သုံးရလွယ်ကူစေသည့် Link များ

ပြောခွင့်မရတဲ့ စကားသံ

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

ပြီးခဲ့တဲ့ ရက်ပိုင်းက ရထားလမ်းသစ် ဖွင့်ပွဲတခုမှာ ကြံ့ဖွတ်ပါတီ ဥက္ကဌကြီးလည်းဖြစ်၊ လက်ရှိ နအဖအဖွဲ့ကြီးရဲ့ ၀န်ကြီးချုပ်လည်း ဖြစ်တဲ့ ဦးသိန်းစိန်က ၂၀၁၀ နိုဝင်ဘာ (၇) ရက်ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတယ်၊ ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးတာမှန်သမျှ ထိရောက်စွာအရေးယူမယ်ဆိုပြီး ပြောသွားပါတယ်။ တကယ်တမ်းက ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ပိုပြီးတိတိကျကျပြောရရင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ဘာမှအရေးပါတဲ့ ပြောင်းလဲမှုမဟုတ်ပါဘူး။

နအဖအတွက်ကတော့ အရေးကြီးတယ်ဆိုတာ ဟုတ်ပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နအဖအတွက် အလွန်အဖိုးတန်တဲ့ အကျိုးအမြတ်နှစ်ခုရပါလိမ့်မယ်၊ တခုကတော့မတရားတဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အာဏာသက်ဝင်စေဖို့နဲ့ နောက်တခုကတော့ သူတို့ကိုယ်သူတို့တရားမ၀င်အာဏာသိမ်းအစိုးရ အဖြစ်ကနေ တရားဝင်ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအဖြစ်ပုံသဏ္ဍာန် ပြောင်းလဲဖို့ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့ကတော့ ၂၀၀၈ ဆန္ဒခံယူပွဲကို လက်မခံနိုင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်ရေးတွေကို အာမခံပေးနိုင်လိမ့်မည်လို့လည်း မယုံကြည်နိုင်ပါဘူး။ လက်လည်ခံနိုင်ပါဘူး၊ ဖြစ်စဉ်တွေအားလုံးက တဖက်သတ် အတင်းအကြပ်ပုံစံချထားတာမျိုး ဖြစ်နေတာကြောင့်ပါ၊ အတင်းအကြပ်မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဆိုတာကိုထောက်ခံပါတယ်၊ လူတိုင်းမှာ လွပ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသလို လွပ်လပ်စွာမဲပေးပိုင်ခွင့်၊ မဲမပေးပဲ နေပိုင်ခွင့်လည်း ရှိရမယ်၊ ၂၀၁၀ရွေးကောက်ပွဲဟာ လွပ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတခု ဖြစ်လာမယ်လို့ လုံးဝမမျှော်လင့်ပါဘူး။

ရွေးကောက်ပွဲ ဥပဒေကစပြီး ထောက်ပြစရာတွေ အများကြီးပါ။ ရွေးကောက်ပွဲကော်မရှင်ဆိုတာလည်း နအဖ စိတ်ကြိုက်ဖွဲ့ထားတာ၊ ဦးသိန်းစိန်နဲ့အတူ ကြံ့ဖွတ်ကနေ ရွေးကောက်ပွဲဝင်ကြမယ့် သူတွေကလည်း အစိုးရထိပ်တန်း အရာရှိကြီးတွေ ဖြစ်နေတော့ ကော်မရှင်ကိုယ်တိုင်က ကြံ့ဖွံ သြဇာခံလို ဖြစ်နေတာ၊ အရေးကြီးတာက လူတွေအနေနဲ့ကလည်း ရွေးကောက်ပွဲကို လုံးဝစိတ်မ၀င်စားကြဘူး။

နအဖကလည်း လူတွေကို အသေအချာ အသိပေးရှင်းပြရမှာ ကြောက်နေတယ်၊ ၂၀၀၈ ဆန္ဒခံယူပွဲတုန်းကလည်း အများစုက ဖွဲစည်းပုံ အခြေခံဥပဒေဆိုတာ ဘာမှန်းကို မသိလိုက်ကြပဲ အတင်းအကြပ်အတည်ပြုခဲ့တာ၊ သူတို့ဖွဲ့ထားတဲ့ ကော်မရှင်အဖွဲ့ခွဲတွေဆိုတာတောင် ရွေးကောက်ပွဲ ဥပဒေကို သေသေချာချာ သိပုံမရကြဘူး။ ခိုင်းတာလုပ်ရင်ပြီးတာပဲလို့ ထင်နေကြတာ။ ၂၀၁၀ ဟာ ပြည်သူ အများမဲမပေးတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင် ၂၀၁၀ ကို ကြံ့ဖွံ့ကအခွင့်အရေးတွေပေး စည်းရုံးထားသူတွေကလွဲလို့ ကျန်တဲ့ ပြည်သူလူထုက သပိတ်မှောက်နိုင်ခဲ့ရင် နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ခက်သွားမယ်။ အဲဒီလိုလုပ်နိုင်ခဲ့ရင် ထိရောက်တဲ့ ထိုးနှက်မှုဖြစ်တယ်၊ ပြည်သူလုထုကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ အတင်းအကြပ် ဖိအာပေးပြီး မဲထည့်ခိုင်းတာမျိုးကို လက်မခံပဲ ရဲရဲရင့်ရင့် တွန်းလှန်ကြစေချင်တယ်။ မဲမပေးပဲ နေခွင့်ရှိတယ်ဆိုတာ ပြည်သူအားလုံး နားလည်လက်ခံထားစေချင်ပါတယ်၊ ဘယ်သူကိုမှ မကြိုက်လို့ ဘယ်သူ့ကိုယ်မှ မဲမပေးတာ ဘာဖြစ်လဲ၊ မဲမပေးပဲနေလို့ ဘာဥပဒေနဲ့မှ ဖမ်းလို့မရဘူး၊ အတင်းအကြပ် မဲထည့်ခိုင်းတဲ့သူတွေသာ ဥပဒေကို ချိုးဖောက်သူတွေ ဖြစ်တယ်။ ဘာကိုမှ ကြောက်စရာမလိုဘူးလို့ ပြည်သူလူထုကို အားပေးချင်ပါတယ်။

XS
SM
MD
LG