သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်တသက်တကျွန်း ထပ်မံချမှတ်


နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားစေတယ်ဆိုတဲ့ စွဲချက်အတွက် သမ္မတဟောင်း မိုဟာမက် မော်စီကို အီဂျစ်တရားရုံးတခုက နောက်ထပ် ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။

အယ်လ် ဂျာဇီးရား ဝန်ထမ်း ၂ ဦးနဲ့ တခြား သတင်းထောက် ၁ ဦး အပါအဝင် သမ္မတဟောင်း မော်စီရဲ့ အမှုတွဲ ၆ ယောက်ကိုလည်း တရားရုံးတော်က စနေနေ့မှာပဲ သေဒဏ်ချမှတ်ခဲ့တာပါ။ သမ္မတဟောင်း မော်စီရဲ့ ရုံးမှာ အလုပ်လုပ်ခဲ့တဲ့ တခြား အမှုတွဲ ၂ ယောက်ကိုတော့ ထောင်ဒဏ် တသက် ချမှတ်ခဲ့ တာဖြစ်ပါတယ်။ စနေနေ့က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေအားလုံးကတော့ အယူခံဝင်နိုင်ပါတယ်။ သမ္မတဟောင်း မော်စီ အပါအဝင် အမှုတွဲ ၁၁ ယောက်ထဲက ၇ ယောက်ဟာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

အယ်လ် ဂျာဇီးရားသတင်းဌာနက ဝန်ထမ်း ၂ ဦးကတော့ - သတင်းထုတ်လုပ်သူ Alaa Omar Mohammed နဲ့ သတင်းအယ်ဒီတာ Ibrahim Mohammed Hilal တို့ဖြစ်ကြပြီး သေဒဏ်ပေးခံခဲ့ရတဲ့ တတိယ သတင်းထောက်ကတော့ Asmaa al-Khateib တို့ ဖြစ်ကြတယ်လို့ တရားသူကြီးက ပြောပါတယ်။ သူက သမ္မတဟောင်း မော်စီရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ အတော်လေး မသင်္ကာခံရတဲ့ Rasd မီဒီယာကွန်ယက်မှာ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှာ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေအတွက် ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုရင် - တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံအတည်ပြုချက် ရဖို့အတွက် အီဂျစ်နိုင်ငံရဲ့ Grand Mufti ခေါ် မူဆလင်ဘာသာရေးအာဏာပိုင်ရုံးကို တင်ပြရမှာဖြစ်ပါတယ်။ စနေနေ့က တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အယ်လ် ဂျာဇီးယားသတင်းဌာနက မှတ်ချက်မပေးသေးပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Amnesty International အဖွဲ့ကြီးကတော့ - သေဒဏ်ပေးမှုတွေကို ချက်ခြင်း ဖယ်ရှားပစ်ဖို့နဲ့ သတင်းထောက်တွေအပေါ် အဓိပ္ပါယ်မရှိတဲ့ စွဲချက်တွေကို ရုပ်သိမ်းဖု့ိ တောင်းဆိုခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ ပထမဆုံးအကြိမ် လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတလည်းဖြစ်၊ မူဆလင်ညီအကိုတော်များအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့ မော်စီ ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ စစ်အာဏာသိမ်း ဖြုတ်ချခံခဲ့ရတာဖြစ်ပြီး၊ တခြားအမှုတွေနဲ့ သေဒဏ်၊ တသက်တကျွန်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ ပထမအကြိမ် ပေးခဲ့တဲ့ သေဒဏ်နဲ့ တခြား ပြစ်ဒဏ် ၂ ခုအတွက် အယူခံဝင်ထားဆဲ ဖြစ်ပါတယ်။

သူ ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း - သူ့ရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို တားမြစ်ခဲ့ပြီး၊ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံခဲ့ရတာပါ။ သမ္မတဟောင်းမော်စီ ဟာ ၃၀ ရက် ဇွန်လ ၂၀၁၂ ကနေ ၃ ရက် ဇူလိုင်လ ၂၀၁၃ ခုနှစ်အထိ အီဂျစ်နိုင်ငံရဲ့ ၅ ယောက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG