သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုန်ပညာရှိတဲ့ပေါတဲ့ ဒို့တိုင်းပြည်


ရွေးကောက်ပွဲက နီးသထက်နီးလာပြီဆိုတော့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေက အမတ်လောင်းတွေလည်း ကိုယ်ဝင်မယ့်နယ်ထဲမှာ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နေကြပါပြီ။ တချို့ ပါတီ တခုတလေကလည်း ဈေးတွေထဲမှာ သူတို့ပါတီရဲ့ မူဝါဒ၊ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေကို လိုက်ပြီး ဝေငှနေတာ တွေ့နေရပါတယ်။ ဒီပါတီလေးတွေဆိုတာက မျက်နှာမွဲ မျက်နှာပြာ ပါတီလေးတွေဆိုတော့ စာရွက်ဝေတာတောင်မှ မာန်ပါ တက်ကြွတဲ့ အသွင် အရိပ်အယောင်တွေ မတွေ့ကြရပါဘူး။

ဈေးထဲမှာရှိတဲ့ သာမန်ပြည်သူတွေ ဆိုတာကလည်း ၁၉၈၈ ပြည်သူ့ အရေးတော်ပုံကြီးကို စစ်တပ်က နင်းချေပစ်လိုက်ပြီးကတည်းက ဆက်တိုက်လို အထုအထောင်း အနှိပ်အစက်ခံလာရတာဆိုတော့ နိုင်ငံရေးကို ထင်ထင်ပေါ်ပေါ်ကြီး လက်ခံပါဝင် ပတ်သက်လိုက်ရမှာကို ကြောက်တောက်တောက်ကြီးတွေတောင် ဖြစ်နေကြပါပြီ။ ဒါကြောင့်လည်း နိုင်ငံရေးပါတီက လာဝေတဲ့စာကို ဈေးလယ်ကောင် လူမြင်သူမြင်မှာ မယူရဲလို့ ခေါင်းခါလွှတ်ကြသူတွေက များပါတယ်။

ဒါပေမဲ့ အိမ်တိုင်ယာရောက်လာပြီး ဖြည့်ထားပြီးသား ပါတီဝင်ပုံစံတွေဝေပေးတဲ့ ကြံ့ဖွံ့လို အများသိကြတဲ့ ပြည်ခိုင်ဖြိုး ပါတီကိုကျတော့ အရှင်မွေးထားလို့ နေ့ချင်းကြီးပြီး အန္တရာယ်ရှိတတ်မှန်း သိသိကြီးနဲ့ဆိုတော့ သူတို့ပါတီထဲ ဝင်တာ မဝင်တာ အပထား၊ လာဝေတဲ့ပုံစံတွေတော့ လက်ခံထားလိုက်ကြရတယ်။

လက်မခံထားဘူးဆိုရင် ကြံ့ဖွ့ံ့ ရာအိမ်မှူးက ဘယ့်နှယ် လုပ်မယ်မှန်းမှ မသိတာကိုး။

ပြီးတော့ ရာအိမ်မှူးက '' မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်မြို့တော်ကို ကွန်ကရစ်လမ်းတွေ ငွေ ဘီလီယံနဲ့ ချီ အကုန်ခံပြီး ခင်းပေးမှာ။ ဒါပေမဲ့ ပါတီဝင်အင်အားမပြည့်တဲ့ လမ်းတွေကိုတော့ ခင်းမပေးဘူးတဲ့ '' လို့ ဆက်ပြောပြန်သေး ဆိုတော-့ မိုးတွင်းအခါဆို ကလေးတွေ ဖန်ခုန်တမ်းကစားသလို ကျင်းတွေ၊ ချိုင့်တွေ၊ ဗွက်တွေကို ခုန်လွှား သွားနေရတဲ့ အိမ်ရှေ့က ကိုယ်ထူ ကိုယ်မထနိုင်ဘဲ ပြန်ပြန်လဲနေတာဖန်တေထနေတဲ့ ဒုက္ခိတ လမ်းကလေးကို ဟုတ်နိုးရောရာ လှမ်း ငေးလို့ငေးပြန်ရ ဖြစ်နေပြန်သေးတာလေ။

ကြံ့ဖွံ့ကတော့ ခြိမ်းခြောက်တာရော၊ မြှူဆွယ်တာရော၊ လာဘ်ထိုးတာရော စုံလို့ပါ။

ဒါပေမဲ့ ကြံ့ဖွံ့ အမတ်လောင်းကိုယ်တိုင်က ပြည်သူကြားဆင်းပြီး တရားဟောတာမျိုး၊ မူဝါဒ ရှင်းတာမျိုးတော့ မတွေ့ရ၊ မကြားရပါဘူး။ ဒီတော့ ကြံ့ဖွံ့ကတော့ ပွဲစားနဲ့၊ ဒလန်နဲ့ပဲ လုပ်မလားလို့ ထင်ရပါတယ်။ ဒါပေမဲ့ ပြည်သူက ငထုံ ငအတွေ မဟုတ်ပါဘူး။

ကျန်တဲ့ ပါတီလေးတွေ ဆိုတာကတော့ သိတဲ့အတိုင်း အမတ်ဝင်ကြေး ငါးသိန်းတောင်မှ လှပ်လှပ်ကပ်ကပ်နဲ့ ရှာဖွေထားရ တာဆိုတော့ သူတို့ကြံ့ဖွံ့လို လမ်းခင်းပေးနိုင်တာ၊ တံတားဆောက်ပေးနိုင်တာမျိုး လက်ငင်းမတတ်နိုင်ကြတဲ့အခါ '' ကျုပ်တို့သာ လွှတ်တော်ထဲ ရောက်ရင် ပြည်သူတွေ ဒီကနေ့ ခံစားနေရတဲ့ ဟိုဒုက္ခ၊ ဒီဒုက္ခတွေကနေ ကင်းဝေးအောင် ဟို့နှယ် ဒိနှယ် လုပ်ပေးပါ့မယ်လို့ ကတိ ကဝတ်တွေ ပေးနေကြလေရဲ့။

ဂျာနယ်တစ်စောင်ထဲမှာ ရပ်ကွက် ဘော်လီဘောကွင်းလေးထဲ ဟောပြောစည်းရုံးပွဲ ကျင်းပနေရှာတဲ့ ပါတီတစ်ခုက ပါတီခေါင်းဆောင် အမတ်လောင်းကလေး လက်သီး လက်မောင်းတန်းနေတာ ဓာတ်ပုံနဲ့တကွ ဖတ်လိုက်ရတယ်။ လက်ကိုင်ဟွန်း မပါ၊ လော်စပီကာ မပါ ဆိုတော့ အားစိုက်အော်နေရပုံက သနားစရာပါပဲ။ သူတို့ ပါတီတံဆိပ် ပါတဲ့ ဆိုင်းဘုတ်ကလေးကို ကျောဘက်ကသစ်ပင်မှာ ပီနံကြိုးနဲ့ တို့လို့တွဲလောင်း ချည်လို့။ ပရိသတ်ပြည်သူကတော့ တောလက်ကျေးရွာက အစမ်းခွပ် လက်ပြတဲ့ ကြက်ပိန်ပွဲလောက်တောင်မှ မစည်ကားဘဲ ကဲျတောက်တောက်ပါပဲ။

နောက်ဂျာနယ်တစ်စောင်ထဲမှာ ဓာတ်ပုံ ပါလာတဲ့ ဒီမိုကရက်တစ် ပါတီစုံ အမတ်လောင်းတွေ တစ်ထွေးကြီးက ''ဒီမိုကရေစီ ဘက်တော်သားစစ်စစ်တွေကိုပဲ မဲပေးကြပါ '' လို့ အင်တာဗျူးနဲ့ နှိုးဆော်ထားပြန်ပါတယ်။

သို့သော်... တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးထွန်းရီကတော့ သူတို့ တ၊ စ၊ ည နဲ့ ကြံံ့ဖွံ့ပဲ အဓိက ပြိုင်ကြရမှာပါ...လို့ ဆိုနေပြန်ပါလေရဲ့။

အလားတူပဲ ကြံ့ဖွံ့ပါတီဘက်က ထွက်လာတဲ့ တီးတိုးတီးတိုး သဖမ်းပိုး စကားသံ ကလည်း တ၊ စ၊ ည ကိုပဲ ကြောက်တယ်တဲ့။ ဟုတ်မှာပေါ့… စစ်အာဏာရှင်ရဲ့ အမွေစားအမွေခံ ဖအေပါ မအေပါ သွေးမစပ် သားမတော် ရန်ဘက်ညီအစ်ကိုပေကိုး။

ရန်ကုန်အခြေအနေနဲ့တင် မလုံလောက်သေးဘူးထင်လို့ နယ်ဘက် နှစ်နေရာ သုံးနေရာကို စုံစမ်းကြည့်တော့လည်း လှုပ်လှုပ်ရှားရှားနဲ့ ရွေးကောက်ပွဲကို ပြင်ဆင်ကြတာ မတွေ့ရဘူးတဲ့။ ကြံ့ဖွံ့ကတော့ ရွာဘက်တွေကို ကုပ်ချောင်း ကုပ်ချောင်းနဲ့သွားတာ တွေ့တယ်တဲ့။ ကြံ့ဖွံ့တွေရဲ့ ကိုယ်တိုင်အပြောအရတော့ ရွာတွေမှာလည်း သူတို့ကို ဘယ်သူကမှ ဟက်ဟက်ပက်ပက် ကြိုတာ ဆိုတာ လိုလားတာ မရှိဘူးတဲ့။ ဒါပေမဲ့ သူတို့ပဲ နိုင်မှာ လို့ ကြံ့ဖွံ့တွေက ပြောကြတယ် ဆိုပဲ...။

ဘာပဲပြောပြော နောက် ဂျာနယ်တစ်ခုထဲမှာတော့ ဒီခေတ်ထဲမှာ အတော်လေး ရေပန်းစားနေတဲ့ သားစိုး ဆိုတဲ့ အဆိုတော်လူငယ်လေးက ''ကျွန်တော့်မှာ မဲမပေးပိုင်ခွင့်ရှိသလို မဲပေးပိုင်ခွင့်လည်း ရှိပါတယ်။ ကျွန်တော် မကြိုက်တဲ့ ပါတီဆိုရင် မဲမပေးဘူး။ ကျွန်တော် လက်ခံတဲ့ ပါတီဆိုရင် မဲပေးမှာပါ။ ပရိသတ်ကြီးကို လောလောဆယ်ဆယ် ကျွန်တော် မောင်သားစိုး ခေါင်းမူးနေပါတယ်၊ နှာလည်းစေးနေပါတယ် လို့ပဲ ပြောပါရစေ'' လို့ ရွေးကောက်ပွဲအပေါ် အင်တာဗျူးထားတာ ဖတ်လိုက်ရပါတယ်။ ဒီတော့ ရွေးကောက်ပွဲနဲ့ နီးကပ်သထက် နီးကပ် လာတဲ့ အချိန်ကို ခြုံ၍ သုံးသပ်ရပါလျှင် တစ်တိုင်းပြည်လုံးရှိ ပြည်သူများအားလုံး ခေါင်းကိုက် နှာစေးနေကြပါတယ်။ အဲဒီ လက္ခဏာက သည်ပင်လျှင် ဒီရွေးကောက်ပွဲကို ယဉ်ကျေးစွာ ဆန့်ကျင်နေခြင်း ဖြစ်လျှက် ပြည်သူများအားလုံးဟာ နိုင်ငံရေး အထုံ ငအများ မဟုတ် ကြောင်း ပြဆိုနေခြင်းသာ ဖြစ်ကြောင်းပါခင်ဗျား။

XS
SM
MD
LG