သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ မူးယစ်ဗဟို အငြိမ်းစား အကြီးအကဲဟောင်း နဲ့ မေးမြန်းချက်


မြန်မာနိုင်ငံတွင်းက ဘိန်းစိုက်ခင်းများ။
မြန်မာနိုင်ငံတွင်းက ဘိန်းစိုက်ခင်းများ။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ပိုပြီး အောင်မြင်ဖို့ အတွက် ထိရောက်တဲ့ သင်တန်းတွေနဲ့ စောင့်ကြည့်မှုစနစ်လိုအပ်တယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ အကြီးအကဲဖြစ်ခဲ့သူ အငြိမ်းစားရဲမှူးကြီး ဦးခမ်းအောင်ကပြောပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံခြားရေးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ တရားဥပဒေ ထိန်းကြောင်းရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield လည်း ရောက်ရှိနေတဲ့အတွက် အမေရိကန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း သူကပြောပါတယ်။ ဦးခမ်းအောင်ကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း အခြေအနေတွေနဲ့ပတ်သက်လို့ မမေစန္ဒီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လက်ရှိလည်း မြန်မာနိုင်ငံမှာ UNODC တို့လို အဖွဲ့အစည်းတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေလည်း လုပ်နေတယ်။ အခုဆိုရင်လည်း အမေရိကန်နဲ့ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်တော့မှာ ဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အမြစ်ပြတ်ခြေရှိတယ်လို့ မျှော်လင့်ရပါသလားရှင့်။

ဖြေ။ ။ အော် အဲ့တာတော့ အတော်ခက်ဦးမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခု အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်တာရယ်။ UNODC လို UN အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာရယ်က အခုလို ဆာဗေးလုပ်တဲ့အပိုင်းပဲ ရှိပါသေးတယ်။ ကျနော်တို့က ဆာဗေးလုပ်တဲ့အပေါ် မူတည်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ ပေါ်လစီအရ အရင်တုန်းက ကျနော်တို့ နိုင်ငံက မူးယစ်ဆေးဝါး ထွက်တယ်ဆိုပြီး လက်ညှိုးထိုးခံနေရတာ။ ကျနော်တို့ကတော့ ဘိန်းခင်းတွေ့ရင် တားဆီးနှိမ်နှင်းရေးအဖွဲ့က ဥပဒေအရ ဘိန်းခင်းတွေ့ရင် ကျနော်တို့ ဖျက်ပါတယ်။ ကျနော်တို့က ဘိန်းခင်းတောင်သူစိုက်ပျိုးသူတွေကို ကြိုတင်အကြောင်းကြားထားတာပေါ့။ ဝမ်နင်တွေပေးပြီး ကျနော်တို့ ဖျက်ပါတယ်။ သို့သော်လည်းပဲ တဖက်က အမေရိကန်တို့ ယူအန်တို့နဲ့ ပူးပေါင်းဆောင်ရွက် တယ်ဆိုပေမဲ့ နောက်က လိုက်တာက ဘိန်းခင်းဖျက်တာနဲ့ မပြီးပါဘူးခင်ဗျ။ ဘိန်းခင်းဖျက်ရုံနဲ့ မပြီးတဲ့အတွက် ဘိန်းစိုက်တောင်သူတွေ ကို အစားထိုးပေါ့လေ။ Alternative Development တွေ သူတို့ စားဝတ်နေမှုနေထိုင်ရေး အတွက်ကို ကျနော်တို့က ဖြေရှင်းပေးဖို့လည်း လိုပါတယ်။ အဲ့ဒီ့အပိုင်းမှာ ကျနော်တို့က တော်တော်လေး အားနည်းတာပေါ့။

အားနည်းတော့ ဖျက်တာတော့ ဖျက်တာပဲ။ ဖျက်ပြီးလို့ ဘိန်းစိုက်တောင်သူတွေမှာ စားစရာမရှိရင် တခြားနောက်တနေရာ ကူးပြီးထပ်စိုက်ရင် ဒီဟာကြီးက သံသရာလည်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။ ကျနော်တို့ လုပ်ခဲ့တုန်းက အမေရိကန်ကိုလည်း ကျနော်တို့ပြောပါတယ်။ ဘိန်းခင်းဖျက်တာနဲ့တင် လုပ်ငန်းမဖြစ်ပါဘူး။ ကျနော်တို့ဒီလူတွေအတွက် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးဖို့ ကျနော်တို့ အကူအညီတောင်းပါတယ်။ UN ကိုလည်း ကျနော်တို့ အကူအညီတောင်းပါတယ်။ သို့သော်လည်း အဲ့အပိုင်းမှာလည်း ကျနော်တို့တော်တော်လေး အားနည်းတယ်လို့ မြင်ပါတယ်။

မေး။ ။ အခုဆိုရင် အာဖဂန်နစ္စတန်နိုင်ငံဘက်ခြမ်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေ အောင်မြင်လာတဲ့အတွက်ကြောင့်မို့လို့ မူးယစ်ဆေးဝါးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံဘက်ကို ကူးလာမလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးခမ်းအောင်အနေနဲ့ရော ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ ။ ကျနော်မြင်တာကတော့လေ အာဖဂန် ထွက်တာနဲ့ ကျနော်တို့ ထွက်တာနဲ့က ကွာတယ်ခင်ဗျ။ သူတို့ဆီက တကယ်တမ်း ကမ္ဘာပေါ်မှာ အများဆုံးထွက်တယ်။ ကျနော်တို့က ဒုတိယအများဆုံးထွက်တယ်ဆိုပြီး ပထမနဲ့ဒုတိယပေါ့လေ။ ရွှေတံဆိပ်နဲ့ငွေတံဆိပ်က သူ့ရဲ့ ရီကော့ဒ်က အရမ်းကွာပါတယ်။ ဘယ်လို မှ အနားကပ်လို့မရဘူး။ ပွတ်ကာသီကာ နိုင်တာ ရှုံးတာမဟုတ်ပဲ၊ အာဖဂန်က ဘိန်းတန်ချိန် ထောင်ဂဏန်းနဲ့ချီပြီး သူတို့ဆီမှာ ၇၀၀၀၊ ၈၀၀၀ ထွက်နေတဲ့အချိန်မှာ ကျနော်တို့ဆီမှာ ရာဂဏန်း ၂၀၀၊ ၃၀၀၊ ၄၀၀ အများဆုံး ထွက်တော့ ဘယ်လိုမှ မမှီနိုင်ပါဘူး။ နောက်တခု ရှိတာက မားကတ်ပေါ့နော် သူ့ရဲ့ မားကတ်က အဓိကဥရောပဘက်ကိုသွားနေတာ။ ကျနော်တို့ဘက်က အဓိက သွားနေတာ အရှေ့တောင်အာရှ ဈေးကွက်နဲ့ တရုတ်ပေါ့လေ။ ထိုင်းတို့ ဒီဘက် တခွင်လုံးပါပဲ။ ဒါအပြင် သြစတြေးလျဘက်လည်း နည်းနည်းထွက်တာ ရှိတာပေါ့လေ။ ဟောင်ကောင်ကနေ သြစတြေးလျဘက်ထွက်တယ် US ဈေးကွက်ကိုလည်း နောက်ဘက်မှာ နည်းနည်းဝင်တာရှိပါတယ်။ နည်းပါတယ်။

မေး။ ။ ဦးခမ်းအောင်ခုနက ပြောတဲ့အထဲမှာ ဖမ်းဆီးတဲ့အထဲ ကန့်သတ်ချက်တွေရှိတယ်လို့ ပြောပါတယ်။ ဘယ်လိုမျိုး ကန့်သတ်ချက်တွေကို ဆိုလိုတာပါလဲရှင့်။

ဖြေ။ ။ ကျနော်ခုနကပြောသလို ကန့်သတ်ချက်တွေရှိတယ်ဆိုတာ လွယ်လွယ်ကူကူနဲ့ အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ကန့်သတ်ချက် Equipment and Training ရောပေါ့နော်။ နောက်တခါ လူပုဂ္ဂိုလ်ကိုလည်း သင်တန်းပေးတာ ရှိတယ်။ နောက် အနံ့ခံတဲ့ခွေးတွေရှိတယ်။ အဲ့လိုဟာမျိုးတွေပေါ့။ လူပုဂ္ဂိုလ်ကို Train လုပ်တယ်ဆိုတာ လူတစ်ယောက်ကို ကြည့်ခြင်းအားဖြင့် ဒီလူရဲ့ အမူအကျင့်ကို ကြည့်ပြီး ဒီလူဟာ ဘာလဲဆိုတာ ခန့်မှန်းလို့ရတာရှိတယ်။ နောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆိုရင် CCTV လို ကင်မရာတွေ ထားတဲ့အခါကျတော့ အကုန်လုံး တနေရာ ကနေပြီးတော့ မော်နီတာ လုပ်လို့ရတယ်။ အဲ့လိုမျိုးစနစ်တွေပေါ့လေ။ ဒါဥပမာတခု အနေနဲ့ ကျနော်ကပေးတာပါ။ အဲ့တာမျိုးတွေမှာပါ ကျနော်တို့မှာ ကန့်သတ်ချက်ရှိတယ်။
နောက်ကျနော်ခုနကပြောတဲ့ လက်လှမ်းမမှီတဲ့နေရာတွေကျတော့ ကျနော်တို့ဆီမှာ အင်နဲ့အားနဲ့သွားရမယ့် ဟာကျတော့ လက်နက်ခဲယမ်း ကျနော်တို့ပါသွားမှရတယ်။ ဆက်သွယ်ရေးစက်တို့ အဲ့တာတွေ အများကြီးပါ။ အဲ့လိုကန့်သတ်ချက်တွေရှိတယ်။ အဲ့လိုနေရာမျိုးကျတော့ ရဲလို၊ တပ်ဖွဲ့တွေနဲ့သွားရပါတယ်။ နည်းနည်း ခက်ပါတယ်။ တပ်ရဲ့အကူအညီလိုပါတယ်။ တပ်ကလည်း သူ့ရဲ့ လုပ်ငန်းတခြားတာဝန်တွေရှိတဲ့အခါကျတော့ တပ်အနေနဲ့ ဒါမျိုးအကူအညီတွေကို ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ကန့်သတ်ချက်တွေရှိတယ် ကျနော် အဲ့လိုပြောတာပါ။

မမေစန္ဒီက အငြိမ်းစားရဲမှူးကြီး ဦးခမ်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG