သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီများ အင်တာနက် စာမျက်နှာဖွင့်ခွင့်ရ


နိုင်ငံရေးပါတီများ အင်တာနက် စာမျက်နှာဖွင့်ခွင့်ရ
နိုင်ငံရေးပါတီများ အင်တာနက် စာမျက်နှာဖွင့်ခွင့်ရ

ဒီနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ဖို့ မှတ်ပုံတင် ခွင့်ပြုချက် ရထားတဲ့ ပါတီတချို့ သူတို့ရဲ့ မူဝါဒတွေကို လူထုသိအောင် ပြောနိုင်ဖို့ ဆိုပြီး အင်တာနက် စာမျက်နှာတွေ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့လည်း အဲဒါက အကန့်အသတ်မဲ့တော့ မဟုတ်ပါဘူး။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီ တချို့ဟာ ပြည်တွင်းပြည်ပကပါ သူတို့ရဲ့ မူဝါဒတွေကို လေ့လာနိုင်ဖို့ အင်တာနက် စာမျက်နှာတွေ တင်ဖို့ ပြင်ဆင်နေကြပါတယ်။ ပြီးခဲ့တဲ့လတွေကစပြီး ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်တချို့မှာ နိုင်ငံရေးပါတီတွေ တွေ့ဆုံမေးမြန်းမှုကို စာပေစိစစ်ရေးကို ဖြတ်ပြီးမှ ထည့်သွင်းဖော်ပြခွင့် ရသလိုပဲ အခု ပါတီတွေကတင်မယ့် အင်တာနက် စာမျက်နှာတွေကိုလည်း စာပေစိစစ်ရေးကို တင်ပြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက အင်တာနက် စာမျက်နှာ တင်တာဟာ ပြည်တွင်းပြည်ပ သိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ဝက်ဘ်ဆိုတ်တင်မယ် ဆိုရင်တော့ ပါတီမူဝါဒတွေကို မြန်မာနိုင်ငံတွင်းမှာ သာမက မြန်မာနိုင်ငံ ပြင်ပမှာရှိတဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ အားလုံးလည်း လေ့လာနိုင်မယ်၊ ကျနော်တို့ပါတီရဲ့ ဆောင်ရွက်နေမှုတွေ အားလုံးကိုလည်း နိုင်ငံတကာက သိရှိသွားအောင် ကြိုးစားတဲ့ သဘောပါပဲ။ ကျနော်တို့ ဒီဝက်ဘ်ဆိုတ် တင်ပြီးရင် ကျနော်တို့ဆီက ဆောင်ရွက်နေတဲ့ အခြေအနေထဲမှာ ကျနော်တို့က ပြည်သူလူထုရဲ့ အသံတွေကို ထိထိရောက်ရောက် နိုင်ငံတကာက သိအောင်ရော၊ ပြည်တွင်းအခြေအနေ အားလုံးကိုရော ဒီဝက်ဘ်ဆိုတ်မှာ ဖော်ပြသွားမှာပါ။”

နိုင်ငံရေးပါတီတွေဟာ ပါတီမူဝါဒတွေ၊ မဲဆွယ်စည်းရုံးမှုတွေကို ရိုက်နှိပ် ဖော်ပြတာတွေနဲ့ အင်တာနက် စာမျက်နှာ တင်မယ်ဆိုရင် မှတ်ပုံတင်ကြေး ၁၀၀,၀၀၀ နဲ့ အာမခံကြေး ၅၀၀,၀၀၀ ပေးပြီး လိုင်စင် လျှောက်ထားရတယ်လို့ သိရပါတယ်။

အကယ်၍ ပါတီတွေက စစ်အစိုးရ၊ စစ်တပ်နဲ့ နအဖ အာဏာပိုင်တွေကို ထိခိုက် ပုတ်ခတ်မှုတွေ လုပ်လာရင် အာမခံငွေကို သိမ်းဆည်းပြီး အရေးယူမယ်လို့လည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီက မူဝါဒ သဘောထားတွေကို တအိမ်တက်ဆင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ အာဏာပိုင်တွေက စည်းရုံးရေး လုပ်ငန်းတွေကို ဟန့်တားတာ မရှိသေးဘူးလို့ ဦးဖြိုးမင်းသိမ်းက ဆက်ပြောပါတယ်။

“အခုချထားတဲ့ စာပေစိစစ်ရေးတို့ ဘာတို့ အခြေအနေရယ်၊ ပါတီတွေက လိုက်နာရမယ့် ရွေးကောက်ပွဲ ဥပဒေတွေရယ် ဒီအခြေအနေလောက်ပဲ ရှိပါတယ်။ တခြား အခြေအနေကတော့ ပေါ်ပေါက်လာတဲ့ အခြေအနေပေါ် မူတည်ပြီး သူတို့ဘက်ကလည်း ထပ်ထုတ်ရင် ထုတ်နိုင်တာပေါ့နော်။ အခုအခြေအနေထိတော့ ထူးခြားပြီး ဘာမလုပ်ရ၊ ညာမလုပ်ရ ထုတ်ပြန်တာ မရှိသေးပါဘူး။ ကျနော်တို့ပါတီက နယ်စည်းရုံးရေး မထွက်ရဘူးတို့၊ ဒါမျိုးဟာတွေ မရှိသေးပါဘူး။”

မြန်မာ့ဒီမိုကရေစီကွန်ယက် အထွေထွေ အတွင်းရေးမှူး စာရေးဆရာ ဝေမှူးသွင်ကလည်း အင်တာနက် စာမျက်နှာ တင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တရားဝင် ဝက်ဘ်ဆိုတ်ကတော့ စိစစ်ရေးကို ဖြတ်ပြီးမှ တင်ရမယ်။ စိစစ်ရေးကို သူတို့သတ်မှတ်ထားတဲ့ ပိုက်ဆံတွေ ဘာတွေ ပေးပြီးတော့မှ တင်ရမှာ။ အခုလောလောဆယ်တော့ ကျနော်တို့ရဲ့ Personal facebook မှာ ကြည့်လို့ရပါတယ်။ ပါတီမူဝါဒတွေ၊ ဘာတွေရော၊ ကျနော်တို့ ပြန်ကြားရေးအဖွဲ့ သတ်သတ်ထားပါမယ်။ ပြန်ကြားရေးအဖွဲ့ကမှ အကုန်လုံးကို ထုတ်ပြန်မှာပါ။”

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက အခုချိန်ထိ အင်တာနက် စာမျက်နှာလုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ အသင်းအနေနဲ့ ရှိစဉ်ကတည်းက တရားဝင် အင်တာနက် စာမျက်နှာ ရှိနေပြီ ဖြစ်ပါတယ်။

အခုချိန်ထိတော့ ၁၉၉၀ ခု ရွေးကောက်ပွဲလို ပါတီမူဝါဒတွေကို ရေဒီယို၊ ရုပ်မြင်သံကြားတွေက တင်ပြခွင့် မရှိသေးပါဘူး။

မြန်မာနိုင်ငံသားတွေ အီးမေးလ် အင်တာနက် သုံးစွဲမှု နည်းတော့ အင်တာနက် စာမျက်နှာကတဆင့် ပါတီမူဝါဒတွေကို ဖြန့်ဝေဖို့ မလွယ်ကူဘူးလို့ မြန်မာ့သတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောပါတယ်။

“ကျနော်မြင်တာက ပါတီတွေက စိတ်ကူးနည်းနည်း ယဉ်ကြည့်တာပါ။ မြန်မာပြည် အခြေအနေနဲ့ ကြည့်ရင်တော့ ဝက်ဘ်ဆိုတ်က ဝါဒဖြန့်လို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒီကနေ့ အင်တာနက် အခြေအနေ၊ တောသူတောင်သား၊ မြန်မာပြည် တနံတလျားက လူအများစုက ဘယ်လိုမှ ဝက်ဘ်ဆိုတ် မကြည့်နိုင်ဘူး၊ မကြည့်တတ်ဘူး။ ကွန်ပြူတာတောင် မသုံးတတ်ဘူး။

“အဲဒီအခြေအနေမျိုးမှာ ဒီဝက်ဘ်ဆိုတ်နဲ့ ကိုယ့်ပါတီကို လူသိအောင်လုပ်ဖို့၊ ဝါဒဖြန့်ဖို့ ကြိုးစားခြင်းဟာ ကျနော်မြင်တာတော့ အချည်းနှီး အားထုတ်ချက် ဖြစ်လိမ့်မယ်၊ ငွေကုန် လူပန်းပဲ ဖြစ်မယ်။ အခုဟာ ကန့်သတ်ချုပ်ချယ်မှုတွေကို စာပေစိစစ်ရေးကနေ တဆင့် ထပ်ပြီး ချုပ်ချယ်လာပြန်ပြီ။ ဒီကနေ့ ဒီစည်းမျဉ်းစည်းကမ်းတွေ အောက်မှာကတော့ ဘယ်လိုမှ လွတ်လပ်စွာ ပြောဟောခွင့်၊ မိမိရဲ့ မူဝါဒ သဘောထားကို လူထုသိအောင် ဖြန့်ဝေခွင့် ဘယ်လိုမှ ရမှာမဟုတ်ဘူးလို့ မြင်တယ်။”

နိုင်ငံတကာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း သမဂ္ဂ (ITU) ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထိ အင်တာနက် သုံးစွဲသူ ၁၁၀,၀၀၀ နီးပါးရှိပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ ဝ.၂% ပဲ ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG