ်ဖြစ်တဲ့ အနေအထားကို သူတို့က လက်မခံနိုင်တဲ့ သဘောပါ။”

DKBA မှာ စုစုပေါင်းအင်အား ၄,၀၀၀ ကျော်လောက်ရှိပြီး အဲဒီအထဲက နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ တပ်မဟာ ၅ မှာတော့ အင်အား ၁,၂၀၀ ကျော်လောက် ရှိမယ်လို့ နယ်စပ် အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

XS
SM
MD
LG