သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲသဝေါတိုက်ပွဲ နှစ်ဘက်ထိခိုက်သေဆုံးမှု ရှိ


DKBA ရှေ့တန်းတပ် ၊ ကရင်ပြည်နယ် (၁၉ ဇန်နဝါရီ ၂၀၁၅)
DKBA ရှေ့တန်းတပ် ၊ ကရင်ပြည်နယ် (၁၉ ဇန်နဝါရီ ၂၀၁၅)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသမှာ ခွဲထွက် (DKBA ) ဒီကေဘီအေဘက်ကနေ အခြေပြုထားတဲ့ တပ်စခန်းတွေကို မြန်မာ့တပ် မတော်နဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်တို့ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးနေစဲလို့ နှစ်ဖက် တပ် ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ ဒီရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်ဘက်ကလဲ တပ်အင်အားတိုးချဲ့နေရာယူမှုတွေရှိလာနေ သလို ဒီကေဘီအေဘက်က ပြောက်ကျားစံနစ်နဲ့ခုခံသွားမယ်လို့လဲဆိုပါတယ်။ ဒီတိုက်ပွဲကြောင့်တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခ သည် ဦးရေ(၄၀၀၀)အထိရှိလာပြီး စစ်ဘေးလွတ်ရာမြိုင်ကြီးငူဒေသမှာ သောင်တင်နေစဲဖြစ်ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက်နိုင်ကွန်းအိမ်ကနေ သတင်းပေးပို့ထား ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်ပူးပေါင်းအင်အားနဲ့ထိုးစစ်ဆင်နေမှုကြောင့် ကရင်ပြည်နယ် မဲသဝေါဒေသက ခွဲထွက်ဒီကေဘီအေ အဖွဲ့ရဲ့အထိုင်စခန်းတွေလက်လွှတ်ခဲ့ရပေမယ့် အခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေစဲလို့ ဒီကေဘီအေပြန်ကြားရေး အရာရှိ ဗိုလ်ကြီးစောရဲထက်ကပြောပါတယ်။

“လက်ရှိ ရှိနေတဲ့ စခန်းတွေကနေပြီးတော့ ဆုတ်ခွာပြီးတော့ အနီးအနားပတ်ဝန်းကျင်နဲ့ ကျနော်တို့ ထိန်းချုပ်နယ်မြေဒေသ တခုလုံးမှာ တပ်တွေဖြန့် ပြီးတော့ ကျနော်တို့ ပြောက်ကျားနည်းဗျူဟာနဲ့ ကျနော်တို့ စစ်ကစားပါတယ်။ ဒီနေ့မနက်ကတည်းကပစ်ကြတယ်။ မနေ့ကလည်း လူအင်အားစုစုပေါင်း ၁၀ ယောက်ကျော်ကျဆုံးတယ်ဆိုပြီး သတင်းရပါတယ်။ ဘယ်မှာပစ်တယ်ဆိုတာတော့ နေရာအတည်တကျမရှိဘူး။”

မနေ့ကမနက်ပိုင်းမှာ ဒီကေဘီအေအခြေပြုစခန်းတွေဖြစ်တဲ့ ရိက္ခာကုန်း ၊ ဘုရားကုန်း၊ ဝါးဘိုးတောင်စခန်း နဲ့ ဗိုလ်ကျော်သက်စခန်း စတဲ့ စခန်း(၄)ခုကို မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကနေ သိမ်းပိုက်နိုင်ခဲ့တာပါ။

သိမ်းပိုက်ရရှိထားတဲ့ ဒီကေဘီအေစခန်းတွေကို မြန်မာ့တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကနေ အထိုင်ချနေရာယူထား ပြီးပေမဲ့ ဒီကေဘီအေအဖွဲ့တွေနဲ့တော့ တိုက်ပွဲဖြစ်ပွါးနေစဲလို့ ကရင်နယ်ခြားစောင့်တပ် အမှတ်၁၀၁၇တပ်ရင်းက ဒုရင်းမှူး ဗိုလ်မှူးကျော်နောကပြောပါတယ်။

“အဲဒီဘက်မှာတော့ ရိက္ခာကုန်း တို့ဘာတို့က သူတို့သိမ်းပိုက်ပြီးတော့ ကိုင်ထားတာကို တပ်နဲ့ BGF နဲ့။ သူတို့ကျတော့ အဲဒီတဝိုက်မှာ လက်ပစ်ဗုံးတို့ဘာတို့ ပြောက်ကျားစနစ်နဲ့ ပြန်ပစ်တာတို့တော့ ပြန်ရှိတာပေါ့။”

စက်တင်ဘာလ(၂)ရက်နေ့ကနေစတင်ဖြစ်ပွါးခဲ့တဲ့ မဲသဝေါတိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုများပြားနေပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာမြန်မာ့တပ်မတော်ဘက်ကအင်အားဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်လာနေသလို ပေါ်တာအထမ်းသမားတွေကိုလဲ အဓမ္မ ဖမ်းဆီးနေတယ်လို့ ဒီကေဘီအေဘက်ကစွပ်စွဲပြောဆိုပါတယ်။

“တပ်မတော်ဘက်ကဆိုရင် တပ်ရင်း ၇ ရင်း ဗျူဟာ၂ ခုထပ်ပြီးတော့ အင်အားတိုးလာတယ်။ တပ်မတော်က ဒီပေါ်တာ ဆွဲတဲ့အနေအထားရှိတယ် နယ်မြေ ၄ ခုမှာပေါ့နော် ။ အခုမွန်ပြည်နယ် ကျိုက်ကော်မှာ မနေ့ကဆိုရင် ပေါ်တာဆွဲတယ်၊ မနေ့ညကပဲ မြိုင်ကြီးငူဒေသဘက်မှာ ကလော့ထော့ရွာ၊ တမုသားရွာ၊ နောက် မအဲရွာ အဲဒီမှာတွေ သူတို့ ပေါ်တာဆွဲတယ်။”

ဒါပေမယ့် မြိုင်ကြီးငူဒေသအတွင်း ပေါ်တာဝန်ထမ်းဖမ်းဆီးတဲ့သတင်းဟာ တပ်မတော်ကနေ စစ်ကြောင်းချီတက်တဲ့ လမ်းကြောမှာ ဒေသခံရွာသားတွေပုန်းရှောင်တာဖြစ်တယ်လို့ မြိုင်ကြီးငူဒေသခံ စေတနာဝန်ထမ်းကိုကျော်လေးကဆိုပါတယ်။

“ရဲဘော်တွေ ပေါ်တာဖမ်းတာတော့မဟုတ်ပါဘူး ဘာဖြစ်တာလဲဆိုတော့ ရဲဘော်တွေတအားတက်လာတဲ့အခါကျတော့ စိုးရိမ်လို့ ရှောင်တိမ်းနေတာပါ။ တောင်စွန်းရွာ၊ မအဲရွာ၊ ကမွတ်လဲရွာတို့ မှာ တိမ်းရှောင်နေတာပါ။ အင်အားကတော့ ကား ၁၉ စီးတက်လာတာပါ ၁၇ ရက်နေ့က တက်လာတာ ။ ရဲဘော်တွေ တစီးကို ၂၀-၃၀ လောက်တော့ပါတယ်။”

မဲသဝေါဒေသတိုက်ပွဲကြောင့် မဲသဝေါဒေသ ရွာပေါင်း(၂၀)ကရွာသား(၄၀၀၀)ကျော်ဟာ မြိုင်ကြီးငူဒေသဘက်ကို တိမ်းရှောင်နေ ရသလို သူတို့ရဲ့နေထိုင်စားသောက်ရေးအတွက် အစိုးရအပါအဝင် အနယ်နယ်အရပ်ရပ်ကစေတနာရှင်တွေကနေ လာရောက် အကူညီပေးဆောင်နေကြပါတယ်။

ကရင်ပြည်နယ်အစိုးရအနေနဲ့အစားအသောက် အဝတ်အထည်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဆောင်နေတယ်လို့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကအခုလိုပြောပါတယ်။

“ကျန်းမာရေးကိစ္စတွေ သူတို့မှာတော့ ဆေးရုံရှိနေပြီးသားလေ ကျနော်တို့ ဒီကနေပြီးတော့ ဆရာ၊ ဆရာမ အလှည့်ကျလွှတ်ထားပေးတယ်။ စားဖို့အတွက်ဆန်မပြတ်အောင်လည်း ကျနော်တို့လုပ်ပေးတယ်။ သူတို့က သတ်သတ်လွတ်ပဲ မြိုင်ကြီးငူဒေသမှာ စားရတာကို ဆိုတော့ ကျနော်တို့က ဆန်၊စားစရာ။ နောက်တခုက ခုနပြောတဲ့ ကျန်းမာရေး၊ ဆေး နောက်တခုက အဝတ်အစား”

စက်တင်ဘာလဆန်းကနေ ဒီကနေ့အထိဖြစ်ပွါးနေပြီး မဲသဝေါတိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေထိခိုက်မှုများပြားနေသလို စစ်ဘေးရှောင်ရွာသားတဦးလဲ မြေမြုတ်ဗုံးနင်းမိတာကြောင့် သေဆုံးမှုဖြစ်ပွါးခဲ့ပါတယ်။

ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲနဲ့ပက်သက်လို့ KNU ခေါ်ကရင်အမျိုးသားအစည်းရုံးကလည်း တိုက်ပွဲ ရပ်တန့်ပေးဖို့စက်တင်ဘာ(၁၃)ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။

မဲသဝေါဒေသတိုက်ပွဲဖြစ်ပွါးမှုနဲ့ပတ်သက်လို့ ဒီကေဘီအေတပ်တွေအနေနဲ့ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်တပ်စခမ်း တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း မိုင်းထောင်ဖေါက်ခွဲတိုက်ခိုက်ခြင်းတွေဆက်တိုက်လုပ်ဆောင်နေတာကြောင့် တပ်မ တော်ကနေ ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေသို့ အကန့်အသတ်ရည်မှန်းချက်သတ်မှတ်ပေးပြီး တပ်သွင်း ရှင်း လင်းစေရာမှာ စက်တင်ဘာလ ၁၅ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့တပ်မတော်ကနေ စက်တင်ဘာ(၁၆) ရက်စွဲနဲ့ သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG