သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူ့ဘက်က ကြည့်တော့လည်း အမှန်သား


ရွေးကောက်ပွဲ ဆိုတာနဲ့ အတော်ကြီးကို စိမ်းနေခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အနှစ် ၂ဝ အတွင်း ပထမဆုံး ရွေးကောက်ပွဲအဖြစ် ၂ဝ၁ဝ ခု နိုဝင်ဘာလ (၇) ရက်နေ့မှာ ပါတီမစုံ့တစုံ ရွေးကောက်ပွဲကြီးကို ကျင်းပတော့မယ်တဲ့။

ဒီနေ့ သြဂုတ်လ (၂၅) ရက်နေ့ကစပြီး ရေတွက်ရင် လပိုင်းပဲ လိုပါတော့တယ်၊ ဒါကြောင့် အဲဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကြုံတောင့်ကြုံခဲမို့ စိတ်လှုပ်ရှား တက်ကြွရင်ခုန်စရာ အလွန်ကောင်းနေလိမ့်မယ်လို့ ထင်စရာတော့ရှိလေရဲ့။ ဒါပေမဲ့ နှစ်ဖက် မိဘကလည်း သဘောမတူ အရပ်ကလည်း မကြည်ဖြူတဲ့ လိင်တူချင်း လက်ထပ်တော့မယ့်ပွဲလို မတင့်မတယ်မို့ အေးတိအေးစက်ပါပဲ။

ဘာတွေများ ဖြစ်လာမလဲလို့ စိတ်ဝင်စားသူ ရှိကောင်းရှိနိုင်ပေမဲ့ ပါဝင်ပတ်သက်ချင်သူကတော့ ခပ်ရှားရှားပဲဆိုတာ ကြားနေမြင်နေရပါတယ်။

တချို့ကတော့လည်း ပြောကြတယ် ဒီပွဲက မရှုမလှနဲ့ ဘဝကူးသွားခဲ့ရလေသူ ဟိုဘက် တစ်ခေတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ကနေ ဦးနေဝင်း လက်ထဲ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အာဏာပြောင်းပေးတဲ့ပွဲလို အတူတူနဲ့ အနူနူပါပဲ။ ဒါပေမဲ့ တကယ်တမ်းကြည့်ရင် ဒီနှစ်ခုက ဆင်သာဆင် ထပ်တူမကျပါဘူး။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို ပြန်ကြည့်ရင် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ နဲ့ ၂ဝဝဂ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွေဟာ တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ သီးခြား ခေတ် တစ်ခုစီကို ဖော်ဆောင်ခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတွေ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်တုန်းက ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ ပြည်သူတွေကနေ ဒီမိုကရေစီနည်းကျ မဲပေးပြီး ရွေးကောက် တင်မြောက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို အမျိုးသား ခေါင်းဆောင်ကြီးတွေ အပါအဝင် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေက ရေးဆွဲပေးခဲ့တဲ့ ပြည်သူ့ဆန္ဒ အစစ်အမှန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။

နောက် ၁၉၇၄ ဥပဒေ ဒီ ဥပဒေကတော့ ကမ္ဘာကြီးပေါ်မှာ လက်ဝဲလေတွေ ထန်နေတုန်း အဲဒီ လေထဲမှာ ခိုစီးလိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လက်ဖြစ် အညမည ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါပဲ။ စစ်အာဏာရှင်စံနစ်ကို ဆိုရှယ်လစ် အရေခြုံဖု့ိ လုပ်ခဲ့တဲ့ဥပဒေပါ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တာခြင်းမှာတော့ ၂ဝဝ၈ နဲ့ တူပါတယ်၊ ဒါပေမဲ့ ၇၄ တုန်းက ဦးနေဝင်းဟာ ပြည်သူတွေကို ပိပိယိယိနဲ့ လိမ်လည်လှည့်ဖျား နိုင်ခဲ့ပါသေးတယ်။

သိမ်သိမ်မွေ့မွေ့နဲ့ ကောက်ကျစ်မှုလို့ ဆိုရမှာပေါ့။ ဥပဒေ မူကြမ်းကို ပြည်သူတွေကြားထဲ ကြိုကြိုတင်တင်ချပြ၊ အကြံပြုချက်၊ ဝေဖန်ပြင်ဆင်ချက်တွေကိုတောင်မှ ပြင်ပေးတာမပေးတာ အပထား မင်သေသေနဲ့ ရအောင် ယူခဲ့သေးတာပါ။ အဲ့ဒီ ဥပဒေမှာ ပြည်သူတွေ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။

အခု ၂ဝဝ၈ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ ဥပဒေကကျတော့ စစ်ဧကရာဇ်ရဲ့ အစွယ်ကို ဒီမိုကရေစီ ပဝါနဲ့ ဖုံးဖို့ ကြိုးစားခဲ့တဲ့ အဓမ္မ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဖြစ်သွားပါပြီ။ ဥပဒေ တစ်ခုလုံး စစ်အာဏာရှင်အတွက် ဖြစ်နိုင်ဖို့ လက်ညှိးထောင်ခေါင်းညိတ် ပုတ်သင်ညိုတွေကို ညောင်နှစ်ပင်လှောင်အိမ်ထဲ မောင်းသွင်းပြီး တစ်ဖက်သတ် တိတ်တိတ်ရေးလာခဲ့တဲ့ ဥပဒေပါ၊ ဒီ ဥပဒေကို ပြည်သူတွေကို အသိပေး ရှင်းပြတာမျိုး လုံးဝမလုပ်ဘဲ နာဂစ်မုန်တိုင်းကြီးအောက်မှာ မြန်မာပြည်သူတွေ စိတ်ဒုက္ခရောက်နေတုန်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဆိုတာနဲ့ လည်ပင်းဖျစ်ပြီး အတည်ပြုချက် လုပ်ယူခဲ့တာပါ။

အခုတော့ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးကို အခိုင်အမာ ထပ်ပြုပေးရမယ့် ရွေးကောက်ပွဲကြီးဟာ လပိုင်းပဲ လိုပါတော့တယ်၊

စစ်အုပ်စုကပဲ ကြီးစိုးထားတဲ့ စစ်အာဏာရှင်အလိုတော်ရိ ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတော်ဘ္စÖာ။ နိုင်ငံတော်အာဏာ။ တွေကိုဖောဖောသီသီအသုံးပြုပြီး ရွေးကောက်ပွဲပြေးလမ်းပေါ်မှာ တစ်ကောင်တည်းပြေးတဲ့မြင်းလို အရှိန်အဟုန်နဲ့ ပြေးနေပါပြီ၊ ပြိုင်ဘက်တွေကတော့ နာလန်မထူနိုင်ကြပါဘူး၊ ဒီလိုဖြစ်အောင်လည်း အနဖက ရွေးကောက်ပွဲဥပဒေအပါအဝင် အတားအဆီး အခက်အခဲ ကောက်ကျစ်စဉ်းလဲမှုမိုျးစုံနဲ့ ပြေးလမ်းမှာ ခြေထိုးခံထားတာပါ၊

ဒါလည်း သူ့ဘက်ကကြည့်တော့ အလွန်သဘာဝကျသလောက် လုပ်ထိုက်ပါပေတယ် လို့ပြောရမှာပါ၊

ဘာကြောင့်ဆို ၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတုန်းက သမာသမတ်မ္ခသယောင်ယောင် အတတ် ဆန်းခဲ့မိလု့ိ တပ်မတော်အပါအဝင် ပြည်သူတွေရဲ္ကတခဲနက်ထောက်ခံမှုနဲ့အမိုျးသားဒီမိုကရေစီအဖွဲ္ကခုျပ်က မြေပြိုသလို အနိုင်ရ လိုက်ခဲ့တာကို နအဖကြီး သေရာပါ နောင်ကျဉ်သွားခဲ့ပါပြီ၊

ဒီတစ်ခါတော့ တရားတာမတရားတာ။ လွတ်လပ်တာမလွတ်လပ်တာအသာထား စစ်အာဏာ လက်မလွတ်ရဖို့ ဥပဒေတွေ မှန်သမျှ တစ်ဖက်သတ်ဆွဲပစ်လိုက်တယ်။ ရွေးကောက်ပွဲဆိုတာကိုလည်း အတုအယောင်လို့ ပြောပြော၊ ဟန်ပြလို့ဆိုဆို၊ မတရားဘူးလို့ မြင်မြင်၊ ကိုယ်တိုင် အပိုင်မွေးမြူးထားတဲ့ ခြင်္သေလေး အနိုင်ရမှ ဖြစ်မှာမို့ သေချာအောင် ပြိုင်ဘက်တွေကို လည်ပင်းနင်းထားပေးရတယ်။ မတရားဘူးလို့ ဘယ်အကောင်က ပြောပြော။ ကမ္ဘာမကလို့ စကြာဝဠာကြီးကပဲ ပြောပြော ကြံ့ဖွတ် အနိုင်ရအောင် လုပ်ရမှာပဲလို့ စစ်အုပ်စုက ယတိပြတ် ဆုံးဖြတ်ထားတဲ့ ရွေးကောက်ပွဲကြီးသာ ဖြစ်ကြောင်းပါခင်ဗျား။

XS
SM
MD
LG