သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာမျှော်လင့်ချက်နဲ့ မဲသွားပေးမှာလဲ


ရွေးကောက်ပွဲကျင်းပဖို့ကတော့ ရက်ပိုင်းပဲလိုပါတော့တယ်။ ဒီတော့လည်း ပါတီတွေ အပြိုင်အဆိုင်ကြိုးပမ်းနေကြတာ တွေ့နေရပါတယ်။ ဒါကလည်း န.အ.ဖ လက်ကိုင်တုတ် ရွေးကောက်ပွဲကော်မရှင်ကပေးတဲ့ မစို့မပို့ အခွင့်အရေးလေး အတွင်းကပဲဆိုတာအားလုံးသိပြီးသားပါ။ ပြိုင်ပြီဆိုမှဖြင့် နိုင်ချင်ကြတာ ဓမ္မတာပါပဲ။ နိုင်ချင်တာကို နိုင်အောင်လည်း လုပ်ကြရပေမပေါ့။ ဘယ်လိုလုပ်ကြမလဲ။

ဒီမိုကရက်တစ် အင်အားစုတွေဆိုကြတဲ့ လက်တဆုပ်စာပါတီလေးတွေအတွက်ကတော့ ခက်ခက်ခဲခဲပါပဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဓားမိုးမှုအောက်က ရုန်းကန်ရင်း ဒီမိုကရေစီအသံ၊ လူ့အခွင့်အရေးအသံ နှစ် ၆၀ ခန့်နောက်ကျနေတဲ့တိုင်းပြည်ရဲ့ ရုပ်ပိုင်းတိုးတက်မှုတွေကို ပြန်လည်တည်ဆောက် ဦးစားပေးမယ်ပေါ့။ ကုန်ဈေးနှုန်းတွေ ချရမယ်၊ မီးတွေ လာရမယ်၊ ရေတွေလာရမယ်၊ လမ်းခင်းပေးမယ်၊ ဝန်ထမ်းတွေဘ၀ ဖူလုံရမယ်လို့ မပေးရဲ ပေးရဲ ကတိ လေသံဖျော့ဖျော့လေးနဲ့ တိုးတိုးတိတ်တိတ်မျှပါပဲ။

အဲဒီလို အခြေအနေမျိုးမှာ လွန်ခဲ့တဲ့ရက်ပိုင်းက အားလုံးသိကြတဲ့အတိုင်း မိုးကြီးလို့ မုန်တိုင်းတွေကလည်း မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ဝင်လာခဲ့ပါတယ်။ အဓိက ဦးတည်တိုက်ခတ်ခံရတာကတော့ ရခိုင်ပြည်နယ်ပါပဲ။ အဲဒီအခြေအနေမှာ ရခိုင် အခြေစိုက်ပါတီတွေက ကိုယ်ပြိုင်တဲ့ဒေသမှာ ဖြစ်နေတဲ့အခြေအနေပေါ်မှာ တကယ်ပဲ လိုအပ်မှုကို ဖြည့်ဆီးဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကြရမယ်၊ ကိုယ့်ဒေသပြည်သူတွေအကျိုးကို လက်တွေ့ကျကျ လိုလားကြောင်း ပြသမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ပြင်ဆင်ကြိုးပမ်းကြတာ အမှန်တကယ်ပါပဲ။

အဲဒီလိုမျိုး လူမှုဒုက္ခတွေ ဝေနေတဲ့အချိန်မှာ န.အ.ဖ လက်ကိုင်တုတ် ရွေးကောက်ပွဲ ကော်မရှင်ဟာ န.အ.ဖ တဖြစ်လဲ ကြံ့ခိုင်ရေးပါတီရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး သူတို့တွေရဲ့ အတွင်းသရုပ်ကို ထုတ်ပြလိုက်ပါပြီဗျာ။

လေဘေး၊ ရေဘေးခံကြရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်မယ်ဆိုတဲ့ ရခိုင်ပါတီတွေနဲ့ အခြားဒေသ အခြေစိုက် ပါတီတွေအနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်မယ်ဆိုရင် ကော်မရှင်ကို အရင် အကြောင်းကြားစာတင်ရမယ်၊ ခွင့်ပြုမှ ကူညီကယ်ဆယ်ခွင့်ရမယ် ပေါ့ဗျာ။

ကဲ- ဘယ်လောက် လူသားမဆန်လိုက်တဲ့ ညွှန်ကြားချက်လဲ။ ဘယ်လောက်လူစိတ်ကင်းမဲ့တဲ့ စိတ်ကူးဆန်လဲ။ ဘယ်လောက်မမျှတတဲ့ ဥပဒေတွေကို ထုတ်ပြန်တဲ့ ကော်မရှင်လဲ။

ဒုက္ခပင်လယ်ဝေပြီး ရေပေးပါ၊ အစာပေးပါ၊ နေစရာပေးပါဆိုပြီး တစာစာနဲ့ အကူအညီ အော်ဟစ် တောင်းနေချိန်မှာ မြန်နိုင်သမျှမြန်ဖို့ မလိုပေဘူးလား။ ရှိသမျှ အင်အားနဲ့ပုံအော မကူညီထိုက်ပေဘူးလား။ ရိုးသားစွာ၊ လူပီသစွာ စဉ်းစားသူတွေကတော့ လိုအပ်တာပေါ့လို့ ဖြေပါလိမ့်မယ်။

ဒုက္ခပင်လယ်ဝေနေတဲ့ ရခိုင်ပြည်သူတွေအတွက် ကူညီရမယ့်ဒေသ၊ ရခိုင်ဒေသအခြေစိုက်ပါတီတွေကို ကော်မရှင်ဥပဒေနဲ့ ပြုလုပ်ခွင့်မရအောင် ချုပ်ထားပြီး ကြံ့ခိုင်ရေးပါတီတခုထဲကပဲ ပွဲလန့်တုန်း ဖျာခင်းလိုက်ပါတယ်။ သူတို့ပါတီတခုထဲပဲ ရေဘေး၊ လေဘေး ဒုက္ခရောက်သူတွေကို ကူညီခွင့်ရကြတယ်။ ကူညီနေကြတယ်။

အင်္ကျီပေးမယ်၊ ဆန်ပေးမယ်၊ နေစရာပေးမယ်။ ဒီအတွက် သူတို့ကို မဲပြန်ပေးရမယ်ပေါ့ဗျာ။ ဒီပုံစံမျိုး လွန်ခဲ့တဲ့ ၂၀၀၈၊ ကမ္ဘာကျော် နာဂစ်မုန်တိုင်းကြီးမှာလည်း ကယ်ရာမဲ့နေသူတွေကို ကူညီဖို့ လာနေသူတွေကို ရိက္ခာအပြည့်တင်လာတဲ့ အမေရိကန် စစ်သင်္ဘောကြီး ၃ စင်းကို ခဏဘေးဖယ်ထားပါအုံး။ ကွမ်းခြံကုန်းမြို့နယ်အဝင်ကနေ မောင်းထုတ်ပြီး သူတို့ကိုယ်တိုင်ပဲ ဒုက္ခရောက်သူတွေကို ဆန်တဗူး၊ ကြက်သွန် ၂ ဥလောက်ကို မစို့မပို့ပေးပြီး သူရဲကောင်း လုပ်ပြခဲ့ဖူးပါတယ်။

အခု ကျနော်တင်ပြတာတွေကို ပြန်ပြီး ချုပ်ကြည့်ကြရအောင်။

(၁) ပြည်သူတွေ ဒုက္ခရောက်တိုင်း မျက်ကွယ်ပြုနေတာက န.အ.ဖ။

(၂) တိုင်းပြည်အရေးနဲ့ ပတ်သက်လာရင် အများဆန္ဒအရဆိုတဲ့ ဒီမိုကရေစီအခြေခံစံတွေကို လုံး၀ မလေးစား မလိုက်နာတာဟာ န.အ.ဖ။

(၃) ကြံ့ခိုင်ရေးအသင်းက တဖြစ်လဲ ကြံ့ဖွံ့ပါတီဆိုတဲ့ သမိုင်းအစဉ်အလာဆိုးနဲ့ လူထုကို အနိုင်ကျင့်ပြီး တိုင်းပြည်တဝှမ်းမှာ တန်ခိုး၊ သြဇာ၊ အရှိန်အဝါတွေနဲ့ ချယ်လှယ် ဗိုလ်ကျတတ်သူတွေကို တနည်းအားဖြင့် အာဏာရှင်ပေါက်စလေးတွေ မွေးထုတ်နေတာဟာ န.အ.ဖ။

(၄) ၂၀၀၈ စစ်တပ်ကြီးစိုးတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့ပြီး ၎င်းဥပဒေရဲ့အကျိုးဆက် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေတာလည်း န.အ.ဖ။

(၅) ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့ပေးခဲ့တာလည်း န.အ.ဖ။ အဲဒီ ကော်မရှင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း န.အ.ဖဗိုလ်ချုပ်ဟောင်းတွေနဲ့ န.အ.ဖ သြဇာခံများပေပေါ့။

(၆) အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ဆင်နွဲ အနိုင်ယူဖို့အတွက် ကြံ့ခိုင်ရေးပါတီကို တရားသဖြင့်မဟုတ်သော နည်းလမ်းပေါင်းစုံဖြင့် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်၊ မဲဆွယ်ခွင့်ပေးထားသူကလည်း န.အ.ဖ။ ဒါကြောင့်မို့ ဒီ န.အ.ဖ ကလုပ်မယ့် မသန့်ရှင်းတဲ့၊ မလွတ်လပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ပြည်သူတွေက ဘာမျှော်လင့်ချက်နဲ့ မဲသွားပေးမှာလဲ။

ပြည်သူအပေါင်းတို့ခင်ဗျား။ ကိုယ့်အိမ်မှာသာ ဇိမ်ခံပြီး ၇ ရက်၊ ၁၁ လ၊ ၂၀၁၀ နေ့ကို ကျော်ဖြတ်ကြပါစို့လို့ ဆော်သြလိုက်ချင်ပါတယ်။

XS
SM
MD
LG