သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးမေးလ်ပေါက်ကြားမှု ပြဿနာကြား ဒီမိုကရက်ပါတီညီလာခံစတင်


Delegates listen to speakers on the first night of the DNC (Photo: A. Shaker/VOA)
Delegates listen to speakers on the first night of the DNC (Photo: A. Shaker/VOA)

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စု ဒီမိုကရက်ပါတီညီလာခံ ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် တနင်္လာနေ့မှာ ညီလာခံကို စတင်ဖွင့်လှစ်ခဲ့ပြီးပါပြီ။ Philadelphia မြို့မှာ ကျင်းပမဲ့ လေးရက်ကြာ ညီလာခံကို သတင်းယူဖို့ ရောက်ရှိနေတဲ့ VOA ဝိုင်းတော်သား ကိုအောင်လွင်ဦးကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ကိုအောင်လွင်ဦးရေ အခုဒီမိုကရက်ပါတီရဲ့ညီလာခံစနေပြီလို့သိရပါတယ်။ စ စခြင်းမှာပဲ ပြသနာတွေရှိနေတယ်လို့လည်း ကျနော်တို့ ကြားရပါတယ်။ ကိုအောင်လွင်ဦးအနေနဲ့ ဘာတွေများ ထူးထူးခြားခြားတွေ့ရပါလည်း ခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းတဦးကို တရားဝင်ရွေးချယ်မဲ့ ညီလာခံ ပထမနေ့ကိုတော့ ခေါင်းစဉ်ပေးထားတာက United Together ညီညီညွတ်ညွတ် လက်တွဲကြဖို့ ခေါင်းစဉ်ပေးထား ပါတယ်။ နောက်ပြီးတော့ Republican ပါတီညီလာခံတုံးကလို အကွဲအပြဲတွေ မဖြစ်အောင် ဆိုပြီးတော့လည်း သူတို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း ဖြစ်ချင်တော့ ဒီညီလာခံမစခင် ရက်ပိုင်းမှာပဲ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ Hillary Clinton ဘက်ကို ဘက်ဘိုက်ပြီးတော့ ပြိုင်ဘက် ဘမ်းမောင့် ပြည်နယ် အထက်လွှတ်တော်အမတ် Barnie Sanders ကို ထိုးနှက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ အီးမေးလ်တွေကို ဒီ ဝီကီလိ ဝဘ်ဆိုက်မှာ ဖွင့်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဒီမိုကရက်တစ်ပါတီဥက္ကဌ Mrs. Schultz နှုတ်ထွက် သွားပြီး နိုင်ငံရေးပြသနာတွေနဲ့ ကြုံခဲ့ရတာပါ။

ဒါကြောင့် ဒီအထက်လွှတ်တော်အမတ် Sanders ကို ထောက်ခံတဲ့ မဲတွေကို လိုအပ်နေတဲ့ Mrs. Clinton အ တွက် ထိုးနှက်ချက်တရပ်ဖြစ်ခဲ့ရတာပါ။ဒါပေမဲ့ အထက်လွှတ်တော်အမတ်Sanders ကတော့ ညီလာခံမစခင် အစောပိုင်းကပဲ ပါတီကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောသွားတာရှိပါတယ်။ အဲဒီမှာတော့ သူပြောသွား တာကတော့ Donald Trump ကို အနိုင်ယူမှရမယ်။ Hillary Clinton နဲ့ Tim Kaine တို့ကို ရွေးချယ်တင်မြှောက်ရလိမ့်မယ်ဆိုပြီးတော့ ပြောသွားတာပါ။

မေး။ ။ အခုလိုဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေက ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံမှာ ဘယ်လောက်တောင် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်သွားနိုင်လည်းခင်ဗျ။

ဖြေ။ ။ ဖြစ်နိုင်တာကတော့လေ Sanders ကလည်း သူ့ရပ်တည်ချက်အတိုင်းပေါ့လေ Clinton ကို ထောက်ခံဖို့ သူ့လူတွေကိုသူ တတ်နိုင်သမျှ စည်းရုံးလိမ့်မယ်၊ နောက်ပြီးတော့ မကျေမနပ်ဖြစ်နေတဲ့ သူ့ကိုထောက်ခံတဲ့သူတွေကိုလည်း ဖြောင်းဖျလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် တခုရှိတာကတော့ Sanders ကိုထောက်ခံတဲ့သူတွေက ငယ်ရွယ်တဲ့သူတွေ တက်ကြွသူတွေ ဖြစ်ကြတာကြောင့် နည်းနည်းပါးပါးတော့ ထိန်းဖို့ သိမ်းဖို့ ခက်လိမ့်မယ်၊ ဒါကြောင့် ဒီညီလာခံ တလျှောက်မှာလည်း သူ့ကိုထောက်ခံတဲ့ သူတွေရဲ့ ကန့်ကွက်စာတွေ၊ ညီလာခံအထဲမှာကော အပြင်မှာပါ ကန့်ကွက် ဆန္ဒပြတာတွေ အထိုက်လျှောက် ကြားရလိမ့်မယ့် သဘောတော့ရှိပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့။ ဒီကနေ့ ပထမနေ့ စပြီးဖွင့်တဲ့နေ့မှာ ဘယ်သူတွေများ မိန့်ခွန်းပြောကြားဖို့ရှိပါသလဲ။

ဖြေ။ ။ ညီလာခံပထမနေ့ မိန့်ခွန်းပြောမယ့်သူတွေအထဲမှာ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းရွေးမယ့်အထဲမှာ နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဘန်နီဆန်ဒါအပြင် ပါတီထဲမှာ အခုထက်ထိလည်း လူကြိုက်များနေဆဲဖြစ်တဲ့ သမ္မတကတော် မီရှယ်လ် အိုဘားမားလည်း ပါပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုကို ဦးဆောင်မယ့်သူတဦးအနေနဲ့ ညီညွတ်ရေး၊ မိသားစုရေးတွေကို ဦးစားပေးဖို့ အရေးကြီးတဲ့အကြောင်းတွေကို အလေးထားပြောဆိုလိမ့်မယ်ဆိုပြီး ပါတီညီလာခံမတိုင်ခင်မှာ ဒီမိုကရက်ပါတီက ကြေညာချက်ထုတ်ထားတာ တွေ့ရပါတယ်။ နောက်ညီလာခံ ပထမနေ့ ပြောမယ့်အထဲမှာ ထင်ရှားတဲ့ပုဂ္ဂိုလ် နောက်တဦးကတော့ မန်ဆက်ချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ်လည်းဖြစ် နောက် ကလင်တန်က ဒုသမ္မတအဖြစ် ရွေးချယ်ခံရနိုင်မယ်ဆိုပြီး အစောပိုင်းမှာ ထင်ကြေးပေးခံရသူတယောက်ဖြစ်တဲ့ Elizabeth Warren လည်းပါပါတယ်။ နောက် အမေရိကန်အလုပ်သမားအဖွဲ့ချုပ်တခုဖြစ်တဲ့ AFLCIO ဥက္ကဌ သူလည်းပါမယ်။ နောက် တရားမဝင် ဝင်ရောက်လာသူတွေ နေရပ်ရင်း အတင်းအကြပ်ပြန်မပို့ဖို့ဆိုပြီးတော့ သမ္မတအိုဘားမားရဲ့ အမိန့်နဲ့ သက်သာခွင့်ရခဲ့တဲ့ မက္ကဆီကိုနိုင်ငံက ရွှေ့ပြောင်းဝင်ရောက်လာသူ Astrid Silva ဆိုတဲ့အမျိူးသမီး ပါမယ်ဆိုပြီး အစီစဉ်ထဲမှာ ကြေညာထားတာရှိပါတယ်။

မေး။ ။ ရီပါပလင်ကန်ညီလာခံမှာရော ဒီမိုကရက်ပါတီကပြုလုပ်တဲ့ညီလာခံမှာပါ ပြဿနာတွေအနည်းနဲ့ အများကတော့ ရှိနေတာပေါ့။ အဲဒီအခါကျတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူတွေရဲ့ သဘောထား အမြင်တွေကရော ဘယ်လိုများရှိပါသလဲခင်ဗျ။

ဖြေ။ ။ အခုနောက်ဆုံး လူတွေရဲ့ သဘောထားနဲ့ပတ်သက်လို့ တိတိကျကျပြောမယ်ဆိုရင်တော့ အမေရိကန်ရုပ်မြင်သံကြား CNN နဲ့ ORT တို့အဖွဲ့က ပူးတွဲကောက်တဲ့ နောက်ဆုံးစစ်တမ်းအရ ရီပါပလင် ကန်ညီလာခံနဲ့ မတိုင်ခင်မှာ သူတို့စစ်တမ်းကောက်ထားတာရှိပါတယ်။ အဲဒီမှာဆိုလို့ရှိရင် ညီလာခံ ကျင်းပပြီးတဲ့နောက်ပိုင်းမှာ ရီပါပလင်ကန်ဘက်က သမ္မတလောင်း ထရမ့်ကို ထောက်ခံမှု တက်လာတာတွေ့ရတယ်။ ကလင်တန်ကတော့ ထောက်ခံမှုကျသွားတာ တွေ့ရပါတယ်။ ညီလာခံမတိုင်ခင်မှာ ထောက်ခံမှု ၄၂%ရှိထားတဲ့ ထရမ့်က အခုနောက်ဆုံး စစ်တမ်းမှာဆိုလို့ရှိရင် ၄၈% ဆိုတော့ ၆% တိုးလာတာတွေ့ရပါတယ်။ ကလင်တန်ကတော့ ၄၉%ကနေ ရီပါပလင်ကန်ပါတီညီလာခံအပြီးမှာ ၄၅% ကျသွားတာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီမိုကရက်တာဝန်ရှိသူတွေဘက်က သဘောထားကို သတင်းစာရှင်းလင်းပွဲမှာ မေးကြတဲ့အခါမှာ ဒါကတော့ သူတို့ညီလာခံမပြီးခင်မှာ ဒီသဘောထားစစ်တမ်းနဲ့ ပတ်သက်ပြီး တစုံတရာ မပြောချင်ဘူးပေါ့လေ။ သူတို့ညီလာခံအပြီးမှ သူတို့ရဲ့သဘောထားတွေကို စောင့်ကြည့်စေချင်တဲ့ သဘောထားမျိုးပြောတာဆိုတော့ သဘာဝကျတယ်လို့ ဆိုရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG