သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီအတွက် ရွေးကောက်ပွဲက လမ်းစတခု


၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတတယ်၊ မမျှတဘူး ဝေဖန်နေတာထက် ဒီရွေးကောက်ပွဲအပြီးမှာ ပြည်သူလူထုအတွက် ဘာတွေ အကျိုးကျေးဇူးရမလဲ အရင်က ပြည်သူတွေ မရခဲ့တဲ့ အခွင့်အရေး ဘာတွေရမလဲဆိုတာကိုပဲ စဉ်းစား အဖြေရှာရမယ်။ လက်ရှိဖြစ်ပေါ် နေတဲ့ အခြေအနေပေါ်မှာပဲ မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့ ကိစ္စပဲ အရေးကြီးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးဆင့်ကဲဖြစ်စဉ်ထဲက အရေးပါတဲ့ ရွေးကောက်ပွဲတခုဖြစ်နေတယ်။

Democracy Transition အတွက် ဒီရွေးကောက်ပွဲကို မလွဲှမသွေဖြတ်ကျော်ရမယ်။ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲက လမ်းစတခု ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြောင့် တိုင်းပြည်အခြေအနေဟာ ဗြုန်းစားကြီး ကောင်းသွားမှာမဟုတ်ပေမယ့် တဖြည်းဖြည်းတော့ တိုးတက်မှုရှိလာမှာပါ။ အဲဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်သူတိုင်း မဲပေးသင့်တယ်။

ကျနော်တို့ မီဒီယာလောကမှာလည်း အမြင်အမျိုးမျိုးရှိတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အမြင်တွေပေါ့။

ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုပြီး တချို့အယ်ဒီတာ သတင်းထောက်တွေက မြင်တယ်။ တချို့ကျတော့လည်း ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ ဆိုတဲ့ ကိစ္စထက် လွှတ်တော်မှာ အရပ်သားကိုယ်စားလှယ်တွေရောက်လာရင် ပြည်သူတွေရဲ့လိုအပ်နေတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ဝင်ရောက်ပြီး အခြေအတင် ပြောဆို လာနိုင်မယ်။ ဒါ - အမြတ်တခုပဲ လို့ယူဆပြီး မဲထည့်ရမယ်လို့ မြင်ကြတယ်။ ဒီလိုမျိုးတွေပေါ့ဗျာ။

အမှန်တော့ စစ်အစိုးရက ငါတို့ ၂၅ ရာခိုင်နှုန်းပဲပါမယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းမှာ မင်းတို့လည်း ပါနိုင်တယ်လို့ အခွင့်အရေးပေးထားတဲ့ အချိန်မှာ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူးလို့ ကျနော်တော့ မြင်တယ်။

ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မဲမထည့်ဘဲနေမယ်ဆိုရင်တော့ ရလာတဲ့ အခွင့်အရေးကို မယူတတ်တဲ့သူ၊ မိုက်မဲတဲ့သူလို့ ထင်မိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲ မဲပေးဖို့ကိစ္စမှာ ခံယူချက်အမျိုးမျိုး ကွဲသွား ကြတယ်။

ပထမတမျိုးက မဲပေးဖို့ စိတ်မဝင်စားတဲ့သူတွေ… ဘာဖြစ်လို့ စိတ်မဝင်စားတာလဲဆိုတော့ သူတို့က ဘယ်အစိုးရပဲ တက်တက်၊ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုပြီး မဲပေးဖို့ကိစ္စကို စိတ်မဝင်စားကြဘူး။

နောက်တမျိုးကတော့ ရွေးကောက်ပွဲကို မထောက်ခံဘူး…. ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ယုံကြည်မှုမရှိလို့ မဲမပေးကြတာ။

နောက်ဆုံး မဲပေးတဲ့ ပြည်သူတွေတောင် နှစ်မျိုးကွဲသွားတယ်။ တမျိုးက ဒီရွေးကောက်ပွဲက ဒီမိုကရေစီရဲ့လမ်းစဖြစ်တယ်။ ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံ တဖြည်းဖြည်းနဲ့ပြောင်းလဲလာလိမ့်မယ်လို့ ယုံပြီးတော့ မဲပေးတာ။ နောက်တမျိုးကတော့ သူတပါး တိုက်တွန်းလို့ မဲပေးရတာ။ အဲဒီလို အမျိုးမျိုးကွဲပြားသေးတယ်။ ဒီရွေးကောက်ပွဲကို မတရား၊ မမျှတဘူးထင်တဲ့လူတွေက မဲမပေးရင် သူတို့ ပေးခွင့်ရမယ့် မဲတွေက တနည်းနည်းနဲ့ ဆုံးရှုံးသွားပြီး အရပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲရောက်ဖို့ အခွင့်အရေး နစ်နာသွား လိမ့်မယ်။ အဲဒါဆိုရင် တန်ဖိုးရှိတဲ့ မဲတစ်ပြား ဆုံးရှုံးသွားပြီး ယှဉ်ပြိုင်ဘက်ပါတီတွေကို မဲအရေအတွက် တစ်ခုလောက်ပဲ ကပ်ပြီး ရှုံးသွား ရင် ကိုယ့်ကြောင့် ဖြစ်သွားရ တယ် ဆိုပြီးတော့လည်း ယူဆနိုင်တယ်လေ။

အရည်အချင်းရှိပြီး ပြောရင်ပြောတဲ့အတိုင်းလုပ်မယ့် ပြည်သူလူထုတွေအတွက် အကျိုးခံစားခွင့်၊ အခွင့်အရေးတွေ ရရှိစေမယ့် ပါတီတွေကို မဲပေးလိုက်ရင် အရပ်သားကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့်ကိစ္စတွေကို တဘက်နဲ့ တဘက် အင်တိုက်အားတိုက် ဆွေးနွေးလာနိုင်တယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲအခြေအနေကတော့ ပြောင်းပစ်လိမ့်မယ်။

အနည်းနဲ့အများပဲ ကွာတာပါ။ ဒီရွေးကောက်ပွဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတယ်။ အရင်က ၁၀၀ ရာခိုင်နှုန်း ယူထားရာကနေ ၇၅ ရာခိုင်နှုန်း လျှော့ချလိုက်တယ်ဆိုကတည်းက အထိုက်အလျှောက် ဖြေလျှော့လိုက်တဲ့သဘောပဲ။ ဒီမိုကရေစီလမ်းစဉ်ကို အနည်းနဲ့အများ ဖော်ဆောင်မယ့် ရွေးကောက်ပွဲတခုလို့တော့ ကောက်ချက်ဆွဲနိုင်ပါတယ်။

XS
SM
MD
LG