သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညှင်းပမ်းခံရသူမိန်းကလေးနှစ်ဦးအမှု ကလေးသူငယ်ဥပဒေအရ အရေးယူမည်


ညှင်းပမ်းခံရသူမိန်းကလေးနှစ်ဦးအမှု (MOI)
ညှင်းပမ်းခံရသူမိန်းကလေးနှစ်ဦးအမှု (MOI)

အင်းဝအထည်ချုပ်ဆိုင်တွင်း ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးလေးတွေနဲ့ သတင်းပေးတိုင်ကြားခဲ့သူကို ကာကွယ်စောင့်ရှောက်ပေးဖို့ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေး ကာကွယ်ပေးတာတွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆေးဝါးကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ညှင်းပမ်းနှိပ်စက်ခံခဲ့ရသူတွေ အမျိုးသမီးလေးတွေဟာ အခုလက်ရှိဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေနဲ့အတူ သူတို့ရဲ့ လုံခြုံရေးအတွက်ကိုလည်း စနစ်တကျ ဆောင်ရွက်ပေးနေသလို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ပြီး ကလေးသူငယ်ပုဒ်မ ၆၆(ဃ)အရလည်း တရားစွဲဆိုလိုက်ပြီဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ စက်တင်ဘာလ ၂၂ရက်နေ့ ရက်စွဲနဲ့ ကျောက်တံတားမြို့နယ်ထဲက ဖြစ်စဉ်နဲ့ပတ်သက်လို့ အလေးထားစောင့်ကြည့်နေကြောင်း နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်နဲ့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သမ္မတရုံးဘက်က သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို စိစစ်မေးမြန်းနေပြီး ညှင်းပမ်းနှိပ်စက်ခံရတဲ့ကာယကံရှင်တွေ၊ မိသားစုဝင်တွေနဲ့ သတင်းပေးခဲ့သူ တာဝန်သိပြည်သူကို လုံခြုံရေးအရစောင့်ရှောက်ကာကွယ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားချက် ထုတ်လိုက်တာဖြစ်ပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေနဲ့လည်း ဆေးရုံကြီးမှာ လက်ရှိဆေးကုသမှုခံယူနေတဲ့ အမျိုးသမီးလေးတွေအတွက် လုံခြုံစွာနေထိုင်ရေးစီစဉ်ပေးနေပါတယ်။ နိုင်ငံတော်သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းရဲ့မေးမြန်းမှုကို အခုလိုရှင်းပြပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။သမ္မတကြီးကနေပြီးတော့ အလွန်စိတ်ဝင်စားပြီးတော့ ဒီကိစ္စမှာ သမ္မတကြီးကနေပြီးတော့ဦးဆောင်ပြီးတော့ အစိုးရအနေနဲ့ တုန့်ပြန်တာတွေလုပ်ရမယ် ။ဘာဖြစ်လို့လဲဆိုတော့ အစိုးရမှာတာဝန်ရှိတယ်၊ ဒီကိစ္စဟာပြည်သူဖြစ်တဲ့အတွက်။ သမ္မတကြီးကိုယ်တိုင်လည်း ဒီကိစ္စမှာဦးဆောင်နေတာရှိတာ၊ သမ္မတကြီးလည်းသိတယ် ဒီကိစ္စကို အစအဆုံး ဒါကြောင့်မို့လို့ ဒီကိစ္စကို သတင်းတွေကိုဖော်ထုတ်ပေးတဲ့ ခုနပြောတဲ့လူလေးပေါ့နော် သူ့ကိုလည်းကာကွယ်စောင့်ရှောက်ဖို့လိုတယ်လို့ ယူဆတာပေါ့နော်။ဒါမှန်ပါတယ်၊ အဲဒီအတိုင်းသက်ဆိုင်ရာတွေက ဆောင်ရွက်နေတာပေါ့၊ ကာကွယ်စောင့်ရှောက်တဲ့ကိစ္စကိုလေ

မဆုမွန်။ ။ အဲ့တော့ ဆရာတို့ အခု ကလေးသူငယ်ပုဒ်မ ၆၆(ဃ)အရ တရားစွဲဆိုထားပြီဆိုတော့ ဆရာတို့အနေနဲ့ တရားလိုလုပ်ပြီးတော့ ကျူးလွန်တဲ့သူတွေကို တရားဆက်စွဲမှာပါ့နော်။

ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ပါတယ်။ တင်ထားပြီးပါပြီ စွဲထားပြီးပြီပေါ့နော်။ ဒီအမှုက ဆက်လက်ပြီးတော့ စစ်ဆေးပြီးတော့ အဖြေထွက်လာမှာပေါ့နော် အဲဒါကျတော့ ကျနော်တို့က သင်တန်းကျောင်းအုပ်ဆရာမကြီးက တရားလိုလုပ်ပြီး စွဲထားပါတယ်။လူတယောက်က နာမည်တပ်ရမှာပေါ့ အစိုးရဘက်ကနေပြီးတော့လေ ။ သူကအစိုးရရဲ့တရားဝင် ဝန်ထမ်းတဦးဖြစ်တယ် သင်တန်းကျောင်းအုပ်ဆရာမကြီးကနေပြီးတော့တရားလိုလုပ်ပြီး စွဲထားပါတယ်။ ကလေးသူငယ်ပုဒ်မ ၆၆(ဃ)ကနေပြီးတော့ စွဲဆိုပြီးရင် ဒီအဖြစ်အပျက်အတိုင်း တရားခံတွေက အစစ်ခံရမှာပေါ့။ အဖြေထွက်လာရင်လေ။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဆရာ အဲ့ဒီ့အမျိုးသမီးငယ်လေးတွေကို အခု ဆရာတို့လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်ဆရာ။ အဲ့ဒီ့တော့ အဲ့ဒီ့အမျိုးသမီးလေးတွေကို ဘယ်လိုများ ဆရာတို့ စောင့်ရှောက်ထားပါသလဲဆရာ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ကဲ့ဒီလိုပါ ကျနော်တို့ ဒီကလေးလေးတွေက ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုဥပဒေနဲ့ အကျုံးဝင်တဲ့ကလေးတွေဖြစ်တယ်။ သူတို့ရဲ့ ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကလေ၊ နောက်သူတို့ရဲ့ အသက်အားဖြင့်လည်း ၁၆ ၊ ၁၇ တွေဆိုတော့ နောက်သူတို့စပြီးတော့ နေခဲ့တာကိုက တော်တော်ငယ်ငယ်လေးကတည်းက နေခဲ့တာဖြစ်နေတော့ ကလေးသူငယ်နဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတယ်။ ဖြစ်နေတော့ ကျနော်တို့က သတင်းရလိုက်တဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ဒါဟာ ကျနော်တို့မှာ တာဝန်ရှိတယ်။ အစိုးရမှာ တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေလည်းရှိတယ်၊ နည်းဥပဒေတွေလည်းရှိတယ်။ လုပ်ထုံးလုပ်နည်းတွေလည်းရှိတယ်၊ အဲဒီတော့ ဒီကလေးတွေအခုလိုမျိုး ညှဉ်းပန်း နှိပ်စက်ခြင်းခံရတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလိုမျိုးလစ်လျူရှုလို့မရဘူး အစိုးရအနေနဲ့အစိုးရမှာ တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ တာဝန်ယူရတာပေါ့။ တာဝန်ယူတော့ ဥပဒေကလည်း ရှိပြီးသားဆိုတော့ ကျနော်တို့ က ဒီဥပဒေနဲ့၆၆(ဃ) ကလေးသူငယ်များကာကွယ်စောင့်ရှောက်မှုဥပဒေဆိုတာရှိတယ် ၊ အဲဒီ ၆၆(ဃ)က ညှဉ်းပန်း နှိပ်စက်တာရှိရင် ကျနော်တို့ကနေပြီးတော့ တရားစွဲဆိုအရေးယူလို့ရတယ် ဒါကြောင့် ကျနော်တို့ ဒါကို အခုလိုမျိုးဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

မဆုမွန်။ ။ ဆရာ အဲ့ဒီ့တော့ အဲ့ဒီ့အမျိုးသမီးလေးတွေကို ဘယ်ရက်လောက် စပြီးဆရာတို့ခေါ်ပြီးစောင့်ရှောက်ပေးထားတာပါလဲရှင့်။ အခု မိဘတွေနဲ့ရော သူတို့က အတူတူရှိနေလားဆရာ။

ဒေါက်တာဝင်းမြတ်အေး။။ ဒီလိုပါ မနေ့ညနေပိုင်းက စပြီးတော့ ကျနော်တို့ လူမှုဝန်ထမ်း ဦးစီးဌာနကနေပြီးတော့ ကာကွယ်စောင့်ရှောက် မယ်ဆိုပြီးတော့ - ရဲက စောင့်ရှောက်ထားတာ လည်း ရှိပါတယ်။ဆိုတော့ အဲဒီကနေပြီးတော့ လူမှုဝန်ထမ်း ဦးစီးဌာနမှာ စောင့်ရှောက်မယ်လို့ ဆုံးဖြတ်ထားတယ်။ သို့သော်လည်း အသက်မွေးဝမ်းကြောင်းပညာသင်ကြောင်းကို ထားလို့မရသေးတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူပေးထားတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူပြီးရင်တော့ ကျနော်တို့ လူမှုဝန်ထမ်းကယ်ဆယ်စောင့်ရှောက်ရေး ကိုခေါ်သွားပြီးစောင့်ရှောက်မှာပါ။ အမှန်တော့ လက်ခံပြီးသားပဲ။ အခုဆေးရုံမှာထားပြီးတော့ ကျမ်းမာရေးစောင့်ရှောက်မူတွေပေးနေတယ်၊ နောက်ပြီးရင် ကျနော်တို့သည် နက်မောက်မှာရှိတဲ့ အမျိုးသမီးသက်မွေးပညာသင်ကြောင်းကို သူတို့ရောက်လာမယ်။

ဒါကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကိုဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ အခုလို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုလုပ်ပြီး ကလေးသူငယ်ပုဒ်မ ၆၆(ဃ)အရလည်း တရားစွဲဆိုထားသလို ကျောက်တံတားမြို့နယ်ရဲစခန်း တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်ခဲ့ပုံအသေးစိတ်ကို နိုင်ငံတော်သမ္မတရုံးကို တင်ပြဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားချက်ထုတ်ထားကြောင်းကိုလည်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေနဲ့ အခြေအနေတွေကို အလေးထားစောင့်ကြည့်နေကြောင်းလည်း ဒီနေ့သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG