သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်


ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်
ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်း စစ်အစိုးရ ပိတ်

စစ်အစိုးရတပ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံတဲ့ DKBA တပ်ကြားမှာ အခုဆိုရင် စစ်ရေးအရ တိုက်ခိုက်မှုတွေ တိုးလာနေပါတယ်။ ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသဘက်မှာ ဒီလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေကြောင့် မိုးတွင်းအချိန် တခုတည်းမှာ အားကိုးစရာ တခုတည်းသာဖြစ်တဲ့ ရေကြောင်းလမ်းကို စစ်အစိုးရဘက်က ပိတ်ပင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တဲ့အတွက် ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ သွားလာရေး ခက်ခဲသွားသလို ခရီးသွား ကုန်သည်တွေ အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ စစ်အစိုးရနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ DKBA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရေး လုံခြုံရေးအရ ဒီဇင်ဘာလဆန်းမှာ ရေလမ်း ခရီးသွားလာမှုကို ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အမိန့်အရ ဘုရားသုံးဆူ နယ်မြေခံ စစ်ကြောင်းမှူးကိုယ်တိုင် ကြီးကြပ်နေရတယ်လို့ နယ်မြေခံတဦးက အခုလို ပြောပါတယ်။

“ချောင်းဆုံနဲ့ ကြာအင်းဆိပ်ကြီး ရေလမ်းကတော့ ၈းဝ၀ နာရီ အချိန်မှာ ပိတ်ခံရတယ်။ ပိတ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ စက်လှေဂိတ် တာဝန်ခံကို ကျနော်မေးကြည့်တော့ သူတို့က အတိအကျတော့ မသိရဘူးပေါ့၊ ဘာကိစ္စလဲ၊ သူတို့ကပြောတာ စစ်ရေးစစ်ရာ ကိစ္စပဲ၊ အခုပိတ်ရတာ၊ အဲဒါ တိုင်းက တိုက်ရိုက်ညွှန်ကြားတော့ တခြားသော အကြောင်းအရာတော့ ဘာမှမသိရဘူး။ ချောင်းဆုံမှာရှိတဲ့ စက်လှေက ကြာအင်းဆိပ်ကြီးဘက်ကို ဆင်းလို့မရဘူး။ ကြာအင်းဆိပ်ကြီးမှာရှိတဲ့ စက်လှေကို ချောင်းဆုံကို တက်လာလို့ မရဘူး။ အဲဒါ စစ်ကြောင်းမှူး ကိုယ်တိုင်ကနေ ချောင်းဆုံမှာ ထိုင်ပြီးတော့ စောင့်ရတယ်၊ ပိတ်ထားရတယ်ပေါ့။”

အခုလို ရာသီမှာ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်မြို့ကို သွားတဲ့ ကားလမ်း မပေါက်သေးတဲ့အတွက် ခရီးသည်တွေ အနေနဲ့ သွားလာရေးအတွက် ရေကြောင်းလမ်းကိုသာ အမှီသဟဲ ပြုနေရပါတယ်။ အခုလို ရေကြောင်းလမ်း ပိတ်ပင်ခဲ့တဲ့အပေါ် KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ ၆ က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောထဲနေကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ အခုလို ပြောပါတယ်။

“ဒီ ဘုရားသုံးဆူမှာ DKBA ဝင်ပစ်ပြီးတော့ ဌာနေနယ်မြေ ရှင်းလင်းတယ်ပေါ့။ ဇမိချောင်း အနောက်ဘက်ခြမ်းကျတော့ ၄၀၅ စစ်ကြောင်း ၂ ရှင်းရတယ်။ ဇမိချောင်း အရှေ့ဘက်ခြမ်းကျတော့ ခမရ ၄၀၆ စစ်ကြောင်း ၁-၂ က ရှင်းပေးရတယ်။ အဲဒီရှင်းတဲ့နေရာမှာ ရွာသား ဒါးပလက်ကိုလည်း ပစ်သတ်တယ်ပေါ့၊ မဲတဗွီးလမ်းခွမှာ။ ဒီ ဘုရားသုံးဆူမှာရှိတဲ့ လူထုတွေ စားနပ်ရိက္ခာတွေကျတော့ ထိခိုက်တာပေါ့။ ပြီးရင် ကုန်သည်တွေ အပေါ်မှာတော့ ထိခိုက်တာပေါ့။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက DKBA နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အစိုးရဘက်က ထိခိုက်ကျဆုံးမှု ရှိခဲ့တဲ့အပေါ် တန်ပြန်ပိတ်ဆို့တဲ့ အနေနဲ့ ပြုလုပ်ခဲ့တယ်လို့လည်း သက်ဆိုင်ရာ လှေဂိတ်တာဝန်ခံ တဦးက ပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်အစိုးရဘက်က ထိခိုက်မှု များပြားခဲ့တာကြောင့် မဲတဗွီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဘုရားသုံးဆူမြို့မှာ ဆေးဝါးကုသမှု ခံနေရတယ်လို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုဆိုရင် ခရီးသွားလာရေးအတွက် တခုတည်းသော အမှီပြုစရာ ရေကြောင်းလမ်းကို ပိတ်ပင်ခဲ့လို့ ပြည်သူတွေအတွက် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဘုရားသုံးဆူမြို့ခံ ကျန်းမာရေး ဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“ပိတ်ထားတဲ့ အခါကျရင် အဲဒီမှာ တချို့လူတွေ ပြန်ရခက်တာပေါ့။ အဲဒီရွာကလူတွေ နေထိုင်မကောင်းတဲ့ အခါကျရင် လာဖို့ ခက်တယ်ပေါ့၊ လှေလမ်းပိတ်တော့။ ကျန်းမာရေးအရ ဆေးရုံ ဆေးခန်းနဲ့ ကမန်းကတန်း လာဖို့က သွားလာလို့ မရဘူး။ အဲ ကျောင်းသားတွေ အခြေအနေကတော့ သွားလာလို့မရ၊ မလွယ်ကူတဲ့ အခြေအနေမှာ ရှိတယ်။ ကုန်သည်တွေလည်း ပြန်ကြမယ်လေ၊ သူတို့ ပစ္စည်းလာပို့တဲ့ကုန်တွေ ဘာမှမယူပြန်ကြဘူး။ ဒီလိုပဲ လှေတွေ တိုက်ရိုက် အလွတ်ဆင်းမယ်ပေါ့။”

ဘုရားသုံးဆူမြို့ကို သွားလာဖို့ကြတော့ နွေပိုင်းမှာဆိုရင် မော်တော်ကားလမ်းကို အဓိက အားထားနေရပြီး မိုးတွင်းပိုင်းမှာဆိုရင် ရေကြောင်းလမ်းကိုပဲ အားထားနေရပါတယ်။ အခုလို နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်တွေကို လိုက်လံ ထိုးစစ်ဆင်တဲ့ အခြေအနေကြောင့် ခရီးသွားလာရေးကို ပိတ်ပင်ခဲ့တဲ့အတွက် ဘုရားသုံးဆူမြို့ နယ်မြေခံတွေနဲ့ ခရီးသည်တွေ၊ ကုန်သည်တွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။

အခုဆိုရင် မြန်မာစစ်အစိုးရတပ်တွေ အနေနဲ့ တပ်ရင်း ၅ ရင်းကို ဖြန့်ကြက်ထားပြီး DKBA နဲ့ KNU တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတာကြောင့် ဒေသခံ ပြည်သူတွေအတွက် လုံခြုံရေးအရ အာမခံချက် မရှိတဲ့ အနေအထားမှာ ရှိနေတယ်လို့ နယ်စပ် စစ်ရေး အကဲခတ်သူတွေကနေ ပြောဆိုသုံးသပ်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG