သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်သွားမှာပါ။

ကရင်ပြည်နယ်အတွင်း ဒေသခံစစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကြိုတင် မဲရယူနိုင်ဖို့လုပ်ဆောင်

ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပခြင်းမပြုဘူးဆိုပြီး ပယ်ဖျက်ထားတဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က ကျေးရွာ(၁၂)ရွာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ နယ်မြေခံ စစ်တပ်တွေက ကြိုတင်မဲရယူဖို့ ကျေးရွာရယကတွေကနေတဆင့် အိမ်ထောင်စုစာရင်း ကောက်ယူထားပြီးလို့ ဒေသခံတွေက ပြောပါတယ်။

စပါးကျီ၊ ရေသိုးကြီး၊ ရေသိုးလေး၊ ပြောင်သို၊ ဘိုခါလေခို၊အစရှိတဲ့ကျေးရွာအုပ်စု(၁၂)ရွာမှာ ကြံ့ဖွံ့ပါတီ ကိုမဲပေးဖို့အတွက် ဒီရက်ပိုင်းတွေမှာ အိမ်ထောင်စုစာရင်းကောက်ယူထားပြီးလို့ အဆိုပါဒေသခံကနေပြောပါ တယ်။

သံတောင်ကြီးမြို့နယ်မှာဆိုရင် ကျေးရွာအုပ်စု(၃၆)အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းမပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာတော့ ယခုလာမယ့် သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပမယ့် ဆွမ်းကြီးလောင်းပွဲတော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက မကျင်းပဖို့ တားဆီးပိတ်ပင်ထားပါတယ်။

မြို့အာဏာတွေက ရွေးကောက်ပွဲမတိုင်ခင်မှာ ပွဲတော်ကျင်းပခွင့်တွေ ပိတ်ပင်ထားတာကြောင့် အခု ဆွမ်းကြီးလောင်းပွဲတော်ကိုလည်း မကျင်းပဖို့ ဘုန်းကြီးကျောင်းတွေမှာ အကြောင်းကြားထားတယ်လို့ အာဏာပိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှာ ရပ်ဝေးကလူတွေ မဲပေးနိုင်ရေး

ကော့သောင်းမြို့မှာ ရောက်ရှိနေတဲ့ ရပ်ဝေးက လူတွေ မဲပေးနိုင်အောင်လို့ ယာယီ အိမ်ထောင်စု စာရင်းတွေကို ကြံခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပေးနေပါတယ်။

အဲဒီကဒ်ပြားကိုင်ဆောင်ထားတဲ့ လူတွေဟာ ရွေးကောက်ပွဲ ရောက်သည်အထိ လွတ်လပ်စွာ သွားလာခွင့်ရှိမယ်ဆိုတဲ့ အတွက် လူတယောက်ကို မြန်မာငွေ ၂၀၀၀ နှုန်းနဲ့ လုပ်နေကြတာလို့ ကော့သောင်းမှာ ရောက်နေတဲ့ ရခိုင်အမျိုးသား တယောက်က ပြောပါတယ်။

ကော့သောင်းမြို့က ရပ်ကွက်တွေတိုင်း စာရင်းလိုက်ကောက်ပြီး ရွေးကောက်ပွဲမှာ မဲထည့်နိုင်ရန်အတွက် ယာယီကဒ်ပြားတွေ ပြုလုပ်ပေးနေခြင်း ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေ စည်းရုံးရေးဆင်း

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့အနီးရှိ ပအိုဝ်းကျေးရွာတွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ကိုယ်စားလှယ်လောင်းက USDP ကို ထောက်ခံမဲ မပေးရင် ရွာသားတစ်ယောက်ကို ကျပ် ၅၀၀၀၀ ဒဏ်ငွေပေးဆောင်ရမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်လို့ လွိုင်လင်မြို့ခံသားတစ်ဦးကပြောပါတယ်။

PNO က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တို့မှာဘဲ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန်ဒေသတွေမှာရှိတဲ့ ပအိုဝ်းလူမျိုးတွေဆီ USDP အတွက် ကူညီမဲဆွယ်စည်ရုံးပေးမယ် လို့ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်လို့ လွယ်လင်ပအိုဝ်းလူငယ်တစ်ယောက်က ပြောပါ တယ်။

ပင်လောင်း၊ ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်တွေမှာတော့ ဒေသခံ ပအိုဝ်းလူထုတွေကို ပအိုဝ်းပါတီတံဆိပ် နဂါးရုပ် ကိုပဲ မဲခြစ်ပေးဖို့ တခြား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခြင်္သေ့နဲ့ ရှမ်းပါတီရဲ့ ကျားရုပ်တွေကို မဲမထည့်ဖို့ စည်းရုံးဟောပြောနေတယ်လို့ ရွာသားတယောက်က ပြောပါတယ်။

နယ်စပ်စီးပွားရေး မြို့တွေက ပြည်သူတွေ ရွေးကောက်ပွဲကို ဘယ်လောက် စိတ်ဝင်စားတယ်ဆိုတာ အားမီက စုစည်းထားတယ်။

ကျွန်မက ချမ်းလွန်ပါ။ ခု သတင်းဆောင်းပါး တပုဒ်ကြားရမှာပါ။ သတင်းထဲမှာ ကြားရသလို ကော့သောင်းမြို့မှာ ရပ်ဝေးက လာတဲ့သူတွေ မဲထည့်နိုင်ဖို့ ယာယီ မိသားစု စာရင်းတွေ လုပ်ပေးနေပါတယ်။ နယ်စပ်မြို့တွေမှာ ဒေသခံတွေကော ရပ်ဝေးကလာကြသူတွေကော ရွေးကောက်ပွဲကို ဘယ်လောက် စိတ်ဝင်စားကြသလဲ ဆိုတာ အားမီက စုစည်းတင်ဆက်ထားပါတယ်။

ရွေးကောက်ပွဲပြုလုပ်ရန် ရက်ပိုင်းသာလိုတော့ပေမယ့် အခုအချိန်ထိ နယ်စပ်စီးပွားရေးမြို့တွေမှာ ရွေးကောက်ပွဲ နဲ့ ပါတ်သက်လို့ ဘယ်ပါတီကမှ စည်းရုံးရေး လုပ်ငန်းတွေ လုပ်တာ မရှိသလို ဒေသခံတွေ၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ သူတွေဟာလည်း စိတ်ဝင်စားမှု သိပ်မရှိကြပါဘူး။

နယ်စပ်စီးပွားရေး မြို့တမြို့ ဖြစ်တဲ့ တာချီလိတ်မြို့က အခြေအနေကိုတော့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အပွင့်လင်းဆုံးသောရမယ်ဆိုရင်တော့ ဒေသခံတွေကဘယ်သူမှစိတ်မဝင်စားကြဘူး။ ဘာကြောင့် စိတ်မဝင်စားလဲဆိုတော့ ဟိုဘယ်လိုပြောမလဲကျမကနယ်စပ်ဒေသပဲပြောတာနော်။ ငြိမ်းချမ်းအေးဆေးဖို့ပဲ လိုတာပေါ့၊ ဘာမှပြဿနာမဖြစ်ချင်ကြဘူး။ ဒီလိုပဲကိုယ့်အလုပ် လက်ရှိလုပ်နေတဲ့လုပ်ကိုပဲ အဆင်ပြေအောင်လုပ်ချင်ကြတာလေ။ အဲ့လိုမျိုးပဲရှိကြတယ်။

အခြားနယ်စပ်မြို့တစ်ခုဖြစ်တဲ့ မြဝတီမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထူးထူးခြားခြား လုပ်ဆောင်မှုတွေ စည်းရုံးလှုံ့ဆော်မှုတွေ မရှိဘူးလို့ မြဝတီမှ စီးပွားရေးသမားတစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ စီးပွားရေးပဲ။ ဒီကလူတွေအားလုံးကလည်း စီးပွားရေးပဲစိတ်ဝင်စားတာဗျ။ စီးပွားရေးသမားကြီးပဲဖြစ်ဖြစ် နေ့စားအလုပ်သမားပဲဖြစ်ဖြစ် အားလုံးကအတူတူပဲ။”

တာချီလိတ်နှင့် မြဝတီမြို့များတွင် စည်းရုံးရေးလုပ်ဆောင်တာတွေမရှိပေမယ့် ကော့သောင်းမြို့မှာတော့ ပါတီတွေက စည်းရုံးရေး လုပ်တာတွေ ရှိတယ်လို့ ဒေသခံ တယောက်က ပြောပြပါတယ်။

“ကော့သောင်းမှာကတော့ လက်ရှိကကြံ့ဖွံ့ပါတီနဲ့ တိုင်းရင်းသားပါတီပဲ ရှိတယ်လေ။ ကြံ့ဖွံ့ပါတီကတော့ တကမ္ဘာလုံးသိတဲ့အတိုင်းပဲလေ၊ မြန်မာတပြည်လုံးသိတဲ့အတိုင်းပဲလေသူတို့ကရယကတို့၊ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ သူတို့က က cover ယူထားတာကို။ သူတို့ကတော့အထူးတလည် စည်းရုံးရေးဆင်းတယ်ဆိုတာကတော့ သူတို့မှာကလက်ရှိအာဏာပိုင်တွေနဲ့ဆက်နွယ်နေတယ်ဆိုတော့ သူတို့လွယ်ကူတာပေါ့လေ။”

ဒါပေမယ့်လည်း ဒေသခံလူထုကတော့ ရွေးကောက်ပွဲကိစ္စတွေကို စိတ်မဝင်စားလှဘူးလို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေ ရွေးကောက်ပွဲ စိတ်ဝင်စားမှုနည်းပါရတဲ့ အကြောင်းကိုတော့ ဗဟု ဖွံ့ဖြိုးမှု အဖွဲ့က နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ဦးအောင်သူငြိမ်းက အခုလို သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကမဲဆန္ဒရှင်တွေကိုပညာပေးတဲ့နေရာမှာတော့တော့ကိုအားနည်းချက်ရှိတယ်။ နောက်တစ်ခုလက်ရှိပြိုင်မယ့်ပါတီတွေကို ကြည့်လိုက်တော့လည်း ဒီမိုကရေစီအင်အားစုပါတီတွေ တိုင်းရင်းသားပါတီတွေ ပြောမယ်ဆိုလို့ရှိရင်လည်း သူတို့ကတော်တော်ကို အားနည်းမယ့် အနေအထား ရှိပါတယ်။ ကိုယ်စားလှယ်အနေအထားမှာလည်း နေရာပေါင်းစုံပြိုင်နိုင်မယ့်အနေအထားမရှိဘူးပေါ့။ ဟိုစည်းရုံးရေးအရတော်တော်ခက်နိုင်တဲ့ အနေအထားရှိပါတယ်။”

နယ်စပ်မြို့တွေမှာက နယ်စပ်မြို့ဖြစ်တဲ့အတိုင်း ဒေသပေါင်းစုံက လူပေါင်းစုံရှိတာလည်း ဖြစ်ပြီး အဓိကကကတော့ စီးပွားရေး၊ ကုန်သွယ်ရေး အတွက် လာရောက်နေကြတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG